ယင်းမာပင်၊ ဆားလင်းကြီး – ၂၀၂၃ ဖေဖော်ဝါရီ ၂၇ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာရှိတဲ့ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကိုလာတဲ့ တရုတ်နိုင်ငံသားတွေအတွက် လုံခြုံရေးအကြောင်းပြကာ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးလို့ ဒေသခံတွေထွက်ပြေးနေရကာ ဖမ်းဆီးပစ်ခတ်ခံထားရသူတွေလည်းရှိနေပါတယ်။
ယင်းမာပင်၊ မြောက်ယမားတံတားနားကကျေးရွာတစ်ရွာမှာ ပြေးချိန်မရလို့ အာဏာသိမ်းစစ်တပ်နဲ့တွေ့ကာ အဖမ်းခံလိုက်ရတဲ့ ရွာသား ငါးဦးအနည်းဆုံးရှိနိုင်ကြောင်း ဒေသခံကမော်ကွန်းကိုပြောပါတယ်။
“ရုတ်တရက်ဝင်လာတာဖြစ်တဲ့အတွက် အချို့ရှောင်ချိန်မရဘဲ ပိတ်မိနေတယ်။အချို့လည်းအဖမ်းခံရတယ်၊ တစ်ယောက်ကတော့ ကျည်မှန်ပြီး ဒဏ်ရာပြင်းတယ်။ တစ်ယောက်ကတော့ လက်နက်ကြီးစမှန်တာ ပွန်းပဲ့တာလောက်ပဲ”လို့ ဒေသခံကပြောပါတယ်။
လက်ပံတောင်းကြေးနီစီမံကိန်းမှာ တရုတ်နိုင်ငံသားတွေ နေထိုင်ကြပြီး သူတို့သွားတာ၊ ပြန်တာ၊ တစ်ခုခုအပြောင်းအလဲဖြစ်တိုင်း အာဏာသိမ်းစစ်တပ်က လုံခြုံရေးအကြောင်းပြကာ စီမံကိန်းအနီးတဝိုက် ပုသိမ်-မုံရွာလမ်းမဘေး ကျေးရွာတွေကို စစ်ကြောင်းထိုးတာ၊ ဖမ်းဆီးရိုက်နှက်တာ၊ သတ်ဖြတ်တာတွေနဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေကျပါ။
ဒီကနေ့ နံနက် ၁၁း၀၀ ဝန်းကျင်မှာတော့ မုံရွာလေဆိပ်ကနေ တရုတ်နိုင်ငံသားတွေကို ခရီးသည်တင်ယာဉ် ငါးစီးနဲ့ လက်ပံတောင်းတောင်ဆီ အာဏာသိမ်းစစ်တပ်က ကြိုလာခဲ့တယ်လို့ ဒေသခံကပြောပါတယ်။
လတ်တလော စစ်ကြောင်းထိုးလို့ ပုသိမ်မုံရွာလမ်းဘေးဝဲယာ ယင်းမာပင်အရှေ့ခြမ်းရွာတွေဖြစ်တဲ့ ပေကုန်း၊ ကျေးစာကျ၊ ဘိန်းနွယ်ချောင်၊ မြရွှေစီ၊ ဆားလင်းကြီးမြောက်ခြမ်း၊ ကံကုန်း၊ ဒုန်းတော၊ ဂုဏ်တော၊ ရွာသာကျေးရွာစတဲ့ ရွာ ၁၀ ရွာနီးပါးက ဒေသခံ ၇,၀၀၀ ကျော်စစ်ရှောင်နေကြရတယ်လို့ စစ်ရှောင်တွေကိုကူညီပေးနေသူတွေကပြောပါတယ်။
စစ်ရှောင်ပြည်သူတွေအတွက် ကူညီထောက်ပံ့လိုရင် “ပြည်သူမှပြည်သူသို့” Facebook Page (https://bit.ly/3yepccR) ကို ဆက်သွယ်နိုင်ပါတယ်။
ပုံစာ – ဒီကနေ့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ဒေသခံတွေနဲ့ ကျည်ထိမှန်ထားသူ
ဓါတ်ပုံ – Mawkun Magazine
#Dailynews

