( ၂၀၁၆ ဇွန်လထုတ်၊ မော်ကွန်း မဂ္ဂဇင်းအမှတ်(၃၅) တွင်ပါရှိမည့် အယ်ဒီတာ အာဘော်ဖြစ်ပါသည်။ )
အစိုးရဟောင်းထံမှ အစိုးရသစ်လက်ဆင့်ကမ်းရယူခဲ့ရသော ဆိုးမွေများစွာထဲတွင် ရခိုင်ပဋိပက္ခသည်လည်း တစ်ခုအပါအဝင်ဖြစ် သည်။ ယခင်အစိုးရက ရခိုင်ပြဿ နာအားမဖြေရှင်းဘဲ ပစ်ထားခဲ့သည်ကို အမှိုက်ကိုမရှင်းဘဲ ဖျာအောက်ထိုးထည့်ခဲ့သည်ဟု စစ်တွေမြို့မှ မြို့မိမြို့ဖတစ်ဦးက ခိုင်းနှိုင်းပြောဆိုသည်။
ထိုပြ ဿ နာအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်သည့် အစိုးရသစ်က မည်သို့ကိုင်တွယ်ဖြေရှင်းမည်ကို ပြည်တွင်းပြည်ပက စိတ်ဝင်တစားစောင့်ကြည့်နေကြသော်လည်း အစိုးရသစ်က သူ၏မူဝါဒလုပ်ငန်းစဉ်များကို ယနေ့အထိ ရှင်းပြနိုင်ခြင်း မရှိသေးပါ။ ဇွန်ဆိုလျှင် သွေးမြေကျပဋိပက္ခဖြစ်ပွားခဲ့သည်မှာ လေးနှစ်ရှိပြီဖြစ်သည်။ သို့သော် ပြဿ နာမှာ သောင် မတင်၊ ရေမကျဖြစ်နေဆဲ။ လူပေါင်း ၁၃ဝ,ဝဝဝ ကျော်မှာလည်း ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်ကြရဆဲ။
ရခိုင်ပဋိပက္ခနှင့်ပတ်သက်လျှင် အစိုးရသစ် ရင်ဆိုင်ရမည့် အဓိကစိန်ခေါ်မှုများထဲတွင် အိုးမဲ့အိမ်မဲ့များအား ပြန်လည်နေရာ ချထားရေး၊ အငြင်းပွားဖွယ် လူမျိုးနာမည်ကိစ္စဖြေရှင်းရေး၊ မတူကွဲပြားသောလူ့အသိုင်းအဝိုင်းနှစ်ခု ရင်ကြားစေ့ရေးတို့ ပါဝင် သကဲ့သို့ ၁၉၈၂ နိုင်ငံသားဖြစ်မှုဥပဒေ အကောင်အထည်ဖော်ရေးတို့လည်း ပါဝင်သည်။
မေ ၂၂ ရက်က နေပြည်တော်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှင့် ပူးတွဲကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က လူမျိုးအခေါ်အဝေါ်နှင့် ပတ်သက်ပြီး အားလုံးလက်ခံနိုင်သည့် အဖြေကို ရှာဖွေ မည်ဖြစ်ကြောင်းနှင့် ပြဿ နာအားလုံးကိုဖြေရှင်းနိုင်ရန် အချိန်လုံလုံလောက်လောက်ပေးစေလိုကြောင်း ထည့်သွင်း ပြောဆို သွားခဲ့သည်။
ရခိုင်အရေးကျွမ်းကျင်သူ ပြင်သစ်ပညာရှင် ဒေါက်တာဂျက်စ်ပီလိုက်ဒါက အစိုးရသစ်အနေနှင့် ရခိုင်ပြဿ နာအား ဖြေရှင်း ရာ၌ ရေတိုတွင် ချက်ချင်းလက်ငင်းရလဒ် ရကောင်းမှရနိုင်လိမ့်မည်ဆိုသောအချက်ကို ထည့်သွင်းစဉ်းစားသင့်သကဲ့သို့ လက် တွေ့ကျပြီးအလုပ်ဖြစ်သည့် နိုင်ငံရေးကိုကိုင်စွဲရာတွင်လည်း ရဲတင်းရလိမ့်မည်ဟု မော်ကွန်းကို ပြောသည်။
နိုင်ငံတကာအခေါ် ရိုဟင်ဂျာ၊ အစိုးရအခေါ် ဘင်္ဂါလီအရေးအားဖြေရှင်းရာတွင် ပြည်တွင်း၌ ရေပန်းအစားဆုံးဟု ဆိုနိုင် လောက်သည့် နည်းလမ်းကတော့ နိုင်ငံသားဖြစ်မှုဥပဒေအတိုင်း ကိုင်တွယ်ဖြေရှင်းရေးပင်ဖြစ်သည်။ ဤနေရာတွင် မေးခွန်းထုတ် စရာရှိသည်မှာ နိုင်ငံသားဖြစ်ခွင့်မရသူများကိစ္စကိုဖြေရှင်းရာတွင် ပြည်တွင်းပြည်ပက လက်ခံနိုင်အောင် အစိုးရက မည်သို့ ကိုင် တွယ်မည်နည်းဟူသော အချက်ပင်ဖြစ်သည်။
နောက်ထပ်ကြီးမားသော စိန်ခေါ်မှုတစ်ခုမှာ ရခိုင်ပြည်နယ်သည် NLD ၏ အမာခံနယ်မြေမဟုတ်သည့်အချက်ဖြစ် သည်။ သို့ဖြစ်ရာ မိမိတို့မူဝါဒကို ရခိုင်ပြည်သူလူထု လက်ခံလာအောင် စည်းရုံးရမည့်ကိစ္စသည် အစိုးရသစ်အတွက် ခက်ခဲကောင်း ခက်ခဲ ပေလိမ့်မည်။
အရေးကြီးဆုံးမှာ အစိုးရအနေနှင့် ဒေသခံတိုင်းရင်းသားများ၏ဆန္ဒသဘောထားကို မဖြစ်မနေအလေးထားရန်နှင့် ၎င်းတို့ ပြည်နယ်၏အနာဂတ်ကို ဆုံးဖြတ်ရာတွင် ၎င်းတို့ကိုယ်တိုင်ပါဝင်ခွင့်ပေးရန်ဖြစ်သည်။ သို့မှသာ လူ့အသိုင်းအဝိုင်းနှစ်ခုကြား ဆယ်စုနှစ်များစွာ ပဋိပက္ခဖြစ်နေသည့်ရခိုင်ပြည်နယ်တွင် ရေရှည်တည်တံ့သော ငြိမ်းချမ်းသည့်လူမှုအသိုင်းအဝိုင်းကို တည် ဆောက်နိုင်လိမ့်ဖြစ်ကြောင်း ကျွန်ုပ်တို့မော်ကွန်းက အလေးထားတိုက်တွန်းလိုက်သည်။
မော်ကွန်းအယ်ဒီတာအဖွဲ့
(editors@mawkun.com)