ရန်ကုန် – ၂၀၂၃ ဇွန် ၂၆ (မော်ကွန်း)
ချင်းပြည်နယ်နဲ့မကွေးတိုင်းအစပ် ဆောနဲ့မင်းတပ်လမ်းပေါ်မှာ ချင်းကာကွယ်ရေးတပ်ဖွဲ့-မင်းတပ်၊ မဟာမိတ်တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ ဒီနေ့မနက်ပိုင်းကတိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်တွေအထိနာလို့ လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က မော်ကွန်းကိုပြောပါတယ်။
“မြို့ပေါ်ကိုကြဲတာမဟုတ်ဘူး။ တိုက်ပွဲကို လေယာဉ်နဲ့ကြဲနေတာခင်ဗျ။ (စစ်ကောင်စီဘက်က) အကျအဆုံးတော့ရှိမှာပါ။ လေယာဉ်ကတောင် လာပစ်ကူရတယ်ဆိုတော့ သူတို့တော်တော်များများထိခိုက်မှုများတယ်။ အထိနာတဲ့အချိန်မှပဲ လေယာဉ်ကလာပစ်တာကို။ အခုတော့ငြိမ်သွားပြီ” လို့ ဆလိုင်းယောမာန်ကပြောပါတယ်။
တိုက်ပွဲဟာ ဒီနေ့မနက် ၇ နာရီဝန်းကျင်မှာတစ်ကြိမ်နဲ့ ၈ နာရီဝန်းကျင်မှာတစ်ကြိမ်ဖြစ်ခဲ့ပြီး CDF မင်းတပ်နဲ့ မဟာမိတ်တပ်ဖွဲ့တွေဘက်က အထိခိုက်အကျဆုံးမရှိဘူးလို့ သူကပြောပါတယ်။
တိုက်ပွဲဖြစ်တဲ့နေရာဟာ ဒေသခံတွေနဲ့လည်း ဝေးတာကြောင့် ဒေသခံထိခိုက်မှုမကြားရသေးပေမယ့် ဘယ်အချိန်တိုက်ပွဲပြန်ဖြစ်နိုင်တယ်ဆိုတာ မသိနိုင်သေးဘူးလို့ ပြောပါတယ်။
ချင်းနဲ့မကွေးတိုင်းအစပ်ကဒေသတွေမှာ အခုလ အစောပိုင်းကတည်းက စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေကြား အနီးကပ်တိုက်ပွဲတွေ မကြာခနဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာများတယ်လို့ သိရပါတယ်။
ပုံစာ-CDF မင်းတပ် တပ်ဖွဲ့ဝင်တွေ မွန်းမံသင်တန်းဆင်းပွဲမှာတွေ့ရစဉ်
ဓာတ်ပုံ-CDF-Mindat
#Dailynews

