လူပျိုလှည့်ခြင်း

လူပျိုလှည့်ခြင်း

Illustration- MAUNG NOE

လူပျိုလှည့်ခြင်းဆိုသည်မှာ လူပျိုနှင့် အပျိုတွေ့ဆုံစကားပြောခြင်းကိုခေါ်သည်။ ခေတ်စကားနှင့် ပြောလျှင် ‘ချိန်းတွေ့ခြင်း’ဟု ခေါ်နိုင်သည်။ ရခိုင်ဒေသတွင် လူပျိုလှည့်ခြင်းကို’ရွာလည်’သွားသည်ဟု ခေါ် ကြသည်။ မိမိတို့ကျေးရွာတွင်းမှာသာမကအခြားနီးစပ်ရာကျေးရွာများသို့ပါလှည့်လည်သွားလာကြသောကြောင့်ဖြစ်ပါသည်။ အခြားကျေးရွာများမှလည်း လူပျိုလှည့်ရန် ရောက်လာတတ်ကြသည်။ တစ်ရွာနှင့်တစ်ရွာ အပြန်ပြန်အလှန်လှန်လှည့်လည်သွားလာကြသည်။ ထို့ကြောင့် ရွာလည်သည်ဟု ခေါ် ဆိုကြဟန်တူပါသည်။

လူပျို၊ အပျိုဆိုသည်မှာ နုပျိုသောအရွယ်ဖြစ်သည်။အသက်အားဖြင့် ၁၈ နှစ်မှ ၃၅ နှစ်ကြားကို လူငယ်ဟု ခေါ်သည်။အရွယ်အားဖြင့် အသက် ၂ဝ မှ ၃ဝ ထိ အရွယ်ကို ဝဏ္ဏဒဿကအရွယ်ဟု ခေါ်သည်။ လှစရာရှိတာ အစွမ်းကုန်လှသော အရွယ်ပင် ဖြစ်သည်။ ကျေးလက်တောရွာများမှာ စောစောစီးစီးပင်အပျို၊ လူပျို ဖြစ်ကြရသည်။ အကြောင်းမှာ မူလတန်းကျောင်းမှလေးတန်းအောင်ပြီးတာနဲ့ လယ်ယာလုပ်ငန်းခွင် ဝင်ရောက်ကြရသောကြောင့် ဖြစ်သည်။ စာရေးသူတို့ ကလေးအရွယ် ၁၉၆ဝလောက်က လေးတန်းအောင်ပြီး မြို့ကျောင်းတက်ကာ အလယ်တန်းပညာကို ဆက်လက်သင်ယူသူ မရှိပေ။ မူလတန်းပြီးလျှင်ကျောင်းပြီးသွားကြသည်။ ကျောင်းပြီးသွားသည်နှင့် တစ်ပြိုင်နက် မိန်းကလေးများကို အပျိုထောင်စာရင်း သွင်းလိုက်သည်။ယောကျ်ားလေးများကို လူပျိုထောင်စာရင်း သွင်းလိုက်သည်။လက်ထပ်ပြီးသူများကို အိမ်ထောင်ကျပြီဟု ခေါ်ဆိုသကဲ့သို့ပင်လူပျိုစာရင်း၊ အပျိုစာရင်း ရေးသွင်းလိုက်ခြင်းကို လူပျိုထောင်ဝင်ပြီ၊ အပျိုထောင်ဝင်ပြီဟု ခေါ်ကြသည်။

လူပျို၊ အပျိုထောင်ကို လူပျိုကြီး၊ အပျိုကြီးများက ဦးစီးခေါင်းဆောင်ကြသည်။ လူပျို၊ အပျိုထောင်တွင် စည်းကမ်းချက်များကို လိုက်နာကြရသည်။ လိုအပ်ရင် လိုအပ်သလို အပျို၊ လူပျိုစုံညီအစည်းအဝေးများ ပြုလုပ်ရသည်။ ထိုအစည်းအဝေးမှ လူပျိုကြီးတစ်ဦး၊ အပျိုကြီးတစ်ဦးကို ရွေးချယ်ရသည်။ လူပျိုများသက်သက် အစည်းအဝေးလုပ်မည်ဆိုလျှင် ဗုံသုံးချက်ခေါက်လျှင် စုံညီရသည်။ အပျိုများ စည်းဝေးလိုလျှင် မောင်းသုံးချက်တီးရသည်။အများအားဖြင့် အပျို၊ လူပျိုများသည် ကျေးရွာအရပ်လူကြီးများ၏ အုပ်ချုပ်မှုအောက်တွင် ကျေးရွာ သာယာစည်ပင်ရေးကို ကူညီလုပ်ဆောင်ကြရသည်။ ရှင်ပြုပွဲ၊ အလှူပွဲများတွင် ထင်းခွေ၊ ရေခပ်ပေးကြရသည်။ အလှူပွဲလာ ဧည့်သည်များကို ကျွေးမွေးဧည့်ခံရသည်။ မိမိတို့ကျေးရွာနှင့် ကူးလူးဆက်ဆံမှုရှိသော အခြားကျေးရွာများနှင့်လည်း သွားလာ ဆက်ဆံကြရသည်။ အတုယူဖွယ်ရာတစ်ခုမှာ အပျို၊ လူပျို ကောက်စိုက်အသင်းကို ထူထောင်ပြီး စပါးစိုက်ရာသီတွင် သီတင်းတစ်ပတ်လျှင် တစ်ရက်ကို ရန်ပုံငွေရရှိရေးအတွက် ကောက်စိုက်အငှားလိုက်ရသည်။ သီတင်းကျွတ်သောအခါ ကောက်စိုက်ခရငွေဖြင့် ကျေးရွာဘုန်းကြီးကျောင်းတွင်အလှူအတန်းပြုလုပ်ကြသည်။ ဘုန်းကြီးကျောင်းတွင် လိုအပ်နေသော ဒန်အိုး၊ ပန်းကန်လုံး၊ ပန်းကန်ပြားမှ အစ မှန်ဗီရို၊ မှန်စီရွှေချမှန်တိုင်များ လှူဒါန်းလေ့ရှိကြသည်။ လှူဒါန်းခဲ့သော မှန်ဗီရို၊ မှန်စီရွှေချ မှန်တိုင်းများတွင် အပျို၊ လူပျို ကောက်စိုက်အသင်းကောင်းမှုဟု စာတန်းထိုးထားလေ့ ရှိကြသည်။

လူပျို၊ အပျိုများသည် ကျေးရွာစည်ပင်သာယာရေးအတွက်တစ်ဖက်တစ်လမ်းက ကူညီဆောင်ရွက်ရသကဲ့သို့ မိဘတို့၏လယ်ယာလုပ်ငန်းခွင်တွင်လည်း ရာသီမလပ် ပါဝင်လုပ်ကိုင်ကြရသည်။ ယင်းသို့ အလုပ်လုပ်နေရင်း အားလပ်ချိန်များတွင် လူပျိုနှင့် အပျို တွေ့ဆုံစကားပြောဆိုခြင်းများ ရှိတတ်ကြသည်။ မိုးရာသီတွင် မိဘများနှင့်အတူ တောင်သူလုပ်ငန်းတွင် တစ်မိုးလုံး ရုန်းကန်အလုပ်လုပ်ကြရပြီး မိုးလေကင်းလွတ်သော သီတင်းကျွတ်အချိန်မှ စကာ နောက် မိုးမကျမီ အချိန်အထိ လူပျိုနှင့် အပျို တွေ့ဆုံစကားပြောလေ့ ရှိကြပါသည်။

လူပျိုလှည့်ခြင်းသမိုင်းကြောင်းကို အနည်းငယ် ပြန်လည်ပြောပြလိုပါသည်။ စာရေးသူတို့ မမွေးဖွားမီ ကာလ ၁၉၅ဝ မတိုင်ခင်က လူပျိုလှည့်ရာတွင် လူပျိုနှင့် အပျို လူချင်းတွေ့ဆုံစကားပြောရခြင်း မဟုတ်ဘဲ လူပျိုက အပျိုအိပ်ရာ ခေါင်းရင်းဘက် တစ်နေရာမှ အိမ်၏ ထုတ်တန်း၊ လျှောက်တန်းပေါ်မှ ဖြစ်စေ၊ ပုဆိုးကွင်းကို တစ်နေရာမှာ ချိတ်ဆွဲပြီး ပုခက်လို ခိုစီးကာဖြစ်စေအပြင်ဘက်မှနေ၍ စကားပြောရသည်။ ‘အောက်တွဲ’ လူပျိုလှည့်ခြင်းဟု ခေါ်သည်။ အသံသာ ကြားရပြီး ရုပ်ကို မမြင်ရသော စနစ်ဖြစ်သည်။ ကြားသာကြားရ မမြင်ရ မောင့်ကိုဟု ဆိုနိုင်သည်။

စာရေးသူတို့ ကျောင်းသားအရွယ် ၁၉၆၉ ခုနှစ်လောက်မှာတော့ အပျိုနဲ့ လူပျို လူချင်းတွေ့ဆုံစကားပြောကြသည်။ ယင်းကို’အပြင်ထုတ်’ လူပျိုလှည့်ခြင်းဟု ခေါ်ပါသည်။ မိန်းကလေးတစ်ဦးကို ဒီနေ့ညနေ စကားပြောမည်ဆိုလျှင် နေ့လယ်နေ့ခင်းကပင်ကြိုတင်ကာ ဒီနေ့ည ‘အပြင်ထွက်ခဲ့ပါလား’ဟု ကြိုတင်ချိတ်ဆက်ရသည်။ ည ၁ဝ နာရီ ၁၁ နာရီလောက်မှာ ထိုမိန်းကလေးအိပ်ရာအောက်က သွားနှိုးရပါသည်။ မိန်းကလေးကလည်း အိမ်ပေါ်မှအသာအယာဆင်းလာကာ အိမ်အနီးတစ်နေရာမှာ စကားလက်ဆုံ ပြောကြပါသည်။ လူပျိုနှင့် အပျို တွေ့ဆုံစကားပြောရန် လွယ်လွယ်နဲ့ ပြောရသည်ဟု မထင်လိုက်ပါနှင့်။ အကြိမ်ကြိမ်အခါခါကြိုတင်ချိတ်ဆက်ပြီးမှ ပြောကြရသည်။ မိန်းကလေးကလည်းနေမကောင်းတာတို့၊ မနက်ဖြန် မနက်စောစောထပြီး ဆွမ်းဟင်းချက်ရမှာမို့ ဒီနေ့ည လက်မခံနိုင်ဟု ငြင်းဆိုတတ်ကြသောကြောင့်ဖြစ်ပါသည်။

လူပျိုများသည် လူပျိုအရွယ် ရောက်သောအခါ လူပျို ၅ ဦးမှ ၁ဝ ဦးထိ စုဖွဲ့အိပ်ကြသည်။ လူပျိုရိပ်သာဟု ခေါ်နိုင်သည်။ လူပျိုရိပ်သာအိမ်သည် ရွာအလယ်ရှိ အိမ်ကြီးတစ်အိမ်၏ အပြင်ဘက်အမိုးအောက်တွင် အဖီလေးဆွဲကာ နေလေ့ရှိကြသည်။ ညဘက်အချိန် အထွက်အဝင် လွယ်ကူစေရန်ဖြစ်သည်။ လူပျိုရိပ်သာများတွင် အများဆုံးတွေ့ရသောပစ္စည်းမှာ မှန်နှင့် ခေါင်းဘီးဖြစ်သည်။တွံတေးသိန်းတန်၊ ဝင်းဦး၊ ချစ်စံပယ်တို့ ရုပ်ပုံပါသော သီချင်းစာအုပ်လည်း တွေ့ရသည်။ ပဋာစာရီ မပဒါကဲ့သို့ အဆိုအငိုအလွမ်းတေးသီချင်းစာအုပ်များလည်း ရှိသည်။ တချို့လူပျိုများက ဝါးပလွေမှုတ်လေ့ရှိကြသည်။ အပျိုများမှာလည်း သင့်တော်သောအိမ်တွင် လေးငါးဦး စုပေါင်းအိပ်လေ့ ရှိကြသည်။

တစ်ခါတစ်ရံ အခြားကျေးရွာများမှ အာဂန္တုလူပျိုများ လူပျိုလှည့်ရန် ရောက်လာတတ်ကြသည်။ လူပျိုကြီးထံ သတင်းပို့ရသည်။ အာဂန္တုလူပျိုသုံးယောက်ဆိုလျှင် ရွာခံလူပျိုများက မိန်းကလေးသုံးယောက်ကို ဒီနေ့ည အာဂန္တုလူပျိုနဲ့ စကားပြောဆိုဖို့ရန် ကြိုတင်ချိတ်ဆက်ရသည်။ မဖြူ၊ မနီ၊ မဝါ သုံးယောက်ကလည်းလက်ခံရန် သဘောတူရသည်။ အာဂ္တုလူပျိုများသည် ညဦးပိုင်းတွင် ရွာခံလူပျိုရိပ်သာတွင် နားနားနေနေ စောင့်စားနေရသည်။ည ၁ဝ နာရီ၊ ၁၁ နာရီ အချိန်လောက်တွင် ရွာခံလူပျိုများက မဖြူ၊မနီ၊ မဝါတို့ အိပ်ရာအောက်မှ သွားရောက်နှိုးပေးကာ အာဂန္တုလူပျိုနှင့် သင့်လျော်ရာ အိမ်အောက်တစ်နေရာမှာ တွေ့ဆုံပေးရသည်။ အပျိုနှင့် လူပျိုသည် စကားပြောသံကြားရုံ ငါးပေအကွာအဝေးခန့်လောက်က နေကာ စကားပြောရသည။် ရွာခံလူပျိုများကလည်း ဘေးပတ်ဝန်းကျင်က လမ်းလျှောက်ကာ မိမိတို့ကျေးရွာမှ အပျိုကိုစောင့်ရှောက်ပေးရသည်။ နှစ်နာရီခန့်လောက် လက်ခံစကားပြောပြီးသောအခါ အာဂန္တုလူပျိုက လူပျိုရိပ်သာသို့ လာပြီး ရွာခံလူပျိုများနှင့်အတူ အိပ်ကြသည်။ နံနက်စောစော မိုးမလင်းမီ ကိုယ့်ရွာသို့ အရောက်ပြန်သွားကြသည်။ မိန်းကလေးတို့မှာလည်း မိမိတို့အိပ်ရာသို့ ပြန်ဝင်ကာ အိပ်ရေးဝဝ အိပ်တော့သည်။တောလက်ကျေးရွာ ဓလေ့သဘာဝအရ အပျိုနှင့် လူပျိုများ ဆယ်စုနှစ်ပေါင်းများစွာ အခုလိုတွေ့ဆုံစကားပြောခဲ့ကြသော်လည်း တစ်စုံတစ်ရာ ပြဿနာပေါ်ပေါက်သည်ဟု မကြားဖူးပါ။ ကျေးလက်က လူပျို၊ အပျိုတို့၏ ကိုယ့်ကျင့်သိက္ခာ စောင့်ထိန်းခြင်းဓလေ့မှာ မှတ်သားလောက်စရာပင်ကောင်းလှပါသည်။

စာရေးသူတို့ငယ်စဉ်က အဘိုးအဖီးအရွယ် ယောကျ်ားကြီးများတွင် ထိုးကွင်းမင်ကြောင် ထိုးထားသည်ကိုတွေ့မြင်ရပါသည်။ ထိုးကွင်းမင်ကြောင် ထိုးရခြင်းအကြောင်းကို ဆန်းစစ်ကြည့်သောအခါ ထိုးကွင်းမင်ကြောင် မထိုးသူမှာ ယောကျ်ားမပီသ၊ သတ္တိ၊ ဗျတ္တိ မရှိ၊ လူညံ့၊ လူပျော့၊ ရဲရင့်ပြတ်သားစွာ ရင်မဆိုင်နိုင်သူအဖြစ် သတ်မှတ်ခြင်း ခံရတတ်သောကြောင့် ဖြစ်သည်။ ထိုးကွင်းမင်ကြောင်မရှိသူကို မိန်းကလေးတွေကလည်းအားမကိုး၊ အချစ်ရေး၊ အိမ်ထောင်ရေးအတွက် ထိုးကွင်းမင်ကြောင်ရှိသူများကိုသာ ရွေးချယ်တတ်ကြသည်။ အချစ်ရေး၊ အိမ်ထောင်ရေးစန်းပွင့်လိုလျှင် အနာခံပြီး ထိုးရသည်ဟု လူကြီးများပြောပြသည်ကို နားထောင်ခဲ့ရပါသည်။

စာရေးသူတို့ကျောင်းသားအရွယ် ၁၉၆၉ ခုနှစ် ဝန်းကျင်လောက်တွင် လူပျိုလူရွယ်များမှာ ကျင်ကိုင်လေ့ရှိကြသည်ကိုတွေ့ရပါသည်။ ကျင်ကိုင်သည်ဆိုသည်မှာ နပန်းလုံးခြင်းကို ခေါ်ပါသည်။ ရေချိုးခါနီး ရေကန်အနီးတွင် လူပျိုအချင်းချင်း ကျင်ကိုင်နေကြသည်ကို မြင်ရသည်။ ကျင်ကိုင်ခြင်းမှာ ကိုယ်ကာယလေ့ကျင့်ခန်း ပြုလုပ်ခြင်းဖြစ်သည်။ လူပျိုတချို့မှာ ကျောက်ခဲလုံးကြီးကို အခေါင်းဖောက်ကာ အလေးမနေကြသည်ကိုလည်း တွေ့ရသည။် ကာယဗလ လှပစေရန် ဖြစ်သည်။ ဒီလိုဘာကြောင့် လုပ်ကြသလဲဟု ဆန်းစစ်ကြည့်သောအခါ မိန်းကလေးတွေက ကာယဗလ အားကောင်းမောင်းသန်များကို ပိုမိုနှစ်သက် သဘောကျသောကြောင့် ဖြစ်သည်။ မိန်းကလေးရှင်မိဘများက သမက်လောင်းရွေးချယ်ရာမှာလည်း ပညာရေးအဆင့်ကို ဦးစားပေးရွေးချယ်လေ့မရှိပေ။ ပညာရေးအဆင့်မှာလည်း ကျား၊ မ အားလုံး အတူတူပင်ဖြစ်သည်။ မူလတန်းပြီးလျှင်ကျောင်းထွက်ကြရသောကြောင့် ဖြစ်သည်။ ထို့ကြောင့် မိဘများက ကိုယ်ကာယ ဖွံ့ဖြိုးကြီးထွားမှု၊ ဝီရိယကောင်းမှု၊ အကျင့်စာရိတ္တ ကောင်းမှုတို့ကိုဦးစားပေး ရွေးချယ်လေ့ရှိကြသည်။ မိန်းကလေးရှင်ဘက်မှအမှတ်ပေးစည်းမျဉ်းကို သိထားကြသော ကိုကာလသားတွေမှာကိုယ်ကာယ သန်မာထွားကျိုင်းအောင် အလေးမကြရတော့သည်။ ကျင်ကိုင်ကစားကြရသည်။

ကျင်ဟူသော ဝေါဟာရနှင့်ပတ်သက်၍ အဓိပ္ပာယ်ဖွင့်ဆိုရာတွင် ကျင်ဟူသည်မှာ ကျားနှင့် ယင်ဟူသော ဝေါဟာရနှစ်လုံးကိုပေါင်းစပ်ရာမှ ထွက်လာသော အသံဖြစ်သည်။ ကျားယင်မှ ကျင်ဖြစ်လာသည်။ ကျားကဲ့သို့ လျင်မြန်ဖျတ်လတ်ရကြောင်းကိုဆိုလိုသည်။ ကျားယင်ကစားနည်းကို အခြေခံသော နပန်းသတ်ပွဲဖြစ်သည်။ ရခိုင်တို့က ကျင်ကိုင်သည်ဟု ခေါ်သည်။ ကျားယင်ကစား ရာတွင် ကျားကနှစ်ကောင်၊ ယင်က အကောင်နှစ်ဆယ်ရှိသည်။ ကျားက ယင်ကို ဖမ်းရသည်။ ယင်က ကျားကို မဖမ်းနိုင်ချေ။ မတိမ်းမစောင်းအောင်၊ မလှုပ်ရှားနိုင်အောင် ယင်က ကျားကို ဝိုင်းထားရသည်။ ကျားကို ယင်က ရှောင်တိမ်းပြီး ပိတ်ကစားနိုင်လျှင် ယင်ကအနိုင်ရသည်။ မရှောင်နိုင်လျှင် ကျားစာခံရ၍ ရှုံးသည်။ ကျားက အအုပ်အဖမ်း၊ယင်က အရှောင်အတိမ်း၊ အပိတ် အဆို့တို့ဖြင့် ကစားရသောကစားနည်းဖြစ်သည်။ကျားယင် ကစားနည်းကို အခြေခံလျက် ကျင်ကိုင်ရာတွင် တစ်ဦးကအဖမ်း၊ တစ်ဦးက အခံလုပ်ကာ တစ်ဦးကို တစ်ဦး မြေသို့ ကျအောင်လုပ်ရသည်။ တစ်ဦးလျှင်အဖမ်းတစ်လှည့်၊ အခံတစ်လှည့် ကစားကြရသည်။

ကျင်ပွဲကို ကျင်ပညာကျွမ်းကျင်သော ဒိုင်လူကြီးများက ကြီးကြပ်လျက် အနိုင်အရှုံးကို အဆုံးအဖြတ်ပေးကြသည်။ကျင်ကစားနည်းပေါင်း သုံးဆယ်ကျော်ရှိသည်။ ရခိုင်ဒေသတွင် ပွဲလမ်းသဘင်များတွင် ကျင်ပွဲကို ထည့်သွင်းကျင်းပလေ့ရှိသည်။ ရွှေမောင်းတန်း၊ငွေမောင်းတန်း၊ ရိုးရိုးတန်းဟု အဆင့်သုံးဆင့် ကျင်းပလေ့ရှိသည်။ကျင်ပွဲသို့ နာမည်ကျော် ကျင်သန်ကြီးများ လာရောက်ဝင်ပြိုင်လေ့ရှိသည်။ ကျင်ပွဲမကျင်းပမီ ကျင်သန်ကြီးများ ကျင်ကွင်းအလှပြပုံကို မိန်းကလေးများ အထူးစိတ်ဝင်စားကြသည်။ ကျင်သန်ကြီးများသည် ယခင်က ရရှိခဲ့ပြီးသော ရွှေမောင်းကို လည်ပင်းမှာ ဆွဲလျက် ရရှိသော ဆုတော်ငွေကြေးကို ပါးစပ်ဖြင့် ကိုက်ကာ တင်သားလုံးပြောင်အောင် ကျိုက်ထားပြီး ကျင်ကွင်းထဲတွင် ဝဲကာဝိုက်ကာ ပြေးလိုက်တစ်ချက်၊ ခုန်လိုက် တစ်ချက်နှင့် အလှကွင်းပြသည်မှာ အထူးစိတ်ဝင်စားဖွယ်ကောင်း လှသည်။ မိန်းကလေးတွေ အပါအဝင် ကျင်ပွဲလာ ပရိသတ်ကလည်း ဒီဘက်လာပါဦး၊ဟိုဘက်လာပါဦးနှင့် ဆုတော်ငွေပေးကာ ဆုချလေ့ရှိကြသည်။မြန်မာတို့ ပြာသိုလ မြင်းခင်းသဘင်ပွဲတော်မှာ မင်းညီမင်းသားများကို လှပျိုဖြူများက ပန်းကုံးစွပ် ရွေးချယ်သကဲ့သို့ပင်ဖြစ်သည်။

ကိုယ့်အမည် ကိုယ်ဖော် သူတော်ခုနစ်ပါးဟု ဆိုရင်လည်းဆိုပါစေ။ စာရေးသူမှာ လူပျို ကောင်းစွာ မလုပ်ခဲ့ရပေ။ မြို့ကျောင်းတက်သူ ဖြစ်သဖြင့် ရွာမှာ လူပျိုစာရင်းတွင် မပါ။ ရွာကမိန်းကလေးတွေကလည်း သိပ်အဖက်မလုပ်ချင်ကြ။ မြို့သူ မိန်းကလေးတွေကလည်း ဒီကောင် တောသားဟုဆိုကာ အရေးမလုပ်ချင်ကြ။ ဒီလိုနဲ့ စာရေးသူမှာ တောမက မြို့မကျဖြစ်ကာမျောက်သစ်ကိုင်းလွတ် ဖြစ်ခဲ့ရသည်။ စာရေးသူဖခင်ကလည်းတစ်နှစ်တစ်တန်း မအောင်လျှင် ကျောင်းဆက်မထားဟု အမိန့်ပေးထားသဖြင့် တောသူမကြိုက်၊ မြို့သူအရေးမစိုက်သောကြားက စာကိုသာ ဖိကြိုးစားခဲ့ရာ ဖခင်အလိုကျ တစ်နှစ်တစ်တန်းအောင်မြင်ခဲ့ပါသည်။ စာရေးသူတို့ ကိုးတန်း၊ ဆယ်တန်းတုန်းကတချို့ကျောင်းသားတွေ ရည်းစားစာ ပေးတာကိုတော့ မြင်ဖူးလိုက်ပါသည်။ စာရေးကိရိယာအရောင်းဆိုင်မှာ ပန်းပွင့်လှလှပါစာအိတ်များ၊ ရောင်စုံစာရေးစက္ကူများ ခေတ်စားသည်။ ရည်းစားစာ ပေးရန် ကြားက အောင်သွယ်တော်တစ်ဦး ပါရသည်။ အောင်သွယ်တော်ကို လက်ဖက်ရည်တိုက်ရသည်။ မိန်းကလေးဆီက စာအုပ်ငှားရသည်။ စာအုပ်ပြန်ပေးသောအခါ စာအုပ်ကြားမှာ ရည်းစားစာကို ထည့်ပေးလိုက်ရသည်။ နောက်ဆုံးမှာတော့ ရည်းစားထားသူတွေမှာ စာမေးပွဲကျကာ ကျောင်းထွက်သွားကြတာကိုမြင်ဖူးလိုက်ပါသည်။

စာရေးသူတို့ရွာမြောက်ဘက်တွင် ပေ ၁၅၀ ခန့်ကျယ်သောချောင်းကြီးတစ်ချောင်း ရှိသည်။ ချောင်းမြောက်ဘက်ကမ်းကျေးရွာများကို သွားလာနိုင်ရန် ဝါးတံတားတစ်ခု ထိုးထားပါသည်။ ဝါးတံတားမှာ ချောင်းရေတိုက်စားသဖြင့် တစ်ခါတစ်ရံ ပျက်စီးသွားတတ်ပါသည်။ စာရေးသူတို့ရွာမှ လူပျိုတစ်သိုက်သည် ထိုဝါးတံတားပျက် ခြေနင်းစရာမရှိ ဖြစ်နေချိန် မပျက်ဘဲ ကျန်ခဲ့သော ဝါးလက်ကသုံးကို သက်စွန့်ဆံဖျား တွဲခိုစီးကာ ဟိုဘက်ကမ်းသို့ ကူးသွားကြပါသည်။ အချစ်ရှာပုံတော်ဖွင့်ရာတွင် သူရဲကောင်းများဟုပင် ဆိုရလောက်ပါသည်။ ထို့ကြောင့်လည်း ဆရာတော်ဆန္ဒာဓိကက ‘အချစ်ဆိုတာ အပူလောင်ဆုံး အနှိုင်းမဲ့မီးလို့ ဘယ်လိုပင်ပြောပြော ပုထုဇဉ်နယ်ပယ်မှာတော့ အချစ်ဟာ ဟင်းတိုင်းပါတဲ့ဆားလို မပါမဖြစ် ဖြစ်နေတတ်တယ်။ ငရုတ်သီးထဲက ပိုး အပူမကြောက်သလို ပုထုဇဉ်တွေဟာလည်း အချစ်ကို ပူလောင်တယ်မထင်ကြ။ သစ်ပင်မှာ အမြစ်ရှိသကဲ့သို့ လူမှာ အချစ်နဲ့ အသက်ရှင်နေကြတယ်’ ဟု ဆရာတော် စာတစ်အုပ်တွင် ရေးပြဖူးလေ၏။

အထက်အကြောင်းအချက်များကို ထောက်ချင့်လျက်ဆရာမြသန်းတင့်၏ ‘ကျွန်တော်ဆက်၍ ရေးချင်သော ဝတ္ထုများ’စာအုပ်မှ တောမတ်ဟဒိ၏ ကဗျာတစ်ပိုဒ်ဖြင့် နိဂုံးချုပ်ပါရစေ။တောမတ်ဟဒိက ‘စိမ်းညို့သောတောခင်တန်းမှ သစ်ပင်များတွင်ကျည်ဆန်ရာတွေ မွမွကြဲနေကြသည်။ ကျေးရွာတို့မှာ မီးလောင်မြေအတိ ဖြစ်နေသည်။ ပေါက်ကွဲသံများသည် အဝေးမှ မြည်ဟည်း ထွက်ပေါ်လာကြသည်။တောစပ်လယ်ကွင်းထဲတွင် လယ်သမားများ လယ်ထွန်လျက်ရှိကြသည်။ ချစ်သူနှစ်ဦးတို့သည်တစ် ယောက်ခါးကို တစ်ယောက်ဖက်လျက် အဝေးတစ်နေရာတွင်ပျောက်ကွယ်သွားကြလေသည်’ဟု ရေးသားခဲ့ပါသည်။ တောမတ်ဟဒိက ထိုကဗျာကို လူပျိုများ ပြိုကွဲချိန်ဟု အမည်ပေးထားပါသည်။ စစ်တွေ ဘယ်လောက်ပဲဖြစ်ဖြစ် လယ်သမားက လယ်ထွန်မြဲ၊ ချစ်သူတို့က အချစ်စခန်းဖွင့်ကြဆဲဟု ဆိုလိုက်ခြင်းဖြစ်ပါသည်။ တိုင်းရေးပြည်ရေး ဘယ်လိုပင် ရှုပ်ထွေးနေပါစေ၊ ဝမ်းရေးနှင့် လွမ်းရေးကတော့ ရှိနေမြဲသာ။      ။

၂၀၁၇-ဇွန်လထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၇)မှ အက်ဆေး ဖြစ်ပါသည်။

ကိုကြီးကျော်(ပုဂံ) ရေးသည်။

အမျိုးအစား - အက်ဆေး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."