“ရောဂါနဲ့ရွေးကောက်ပွဲက ရွေးကောက်ပွဲကတောင်မှ ပိုပြီးအရေးကြီးတယ်ဆိုတာတော့ ကျွန်တော်တို့ကလက်မခံနိုင်ဘူး”

မန်းအောင်ပြည်စိုး၊ ဥက္ကဋ္ဌ ၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ(KNDP)

ယခင်က ကွဲပြားစွာတည်ရှိနေသည့် ကရင်တိုင်းရင်းသားပါတီများသည် ကရင်အမျိူးသားဒီမိုကရက်တစ်ပါတီ(KNDP) အဖြစ်စုစည်းကာ ကရင်တိုင်းရင်းသားမဲများကို စုဆောင်းရန်ပြင်ဆင်နေသည်။ မဟာမိတ်ပါတီဝင်ပြိုင်နေသည့် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မှလွဲ၍ ကျန်ခြောက်မြို့နယ်၌ KNDP သည် တစ်ခုတည်းသောကရင်ပါတီအဖြစ် လာမည့်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အပြည့်ယှဉ်ပြိုင်မည်ဖြစ်သည်။

COVID-19 ပျံ့ပွားနှုန်းမြင့်တက်နေသည့်အတွက် အစိုးရကကန့်သတ်ပိတ်ဆို့မှုများ ချမှတ်ထားစဉ်အတွင်း ၎င်းတို့ပါတီ အနေနှင့် ရွေးကောက်ပွဲဆိုင်ရာလှုပ်ရှားမှုများ ဘယ်လိုလုပ်နေသလဲ၊ စိန်ခေါ်မှုနှင့် အခက်အခဲဘာတွေရင်ဆိုင်နေရသလဲ ဆိုတာကို ပါတီဥက္ကဋ္ဌဖြစ်ပြီး ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ အမှတ် (၂) မဲဆန္ဒနယ်ကနေဝင်ပြိုင်မည့် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း မန်းအောင်ပြည်စိုးကို ဆက်သွယ်မေးမြန်းထားသည်များကို ကောက်နှုတ်ဖော်ပြလိုက်သည်။

ဂေထော မေးသည်။

မော်ကွန်း။ ။ ရွေးကောက်ပွဲ ကျင်းပဖို့ကလည်း တစ်လလောက်ပဲ လိုတော့တယ်။ ကိုဗစ်ကလည်း အခုထိ မငြိမ်သေး တဲ့အတွက် စည်းကမ်းသတ်မှတ်ချက်တွေကို အောက်တိုဘာလကုန်အထိ အစိုးရက တိုးမြှင့်ထားတော့ ဆရာတို့ ကရင်နယ်ဘက်မှာ မဲဆွယ်ရတာ ဘယ်လို စိန်ခေါ်မှုတွေကြုံရလဲ။

မန်းအောင်ပြည်စိုး။ ။ ကျွန်တော်တို့ဆီမှာကတော့Positive (ပိုးတွေ့လူနာ) သိပ်မရှိဘူး။ နောက်ပြီးတော့ Stay at Home (နေအိမ်တွင်နေထိုင်ရေး) မလုပ်ထားတဲ့အတွက် ကျွန်တော်တို့ဆင်းတာပဲ။ ဒါပေမဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်အရဆိုရင် ရောဂါနဲ့ရွေးကောက်ပွဲက ရွေးကောက်ပွဲကတောင်မှ ပိုပြီးအရေးကြီး တယ်ဆိုတာတော့ ကျွန်တော်တို့ကလက်မခံနိုင်ဘူး။ ဆေးရုံနဲ့မဲရုံ ဘယ်ဟာပိုအရေးကြီးသလဲပေါ့။ အုပ်ချုပ်သူအစိုးရ အနေနဲ့ ဒီကိစ္စကိုဘယ်လိုကိုင်တွယ်ရင်ကောင်းမလဲပေါ့။ အဲဒါကိုသေချာစဉ်းစားသင့်တယ်။

မဲဆွယ်စည်းရုံးရေးကိစ္စက ရွာတွေကအထဲမပေးဝင်ဘူးတို့၊ အပြင်ကိုထွက်ခွင့်မပေးတာတို့၊ တစ်ချို့ နည်းနည်းပါးပါးတော့ ရှိသေးတယ်။ သို့သော် ကြာလာတဲ့အခါကျတော့ နည်းနည်းလေးရိုးသွားတယ်။ အခုဆို ပုံမှန်လိုပဲ၊ ရွာထဲကို ပြန်ပေးဝင်၊ ပြန်ပေးထွက်တဲ့ အနေထားလေး ပြန်ဖြစ်လာတယ်။ ကျွန်တော်တို့က ရတဲ့အချိန်လေးမှာ ရတဲ့အခွင့်အရေးလေးကို လိုက်ပြီးတော့ ကြိုးစားအကောင်အထည်ဖော်နေတာပဲ။ အကယ်၍ပိတ်လိုက်ရင် ကျွန်တော်တို့ဂွကျမှာပေါ့။ အများကြီး ခက်သွားမယ်။

မော်ကွန်း။ ။ မဲဆွယ်စည်းရုံးမှု ဘယ်လောက်အတိုင်းတာထိရှိနေပြီလဲ။

မန်းအောင်ပြည်စိုး။ ။ လုပ်ရင်းကိုင်ရင်းပေါ့လေ၊ ဆိုင်းဘုတ်တွေတင်၊ ဘာညာ လုပ်ရင်းကိုင်ရင်းနဲ့ပေါ့။ ဘယ်လို ဖြစ်ဖြစ် ၅၀ ရာခိုင်နှုန်းဝန်းကျင်လောက်တော့ရှိပြီလို့ ပြောလိုရတယ်။ ဒါပေမဲ့ အားရကျေနပ်မှုတော့ သိပ်မရှိဘူးပေါ့ဗျာ။ လူတစ်ခါခေါ်ရင် ၅၀ ထက်မပိုရဘူးဆိုတဲ့အခါကျတော့ ထိရောက်မှုတော့မရှိဘူး။

မော်ကွန်း။ ။ ဆန္ဒမဲပေးဖို့တောင်မှ တစ်ချို့တိုင်းရင်းသားကျေးရွာတွေမှာ ရှင်းရှင်းလင်းလင်း မသိကြသေးတာကို မြေပြင်မှာ တွေ့နေရတယ်။ ဒီပြဿနာကိုရော ဆရာတို့ ပါတီကိုယ်စားလှယ်လောင်းတွေ ဘယ်လိုဖြေရှင်းနေကြသလဲ။

မန်းအောင်ပြည်စိုး။ ။ Voter Education (မဲပေးခြင်းဆိုင်ရာအသိပညာ) ဆိုတာက ကော်မရှင်မှာလည်း တာဝန် ရှိတယ်။ အများကြီးတာဝန်ရှိတယ်။ အရင် ဦးတင်အေးလက်ထက်ကဆိုရင် Voter Education ကို CSOs (အရပ်ဘက် အဖွဲ့အစည်းများ) တွေကိုလည်း လုပ်ခွင့်ပေးတယ်၊ သူတို့ကိုယ်တိုင်လည်း အတတ်နိုင်ဆုံး လုပ်တယ်။ အခုက ကျွန်တော် ကိုယ်တိုင် သတိမထားလို့လား မသိဘူး၊ TV တို့၊ ဘာတို့မှာ ပညာပေးတဲ့ နည်းနည်းပါးပါးက လွဲပြီး‌တော့ ကျန်တာမရှိဘူး။ မဲပေးပုံပေးနည်း သင်တန်းတွေ၊‌ မဲရုံမှူးများရဲ့ တာဝန်တွေ၊ ဆရာ၊ ဆရာမတွေကိုပေးတာလည်း ကျွန်တော်တို့ မတွေ့ရဘူး။

အခု ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကျွန်တော်တို့လိုက်ပြီးတော့ မဲလက်မှတ်နမူနာလေး ကိုယ့်ဟာကိုယ်ရိုက်၊ ကိုယ့်ဟာကိုယ် စည်းရုံးရေးဆင်းနဲ့ ဒါကိုပဲလိုက်ပြောနေရတယ်။ တခြားဟာတောင် ပြောဖို့အခြေအနေသိပ်မပေးဘူး။ သူ့ကိုယ်ပဲ (မဲပေးပုံပေးနည်း) အချိန်တဝက်နီးပါးလောက် ပေးလိုက်ရတယ်။ ပယ်မဲမဖြစ်ရအောင်တို့၊ မမှားရအောင်တို့၊ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ လိုက်လုပ်နေရတဲ့ သဘောမျိုးပေါ့။

မော်ကွန်း။ ။ လာမယ့်ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေ အားကောင်းမယ်လို့ မူလက ခန့်မှန်းချက်တွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ COVID က ဖြစ်လာတော့ မူလခန့်မှန်းသလို အားကောင်းနိုင်ပါဦးမလား။ ဘယ်လို မြင်သလဲ။

မန်းအောင်ပြည်စိုး။ ။ တိုင်းရင်းသားပါတီတွေ အားကောင်းလာမယ်။ တိုင်းရင်းသားများရဲ့အခြေအနေ တိုးတက် လာမယ်။ တိုင်းရင်းသားများရဲ့ အလှည့်ပဲဆိုတာကတော့ ဒါတိုင်းရင်းသားတွေရဲ့မျှော်လင့်ချက်နဲ့ အချို့လူတွေရဲ့ သုံးသပ်ချက်ပေါ့လေ။ ကျွန်တော့်အနေနဲ့ကတော့ ဒီဥစ္စာ အခုလက်ရှိအနေအထားအရ အခြေအနေကတော့ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

ဘာလို့လဲဆိုတော့NLD ရဲ့ ကတိကဝတ်တွေကလည်း မဖြစ်လာတာတွေ များလာတာကိုး။ နောက်ပြီးတော့ တိုင်းရင်းသားတွေရဲ့ ခံစားချက်တွေကလည်း ပြောရမယ်ဆိုလို့ရှိရင် အခုကျွန်တော်တို့ ကရင်တောင်ညံ့နေသလို ဖြစ်နေ တယ်။ ကျန်တဲ့ ကယားတို့၊ မွန်တို့၊ ရခိုင်တို့၊ ရှမ်းတို့လည်းတွေ့မှာပါ။ တော်တော်လေးကို ထိထိရောက်ရောက်နဲ့ အောင်အောင်မြင်မြင်ပေါ့။ အဲဒီတော့ ကျွန်တော်တို့အနေထားနဲ့ ကျွန်တော်တို့ ဒါကြီးကို အခြေအနေကောင်းပါတယ် ဆိုပြီးတော့ ကျွန်တော်တို့ သာယာမနေဘူးလေ။ ကျွန်တော်တို့ တတ်နိုင်သလောက်ကြိုးစားပြီးတော့ ကိုယ့်အလုပ်ကိုယ် လုပ်ကြမယ်။ စည်းရုံးရေးကို ဖြစ်နိုင်တဲ့နည်းအားလုံးနဲ့ ကျွန်တော်တို့စီစဉ်‌ဆောင်ရွက်ဖို့ပဲ စိတ်အားထက်သန်နေမယ်။ အခြေအနေကောင်းဖို့ မျှော်တော့မျှော်လင့်ပါတယ်။ ၂၀၂၀အပြီးရဲ့ အရွေ့ကိုပဲ ကျွန်တော်တို့စောင့်နေမှာ ဖြစ်ပါတယ်။

ကျွန်တော်ကတော့COVID ဒီလိုဖြစ်လာလို့ အားကောင်းလာမယ်။ COVID မရှိရင်လည်း အားနည်းသွားမယ်။ အားကောင်းမယ်ဆိုတာကတော့ ကျွန်တော်တို့ ဘာမှမပြောလိုဘူး။ သူ့ဖြစ်စဉ်အတိုင်းသူဖြစ်သွားမယ်လို့ ထင်တာပေါ့လေ။ COVID ကြောင့် အာဏာရပါတီ ဒါမှမဟုတ် ကျွန်တော်တို့တိုင်းရင်းသားပါတီတွေက အားသာချက်ဖြစ်သွားမယ်။ အားနည်းချက်ဖြစ်သွားမယ်ဆိုတာက သူ့ဖြစ်စဉ်အတိုင်းသွားမယ်လို့ ကျွန်တော်က ယူဆတာပေါ့။ COVID ကြောင့် ကျွန်တော်တို့ အားလျော့သွားမယ်။ အာဏာရပါတီက အားကောင်းလာမယ်။ ဒါမှမဟုတ် ကျွန်တော်တို့က အားကောင်းပြီး သူတို့က အားလျော့သွားမယ်ဆိုရင် ဒါကတော့ ဘယ်လိုမှသုံးသပ်လို့မရသေးဘူးပေါ့။ ရွေးကောက်ပွဲနဲ့လူသားတွေရဲ့ အသက်ရှင်သန်မှုဆိုတဲ့ဟာကို ကျွန်တော်တို့ နှိုင်းယှဉ်ကြည့်ကြပြီးတော့ အကောင်းဆုံးဘာလုပ်မယ်ဆိုတာ အစိုးရက ဆင်ခြင်တုံတရားထားသင့်တယ်လို့ ကျွန်တော်တို့မြင်ပါတယ်။

မော်ကွန်း။ ။ COVID က အထူးသဖြင့် ရန်ကုန်နဲ့ ရခိုင်လို နေရာတွေမှာ အဓိက ပျံနှံ့နေပါတယ်။ ဒါကြောင့် တစ်ချို့ သော နိုင်ငံရေးပါတီတွေက ရွေးကောက်ပွဲကို ရွှေ့ပေးဖို့ဆိုပြီး ပြောကြတာတွေ ရှိပါတယ်။ ဆရာတို့ရဲ့ သဘောထားကရော ဘယ်လိုရှိပါသလဲ။

မန်းအောင်ပြည်စိုး။ ။ ကမ္ဘာ့တစ်ချို့နိုင်ငံတွေမှာ ရွေးကောက်ပွဲကို ကွက်ပြီးလုပ်တယ်။ အခြေအနေပေးတဲ့ နေရာမှာ ရွေးကောက်ပွဲကျင်းပတယ်၊ (အခြေအနေ) မပေးတဲ့နေရာမှာတော့ မကျင်းပဘဲနေတယ်ဆိုတဲ့ သဘောမျိုး လုပ်ချင်လည်း လုပ်မှာပေါ့လေ။ ကျွန်တော်တို့ အနေထားက သွားနေ၊ လာနေ၊ ကြိုးစားနေကြပြီ၊ နေ့စဉ်နဲ့အမျှ လှုပ်ရှားနေကြပြီ။ ကျွန်တော်တို့ပြည်နယ်မှာ အခြေအနေကောင်းရင် ရွေးကောက်ပွဲကိုကျင်းပလိုက်စေချင်တယ်။ ဟိုဘက်က ဘယ်လိုမှမဖြစ်နိုင်ဘူး။ အိမ်မှာပဲနေ၊ ဘယ်မှမသွားဘူး၊ ထွက်လို့မရဘူးဆိုတဲ့ နေရာတွေကျ‌တော့ မကျင်းပဘဲနေလိုက်တာက ပိုကောင်းတာပေါ့။ အဲဒီ အနေထားမျိုးတော့ ကျွန်တော်မြင်ပါတယ်။

မော်ကွန်း။ ။ တကယ်လို့COVID ရောဂါပိုဆိုးလာလို့ ပြည်ထောင်စု‌ရွေးကောက်ပွဲကော်မရှင် (UEC)က ရွေးကောက်ပွဲကို ရွေ့ဆိုင်းလာခဲ့မယ်ဆိုရင်ရော အဲဒီအပေါ်ဘယ်လိုမြင်မိလဲ။

မန်းအောင်ပြည်စိုး။ ။‌ ရွှေ့ဆိုင်းမယ်ဆိုရင် ၂၀၀၈ အခြေခံဥပဒေရဲ့ အောက်မှာပဲ သွားရမှာပေါ့။ အလွန်ဆုံး ဒီဇင်ဘာမှာ သူလုပ်ရလိမ့်မယ်။ ဒီဇင်ဘာအထိပဲ သူရွှေ့လို့ရမယ်ပေါ့။ ဒီဇင်ဘာပြီးတာနဲ့ သူလုပ်ရလိမ့်မယ်။ အကယ်လို့ လုပ်လို့ မဖြစ်ဘူးဆိုရင် အခြေခံဥပဒေအရပဲ ကာလုံခေါ်ပြီးတော့ ဘာဆက်လုပ်ရမယ်ဆိုတာ ဥပဒေအတိုင်းပဲသွားမှာပေါ့။ ဒါက ရောဂါရဲ့အနေအထားအရပဲပေါ့။ ဒီတစ်ရက်၊ နှစ်ရက်မှာ ရန်ကုန်ကတော့ ညမထွက်ရအမိန့်တို့ ဘာညာတွေ မလုပ်သေးဘူး။ လုပ်ဖို့မလိုသေးဘူးဆိုတာ သတင်းစာမှာ တက်လာတာတွေ့တယ်။ မကန့်သတ်သေးဘူးပေါ့လေ။ တကယ်လို့ ကန့်သတ်မယ်ဆိုရင် ဘာမှလုပ်လို့မရတဲ့ အနေထားမျိုးရောက်တော့မှာပေါ့။ အခုလည်း စိုးရိမ်စရာပေါ့။ တစ်နေ့ကို ပိုးတွေ့လူနာ ထောင်ကျော်ဆိုတဲ့အခါကျတော့ ဘယ်လိုဖြစ်လာမလဲတော့မသိဘူး။ ကံတရားလို့ပဲပြောရမလား။

မော်ကွန်း။ ။ ခန့်မှန်းကြတာကCOVID ကူးစက်မှုမြင့်တက်နေချိန်မှာ ရွေးကောက်ပွဲသာကျင်းပခဲ့ရင် မဲပေးတဲ့နှုန်း ကျဆင်းနိုင်တယ်လို့ တစ်ချို့ကဆိုကြတယ်။ မဲပေးသူနှုန်းတကယ်ကျဆင်းခဲ့ရင် တိုင်းရင်းသားပါတီတွေရဲ့ အောင်နိုင်ရေးအပေါ်သက်ရောက်မှု ဘယ်လောက်ရှိနိုင်သလဲ။

မန်းအောင်ပြည်စိုး။ ။‌ ရွေးကောက်ပွဲဖြစ်တာဖြစ်စေ၊ မဖြစ်တာဖြစ်စေ၊ တိုင်းရင်းသားပါတီတွေ အတွက်ကတော့ ဖြစ်ရင်တော့ အခုအနေအထားအရတော့ အခြေအနေသိပ်မထူးဘူးပေါ့။ မဖြစ်တော့ဘူးဆိုရင်‌တော့ နည်းနည်းလေး တစ်မျိုးတစ်မည် ပြောင်းသွားနိုင်တာပေါ့။ ကျွန်‌တော်တို့ မျှော်လင့်သလို ဖြစ်ချင်မှဖြစ်တော့မှာပေါ့လေ။ ကျွန်တော်တို့ ကတော့ အခုအနေအထားအရတော့ ဝင်နွှဲလိုက်ချင်တယ်။ တိုင်းရင်းသားမျိုးနွယ်စုတွေ၊ တိုင်းရင်းသားပြည်နယ်မှာကြတော့ အကုန်လုံး အိုကေတဲ့သဘောမျိုးရှိတယ်။ ကျွန်တော်တို့ကရင်ပဲ နည်းနည်းလေးစိုးရိမ်နေရတာပေါ့။ မဖြစ်တော့ဘူး၊ မလုပ်တော့ဘူးဆိုရင်တော့ ဒါကျွန်တော်တို့အတွက် ကောင်းတဲ့လက္ခာဏာတော့ မဟုတ်ဘူး။ ဖြစ်သွားတာပဲ ကျွန်တော်တို့ ကတော့ လိုချင်တယ်။ ဒါပေမဲ့ တစ်ဖက်ကလည်း အခုနက ပြောသလိုပေါ့၊ မဲရုံနဲ့ဆေးရုံ ဘယ်ဟာ ပိုအရေးကြီးသလဲဆိုတာ အစိုးရကတော့ ပြောသင့်တာပေါ့။ တိုင်းရင်းသားပါတီရဲ့အောင်နိုင်ရေးကတော့ လျော့နည်းသွား နိုင်ပါတယ်။ ရာခိုင်နှုန်း လျော့နည်းသွားနိုင်တယ်လို့ ပြောလို့ရတယ်။ မဲလာမပေး‌တော့ဘူးဆိုလို့ရှိရင်။ တစ်ခုတော့ရှိတာပေါ့၊ ဒီဘက် ကျေးလက်ဒေသမှာတော့ သွားလို့လာလို့ ရသေးတာပေါ့။ တောတွေနဲ့ မြို့နဲ့ယှဉ်မယ်ဆိုရင်တော့ မြို့တွေက တိုင်းရင်းသား တွေကို မဲပေးဖို့ထက်ကို ပါတီကြီးတွေကိုပဲ ပေးဖို့များတယ်။ ဒါပေမဲ့ မြို့တွေက မဲမပေးနိုင်ဘူးဆိုရင် ဒါကျွန်တော်တို့ တိုင်းရင်းသားပါတီတွေအတွက်တော့ အလားလာကောင်းတဲ့ သဘောမျိုးရှိတယ်။ ကျွန်တော်တို့ အဲဒီလိုသဘောမျိုးပဲ မြင်တယ်။


#Interview

အမျိုးအစား - အင်တာဗျူး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."