ရန်ကုန်၊ ၂၀၂၃ ဧပြီ ၆ (မော်ကွန်း)
အိန္ဒိယနဲ့ မြန်မာကုန်သွယ်ရေးမှာ ရူပီးနဲ့ ကျပ်ငွေ တိုက်ရိုက်ပေးချေတဲ့စနစ်ကို အသုံးပြုဖို့ အိန္ဒိယနိုင်ငံဗဟိုဘဏ်နဲ့ စစ်ကောင်စီဗဟိုဘဏ်တို့အကြား သဘောတူထားပြီးဖြစ်တယ်လို့ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောပါတယ်။
စစ်ကောင်စီ ဗဟိုဘဏ်အနေနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းက အိန္ဒိယ-မြန်မာ ကုန်သွယ်ရေး ရူပီး – ကျပ် တိုက်ရိုက်အသုံးပြုငွေပေးချေမှုအတွက် လုပ်ထုံးလုပ်နည်းတွေကို ဗဟိုဘဏ်၊ အစိုးရဌာနတွေ၊ နိုင်ငံပိုင်ဘဏ်တွေ၊ ပုဂ္ဂလိကဘဏ်တွေ ဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။
မြန်မာ-အိန္ဒိယ ကုန်သွယ်မှုမှာ ပြည်တွင်းငွေကြေးသုံးစွဲမှု တိုးမြှင့်ဖို့ ရူပီး-ကျပ် တိုက်ရိုက်ငွေပေးချေမှုစနစ်ကို စတင်အကောင်အထည်ဖော်သွားမယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက အဲ့ဒီအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
အဲ့ဒီလို အကောင်အထည်ဖော်ဖို့ အိန္ဒိယရဲ့ ပန်ဂျပ်အမျိုးသားဘဏ် (Punjab National Bank, India) ကို ငွေလွှဲပြောင်းလက်ခံဆောင်ရွက်ရမယ့် ဘဏ်အဖြစ်သတ်မှတ်ထားတယ်လို့ သူက ပြောပါတယ်။
ဒါ့အပြင် ရူပီး-ကျပ် တိုက်ရိုက်လဲလှယ်မှုအတွက် ဘဏ်လုပ်ငန်းစနစ် လမ်းညွှန်ချက်နဲ့ အတည်ပြုချက်ရရှိပါက ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်တွေထံ အကောင်အထည်ဖော်မှု အစီအစဉ်တွေကို အသိပေးသွားမယ်လို့ စစ်ကောင်စီဘက်က အသိပေးထုတ်ပြန်ခဲ့တာပါ။
စစ်ကောင်စီလက်ထက် မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း ထိုင်း၊ တရုတ် စတဲ့ နိုင်ငံတွေနဲ့ နယ်စပ်ကုန်သွယ်ရေးတွေမှာ ယွမ်-ကျပ်၊ ဘတ်-ကျပ်၊ တိုက်ရိုက်ပေးချေမှုစနစ်တွေ စတင်နေပြီး အိန္ဒိယနဲ့ပါ အခုလို ကုန်သွယ်ဖို့ စတင်လာတာဖြစ်ပါတယ်။
“စစ်ကောင်စီက ပြောရရင် ဒေါ်လာအသုံးပြုမှုကို လျှော့ချချင်တာ၊ ဒေါ်လာဈေးအတက်အကျနဲ့ ဖိအားတွေရှိလာတော့ အခုလို တိုက်ရိုက်ငွေကြေးဖလှယ်တာတွေ လုပ်လာတယ်။ မြန်မာမှာက ပြည်ပနဲ့ ကုန်သွယ်မှုတွေမှာ နယ်စပ်ကုန်သွယ်ရေးက ပိုအားထားနေရတော့ ဒေါ်လာလိုအပ်ချက်ဖြစ်နေတဲ့ စစ်ကောင်စီက အခုလိုတွေ လုပ်ဆောင်လာတာဖြစ်တယ်” လို့ ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပါတယ်။
အိန္ဒိယနဲ့ မြန်မာနိုင်ငံဟာ တမူးနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကနေ နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၉၀ ကျော် ကုန်သွယ်မှုရှိနေတယ်လို့ ကုန်သွယ်မှုစာရင်းတွေအရ သိရပါတယ်။
မြန်မာနိုင်ငံဟာ အိန္ဒိယနိုင်ငံကို ကွမ်းသီး၊ ကွမ်းရွက်၊ ပဲအမျိုးမျိုး၊ ကြက်သွန်၊ လယ်ယာထွက်ပစ္စည်းတွေနဲ့
မီးဖိုချောင်သုံးပစ္စည်းတွေ တင်ပို့မှုရှိတယ်လို့ သိရပါတယ်။
#Dailynews

