ရန်ကုန်- ၂၀၂၅ မတ် ၂၉ (မော်ကွန်း)
မနေ့က လှုပ်ခတ်ခဲ့တဲ့ အင်းအားပြင်းငလျင်ကြောင့် ထိခိုက်ခံစားရသူတွေကို ကူညီဖို့ တရုတ်၊ အိန္ဒိယနဲ့ ဥရောပသမဂ္ဂက မြန်မာကို စတင်အကူအညီပေးနေပြီလို့ အသီးသီးထုတ်ပြန်ပါတယ်။
ဒီနေ့လယ်အထိ စစ်ကောင်စီထုတ်ပြန်ချက်အရ ဒီငလျင်ကြောင့် လူ ၁,၀၀၀ ကျော်သေဆုံးပြီး ၂,၄၀၀ လောက် ဒဏ်ရာရထားခဲ့ပြီလို့ ထုတ်ပြန်ပါတယ်။
မြေပြင်ကူညီကယ်ဆယ်ရေးလုပ်နေသူတွေကတော့ အရေအတွက်က ဒီထက်ပိုတိုးလာနိုင်တယ်လို့ ပြောကြပါတယ်။
တရုတ်နိုင်ငံက ဘေးအန္တရာယ်ရှာဖွေကူညီကယ်ဆယ်ရေးကျွမ်းကျင်အဖွဲ့ နှစ်ဖွဲ့ကို မြန်မာငလျင်သင့်ပြည်သူတွေကို ကူညီဖို့ စေလွှတ်ထားသလို ယွမ်သန်း ၁၀၀ ပံ့ပိုးမှာဖြစ်ပြီး တဲတွေ၊ စောင်တွေ၊ အရေးပေါ်ဆေးဘက်ဆိုင်ရာအထုပ်တွေ၊ အစားအစာနဲ့ သောက်သုံးရေစင်တွေကို သဘာဝဘေးသင့်သူတွေထံ ပေးပို့သွားမယ်လို့ တရုတ်သံရုံးကထုတ်ပြန်ပါတယ်။
ဒီနေ့မနက်ပိုင်း ရန်ကုန်လေဆိပ်ကိုရောက်လာတဲ့ အိန္ဒိယနိုင်ငံရဲ့ အကူအညီတွေမှာတော့ စောင်၊ တာပေါ်လင်မိုးကာ၊ သန့်ရှင်းရေးပစ္စည်း၊ sleeping bags၊ နေရောင်ခြည်သုံးမီးအိမ်၊ အစားအသောက်ထုပ်တွေနဲ့ မီးဖိုချောင်သုံးပစ္စည်းတွေ ပါဝင်ခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးအဖွဲ့နဲ့ ဆေးဘက်ဆိုင်ရာအဖွဲ့တွေလည်း ပါဝင်တယ်လို့ အိန္ဒိယသံရုံးက ထုတ်ပြန်ပါတယ်။
ဥရောပသမဂ္ဂ(EU) ကတော့ လတ်တလော ငလျင်ဒဏ်သင့်ပြည်သူတွေအတွက် ယူရို ၂ ဒသမ ၅ သန်း ကနဦးကူညီမှာဖြစ်ပြီး ဒီနှစ်အတွင်း စစ်ဘေးဒဏ်သင့် မြန်မာပြည်သူတွေအတွက် ယူရို ၃၅ သန်း ကူညီခဲ့ပြီလို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ အာဆီယံစင်တာအပါအဝင် မိတ်ဖက်နိုင်ငံတွေအနေနဲ့ မြန်မာငလျင်ဒဏ်သင့်ပြည်သူတွေကို ကူညီဖို့ မေတ္တာရပ်ခံသလို ပြည်တွင်းလူထုအနေနဲ့လည်း ဝိုင်းဝန်းကူညီကြဖို့ ပြောပါတယ်။
“ သေဆုံးမှုနဲ့ ဒဏ်ရာရရှိမှုတွေဟာ ဒီထက်တိုးလာစရာ ရှိပါတယ်။ တိုက်တွေပြိုကျတဲ့အတွက်ကြောင့် ဒီတိုက်တွေမှာ ဆယ်တင်ရေးလုပ်ငန်းတွေကို လုပ်နေဆဲဖြစ်ပါတယ်” လို့ သူက မိန့်ခွန်းမှာ ပြောတယ်။
မကြာသေးခင်က ကမ္ဘာ့နိုင်ငံအသီးသီးကို ပေးနေတဲ့ လူသားချင်းစာနာမှုအကူအညီတွေကို ဖြတ်တောက်ပိတ်ဆို့နေတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း မြန်မာငလျင်ဒဏ်သင့်သူတွေကို အမေရိကန်က အကူအညီပေးမယ်လို့ ထုတ်ပြောထားပါတယ်။

ပုံစာ- စစ်ကိုင်း၊ မန္တလေးမြို့က ငလျင်ဒဏ်သင့် အဆောက်အအုံများ၊ ရှာဖွေကယ်ဆယ်ရေးလုပ်နေသူများ၊ သေဆုံးခဲ့ကြရသူများနှင့် တရုတ်၊ အိန္ဒိယတို့ရဲ့ အကူအညီများ
ဓါတ်ပုံ- MFP, တရုတ်၊ အိန္ဒိယသံရုံး

