ရန်ကုန် – ၂၀၂၄ ဇူလိုင် ၂၃ (မော်ကွန်း)
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးမြို့အဝင် တပ်ရင်းတွေမှာ မနေ့ကနဲ့ ဒီနေ့မနက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်ခဲ့ပြီး လားရှိုးမြို့အတွင်းပိုင်းထိ ကိုးကန့်တပ်ဖွဲ့ (MNDAA) တွေ ထိုးဖောက်ဝင်လာရောက်လာပြီလို့ တိုက်ပွဲအခြေအနေကိုသိတဲ့ ဒေသခံတချို့က ပြောပါတယ်။
မနေ့က မနက်ပိုင်းကစပြီး လားရှိုးမြို့ ရေကန်တောင်အနီးက စစ်ကောင်စီတပ်ရှိရာ ခမရ ၅၂၂ အနီးထိ တိုက်ပွဲတွေ ပြင်းထန်နေသလို လားရှိုးမြို့ရဲ့ မြောက်ဘက် မိုင်းယော်ဘက်အထွက်လမ်းမှာရှိတဲ့ ခလရ ၆၈ အနီး၊ လားရှိုးမြို့အဝင် ဆိုင်းဘုတ်အနီးမှာလည်း တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ လားရှိုးစစ်ဘေးရှောင်တွေကို ကူညီနေတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိတိုက်ပွဲပြင်းထန်နေတဲ့ နေရာတွေဟာ လားရှိုးမြို့ရဲ့အတွင်းပိုင်းက တပ်ရင်းတွေဖြစ်ပြီး MNDAA တပ်တွေဟာ မြို့အတွင်းထိ ထိုးဖောက်လာနိုင်ပြီလို့ သုံးသပ်လို့ရတယ်လို့ ၎င်းဒေသခံက ပြောပါတယ်။
“ဒီ ခမရ ၅၂၂ ရေကန်တောင်ဆိုတာ လားရှိုးကားကြီးဝင်းကိုကျော်လာပြီး ရောက်တဲ့နေရာပေါ့။ အဲဒီဘက်ရော မြောက်ဘက်ပိုင်းက မြို့အစပ်ကရပ်ကွက်တွေမှာပါ ကိုးကန့်တပ်တွေဝင်လာပြီလို့ ပြောလို့ရတယ်ဗျ။ ပတ်ပတ်လည်ကဝင်တိုက်နေတာလို့ ပြောလို့ရတယ်” လို့ ၎င်းက ပြောပါတယ်။
လားရှိုးမြို့မှာ မနေ့က မနက်ပိုင်းကနေ ဖြစ်ပွားတဲ့တိုက်ပွဲဟာ တိုက်ပွဲအပြင်းထန်ဆုံးဖြစ်ခဲ့ပြီး တစ်နေကုန် လက်နက်ကြီးသံ၊ လေကြောင်းကနေ ဗုံးကြဲတဲ့ တိုက်ခိုက်တဲ့အသံတွေဆူညံနေခဲ့ကာ ညပိုင်းရောက်မှ တိုက်ပွဲက အနည်းငယ် ပြန်လည်ငြိမ်သက်ခဲ့တယ်လို့ လားရှိုးဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းညီနောင်တပ်တွေ အပစ်ရပ်မယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် မြေပြင်မှာတော့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတာကြောင့် လားရှိုးမြို့ကနေ မထွက်လာရသေးတဲ့ ဒေသခံအများအပြားဟာ မြို့ကို ဆက်လက်စွန့်ခွာနေကြတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
လားရှိုးမြို့ကနေ ထွက်ခွာတဲ့ စစ်ဘေးရှောင် ကားတန်းဟာ လားရှိုးမြို့အဝင် ဆိုင်းဘုတ်အနီးထိ နေ့စဉ် တန်းစီနေကြပြီး ဒေသခံတွေဟာ မြို့ကနေ တဖွဲဖွဲနဲ့ ဆက်လက်ထွက်ခွာနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မနေ့ကတော့ မုခ်ဦးမှာတင်ပစ်နေလို့ ထွက်တဲ့ကားတွေ အကုန်ပြန်လှည့်ကြတယ်။ ဒီမနက် နည်းနည်းပြန်ငြိမ်သွားတော့ အကုန်ပြန်တန်းစီပြီး ထွက်နေကြတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
လားရှိုးမှာ MNDAA တပ်တွေ မြို့ကိုထိုးဖောက်တိုက်ခိုက်နေချိန်မှာ စစ်ကောင်စီတပ်ကလည်း MNDAA ထိန်းချုပ်နယ်မြေဖြစ်တဲ့ တရုတ်နယ်စပ်က လောက်ကိုင်မြို့ကို ဒီနေ့မနက်အစောပိုင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။
လောက်ကိုင်မြို့ တုန်ချိန်ရပ်ကွက်ထဲကို ဗုံးဆန်တွေ ထိမှန်ခဲ့ပြီး အဆောက်အဦးတွေ ထိခိုက်ပျက်စီးသွားတဲ့ ရုပ်သံဖိုင်တွေ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေပြီး လူထိခိုက်သေဆုံးမှု အခြေအနေတွေကိုတော့ သေချာမသိရသေးပါဘူး။
ယခုလ ၁၄ ရက်ကလည်း လောက်ကိုင်မြို့ တုံချိန်ရပ်ကွက်ကို စစ်ကောင်စီတပ်ဟာ ဗုံးကြဲခဲ့တာကြောင့် အရပ်သား တစ်ဦး သေဆုံးခဲ့ကာ ဟိုတယ်အဆောက်အဦးတချို့လည်း ပျက်စီးခဲ့ပါသေးတယ်။
ကိုးကန့်တပ်ဖွဲ့ (MNDAA) ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ တရုတ်နယ်စပ်မြို့တွေဖြစ်တဲ့ ချင်းရွှေဟော်၊ လောက်ကိုင်မြို့နဲ့ လားရှိုး-လောက်ကိုင် လမ်းပေါ်က သိန္နီမြို့တွေကို သိမ်းယူခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာ တရုတ်အစိုးရရဲ့ ကြားဝင်မှုနဲ့ မြောက်ပိုင်းညီနောင်အဖွဲ့တွေဟာ ယာယီအပစ်အခတ်ရပ်စဲခဲ့ပေမယ့် ပြီးခဲ့လကုန်ပိုင်းမှာတော့ ရှမ်း-မန်းစစ်ဆင်ရေးလို့ အမည်ပေးထားတဲ့ ၁၀၂၇ စစ်ဆင်ရေးရဲ့ ဒုတိယပိုင်းကို ပြန်လည်စတင်ခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးမြို့အပါအဝင်၊ မန္တလေးတိုင်းထဲက မိုးကုတ်၊ မတ္တရာ၊ စဉ့်ကူး မြို့တွေအထိ တိုက်ပွဲတွေ တကျော့ပြန်ပြင်းထန်လာတာပါ။
ပုံစာ – လားရှိုးမြို့ခံတွေ မြို့ကနေ မိုးထဲရေထဲမှာ ထွက်ခွာနေကြတဲ့မြင်ကွင်း
ဓာတ်ပုံ – Nay Myo

