ရန်ကုန် – ၂၀၂၃ နိုဝင်ဘာ ၃ (မော်ကွန်း)
ဖရဲသီးပေါ်တဲ့ရာသီကို ရောက်ရှိလာပြီဖြစ်ပေမယ့် တရုတ်နိုင်ငံနယ်စပ်လမ်းကြောင်းမှာ တိုက်ပွဲတွေ ဖြစ်နေတာကြောင့် တောင်သူတွေ အရှုံးပေါ်နေကြတယ်လို့ ဖရဲသီးစိုက်ပျိုးသူတွေက ပြောပါတယ်။
ပြည်တွင်းက ဖရဲသီးကားတွေ တရုတ်နိုင်ငံဘက်ကို ဖြတ်သန်းမယ့်လမ်းကြောင်း ပိတ်နေတာကြောင့် ထွက်ရှိလာတဲ့ ဖရဲသီးတွေကို ပြည်တွင်းဈေးကွက်မှာပဲ ပြန်လည်ရောင်းချနေကြရပြီး တွက်ခြေမကိုက်ဘူးလို့ ဖရဲစိုက်တောင်သူတွေက ပြောပါတယ်။
မြောက်ပိုင်းညီနောင်မဟာမိတ်တပ်တွေဖြစ်တဲ့ MNDAA ၊ TNLA ၊ AA စတဲ့ လက်နက်ကိုင်သုံးဖွဲ့ဟာ ၁၀၂၇ ဆိုတဲ့ စစ်ဆင်ရေးအမည်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသက နယ်မြေအချို့ကို ပြီးခဲ့တဲ့ သီတင်းပတ်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတစ်လျှောက် ကုန်စည်စီးဆင်းမှုတွေလည်း လက်ရှိအချိန်ထိ ရပ်တန့်နေပါတယ်။
မကွေးမြို့နယ်က ဖရဲစိုက်တောင်သူတစ်ဦးဖြစ်တဲ့ ကိုသန့်စင်ကတော့ သူ့ရဲ့ ဖရဲသီးတွေကို တရုတ်ဈေးကွက်ကို တင်ပို့ဖို့ ရည်မှန်းစိုက်ပျိုးခဲ့ပေမယ့် လက်ရှိတိုက်ပွဲတွေကြောင့် ပြည်တွင်းက ပွဲစားကိုပဲ ပြန်လည်ရောင်းချခဲ့ရတယ်လို့ ပြောပါတယ်။
လက်ရှိမှာ ဖရဲစိုက်တောင်သူတွေဟာ တရုတ်ဈေးကွက်ကို မတင်ပို့နိုင်သေးတဲ့အတွက် မြန်မာနိုင်ငံ အောက်ပိုင်းဒေသတွေဖြစ်တဲ့ ရန်ကုန်၊ မော်လမြိုင်၊ ဘားအံ အစရှိတဲ့ ဈေးကွက်တွေမှာ ရတဲ့ဈေးတွေနဲ့ ရောင်းချနေရတယ်လို့ ၎င်းက ပြောပါတယ်။
“အခုအတိုင်းကတော့ စိုက်ပျိုးစရိတ်အတွက် ရင်းနှီးထားတဲ့ ရင်းနှီးငွေသာသာလောက်ပဲ ရတော့တယ် အမြတ်အစွန်းကတော့ မကျန်တော့ဘူး။ တိုက်ပွဲတွေ ဘယ်အချိန်ပြန်ဖွင့်မယ် မသိသေးတော့ ကိုယ်ရှိတဲ့အသီးပဲ ကိုယ်ရှိတဲ့ ထွက်ပေါက်ကိုပဲ ရသလိုပို့တော့မယ်လို့ပဲ ဆုံးဖြတ်လိုက်တာပေါ့” လို့ သူကပြောပါတယ်။
တရုတ်ဈေးကွက်မှာ ဖရဲတစ်တန်ကို ယွမ် ၁,၅၀၀ ခန့် (မြန်မာကျပ် ခုနှစ်သိန်းနီးပါး) ပေါက်ဈေးရှိပြီး မြင့်တက်နေတဲ့ တရုတ်ယွမ်ငွေလဲလှယ်နှုန်းကြောင့် ဈေးကောင်းရနေတာဖြစ်တယ်လို့ ကုန်သည်တွေနဲ့ ဖရဲစိုက်တောင်သူတွေက ပြောပါတယ်။
ပုံမှန် တရုတ်ဘက်ပို့ရင် ဖရဲကားတစ်စီးကို ပျှမ်းမျှ ကျပ်သိန်း ၈၀ ခန့် ရရှိပေမယ့် ပြည်တွင်းဈေးကွက်မှာတော့ ဖရဲကားတစ်စီးကို သိန်း ၃၀၊ သိန်း ၄၀ ဝန်းကျင်ခန့်ပဲ ပေါက်ဈေးရှိတယ်လို့ ဖရဲသီးကုန်သည်တစ်ဦးက ပြောပါတယ်။
“ကျွန်တော်တို့ ပြည်တွင်းမှာလည်းစားတဲ့ အမျိုးအစားဆိုရင်တော့ တော်သေးတာပေါ့ ရတဲ့ဈေးနဲ့ ပြန်ရောင်းလို့ ရသေးတယ်။ ဟိုလိုမျိုး Export ဆိုက်တွေဆိုရင်တော့ သူတို့ကျတော့ အကြပ်ဆိုက်သွားတာပေါ့။ ရှုံးကုန်တာပေါ့၊ ပြန်ဝယ်မယ့် လမ်းကြောင်းလည်းမရှိတော့အခါကျ အရှုံးပေါ်တာတွေလည်းရှိတယ်” လို့ သူကပြောပါတယ်။
ပြည်တွင်းမှာ ဖရဲသီးကို နိုင်ငံရဲ့ အလယ်ပိုင်းဒေသတွေဖြစ်တဲ့ မကွေး၊ စစ်ကိုင်းဒေသတွေနဲ့ ရှမ်းပြည်နယ်တို့မှာ အဓိက စိုက်ပျိုးတာဖြစ်ပြီး တစ်နိုင်ငံလုံးမှာ ဖရဲ၊ သခွား စိုက်ဧကပေါင်း ရှစ်သောင်းကျော်ရှိတယ်လို့ မြန်မာနိုင်ငံ သစ်သီးဝလံတင်ပို့ရောင်းချသူများအသင်းဆီက သိရပါတယ်။
မြန်မာနိုင်ငံက ထွက်ရှိတဲ့ ဖရဲသီးအပါအဝင် သစ်သီးဝလံတွေကို မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းကနေ အဓိက တင်ပို့နေတာဖြစ်ပြီး ယခုနှစ်အတွင်းမှာ ဖရဲသီးကားအစီးရေပေါင်း ၇,၀၀၀ ကျော် တရုတ်နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး တန်ချိန် စုစုပေါင်း တစ်သိန်းကျော်ထိ တင်ပို့ထားတယ်လို့ မူဆယ်က သစ်သီးဝလံကုန်စည်ဒိုင်ဆီက သိရပါတယ်။
ပုံစာ – မူဆယ်သစ်သီးပွဲရုံက ဖရဲသီးကားတစ်စီး
Photo – ခွာညိုသစ်သီးပွဲရုံ

