Photo- Supply
“ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရအဖွဲ့အနေနဲ့ လူနည်းစုအုပ်စုဝင်၊လူများစုအုပ်စုဝင်အကြားမှာ ဖြစ်ပွားတဲ့ တင်းမာမှု၊ သဘောထားကွဲလွဲမှု၊ ပဋိပက္ခပြဿနာတွေကို လက်ပိုက်ပြီး ကြည့်နေရတဲ့ အခြေအနေလို့ ကျွန်တော် လုံးဝ လုံးဝမယူဆပါဘူး။”
“အစိုးရဟာ ပြည်တွင်းပြည်ပဖိအားမျိုးစုံနဲ့ ရင်ဆိုင်နေပေမယ့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီကိစ္စရပ်ကို ကိုင်တွယ် ဖြေရှင်းနေတာ ထင်ရှားပါတယ်။ နောက်ထပ် သတိပြုသင့်တဲ့ အချက်က လူနည်းစုအုပ်စုဝင်၊ လူများစုအုပ်စုဝင် နှစ်ဖက်စလုံးမှာ ဒီသွေးဆူလွယ်၊ထိရှလွယ်တဲ့ အရေးကို ဗန်းပြပြီး ကိုယ်ကျိုးရှာအမြတ်ထုတ် အခွင့်ကောင်းယူချင်သူတွေရှိနေတဲ့ အချက်ပါပဲ။”
“လူနည်းစုအုပ်စုဝင်၊ လူများစုအုပ်စုဝင် နိုင်ငံသူနိုင်ငံသားတွေအနေနဲ့သတိထားသင့်တဲ့အချက်က ဒီနှစ်ဖက်အုပ်စုဝင်တွေ အားလုံးဟာ မြန်မာ့လူ့အဖွဲ့အစည်းရဲ့အစိတ်အပိုင်းတွေချည်းပဲ ဖြစ်တယ်ဆိုတဲ့ အချက်ပါပဲ။ ဒီတော့ကာ မြန်မာ့လူ့အဖွဲ့အစည်းမှာ နေထိုင်သမျှကာလပတ်လုံး အချင်းချင်း ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ၊ ချစ်သည် ဖြစ်စေ၊ မုန်းသည် ဖြစ်စေ အတူယှဉ်တွဲပြီး နေထိုင်ကြရမယ်ဆိုတာကို သတိပြုဖို့ လိုပါတယ်။”
“လူနည်းစုအုပ်စုဝင်ဖြစ်ဖြစ်၊ လူများစုအုပ်စုဝင်ဖြစ်ဖြစ် တရားဥပဒေကို လိုက်နာဖို့လိုပါတယ်။ အစိုးရအနေနဲ့လည်း တရား ဥပဒေစိုးမိုးရေးရရှိအောင် အခုလက်ရှိဆောင်ရွက်နေတဲ့ အနေအထားထက် ပိုပြီးတော့ အရှိန်အဟုန်မြှင့်တင်ဖို့ လိုအပ်မယ်လို့ယူဆပါတယ်။ ဒါကလည်း ဒေါ်အောင်ဆန်းစုကြည် တဖွဖွ သတိပေးနေတဲ့ အချက်ပါပဲ။”
“တရားဥပဒေချိုးဖောက်မှုလုပ်ရင် အမြန်ဆုံး ကိုင်တွယ်ဖြေရှင်း အရေးယူဖို့ လိုပါတယ်။တစ်ချိန်တည်းမှာပဲ သူတို့ရသင့်ရထိုက်တဲ့ နိုင်ငံသားအခွင့်အရေး ရရှိရေး၊ လူ့အခွင့်အရေးအပြည့်အဝရရှိရေးအတွက် အစိုးရအနေနဲ့ ဆောင်ရွက်ပေးဖို့လည်း လိုအပ်ပါတယ်။”
“အထူးသဖြင့် အစိုးရအဖွဲ့အနေနဲ့ ဒီကိစ္စကို ဘယ်လို ကိုင်တွယ်ဖြေရှင်းနေသလဲ ဆိုတာကိုပြည်သူလူထုနဲ့ ပြည်တွင်း ပြည်ပ အဖွဲ့အစည်းတွေ သိရှိရအောင် အချိန်မှန်မှန်သတင်းထုတ်ပြန်ပြီး ပြန်ကြားရေးလုပ်ငန်းတွေ ကောင်းမွန်အောင် ဆောင်ရွက်ဖို့လည်းလိုအပ်နေတယ်လို့ ယူဆပါတယ်”
၂၀၁၇-မေလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၆)မှ ပညာရှင် သုံးသပ်ချက် ဖြစ်ပါသည်။