မြစ်ကြီးနား-၂၀၂၄ ဇူလိုင် ၂ (မော်ကွန်း)
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဧရာဝတီမြစ်ရေမြစ်ရေမြင့်တက်မှုကြောင့် မနေ့ကစလို့ တစ်မြို့လုံးနီးပါးရေလွှမ်းမိုးနေပြီး ဒီနေ့မှာတော့ မြို့ပေါ်ရပ်ကွက်တချို့မှာရေပြန်ကျသွားပေမယ့် မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေနစ်မြုပ်နေသေးတယ်လို့ ကူညီကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။
“သုံးပေလောက်ကျသွားပြီဗျ။ မြေနိမ့်ပိုင်းတွေကတော့ (ရေ)ကျန်ဦးမယ်။ ပြီးတော့ တချို့ရပ်ကွက်တွေကျန်ဦးမယ်။ အဲဒီမှာက အိမ်ခေါင်မိုးတွေကအစ အကုန်မြုပ်ထားတာ။ အခုအနေအထားဆိုရင်တော့ အောက်တစ်ဝက်လောက်တော့ ကျန်ဦးမယ်။ရေက မြို့ပေါ်လောက်ပဲကျသေးတယ်” လို့ မျိုးဆက်သစ်လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
ရေမြုပ်နေသေးတဲ့ရပ်ကွက်တွေက ရမ်ပူ၊ ကြက်ပေါင်ခြံ၊ အနောက်လယ်ကုန်း၊ ခေမာသီရိ စတဲ့မြေနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တယ်လို့ သူကဆိုပါတယ်။
“အရေးပေါ်လိုအပ်တဲ့အကူအညီကတော့ နေစရာနဲ့ စားသောက်စရာလောက်ပါပဲ။ တစ်မြို့လုံးနီးပါးရှောင်နေရတဲ့ အတိုင်းအတာတစ်ခုမှာကျတော့ ရှောင်ဖို့အတွက် သီးသန့်နေရာမရှိတဲ့အတွက်ကြောင့်မို့ ဘုန်းကြီးကျောင်းတွေ၊ ဓမ္မာရုံတွေ၊ စာသင်ကျောင်းတွေမှာ ဝင်ခိုလှုံရတာလေ။ အဲဒီခိုလှုံရတဲ့နေရာတိုင်းလိုလိုကတော့ စားသောက်ကုန်နဲ့ရေကတော့ လိုနေတာပဲ” လို့ သူကဆိုပါတယ်။
မြစ်ကြီးနားတစ်မြို့လုံးနီးပါး ရေဝင်ခဲ့တာကြောင့် မြို့ခံအများအပြား ရေဘေးရှောင်နေရသလို တချို့နေရာတွေမှာလည်း ပိတ်မိနေသူတွေရှိလို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေဆက်လုပ်နေရဆဲဖြစ်တယ်လို့ ကယ်ဆယ်ရေးသမားတွေက ပြောကြပါတယ်။
ကချင်ပြည်နယ်၊ မိုးဇလညွှန်ကြားရေးမှူးကတော့ မြစ်ကြီးနားမှာ မြစ်ရေပြန်ကျဆင်းနေပြီး နောက်ဆုံးမြင့်တက်ခဲ့တဲ့ မြစ်ရေချိန်အရ မြစ်ကမ်းအနီးမြေနိမ့်ပိုင်းနေရာတွေအားလုံး ကြိုတင်ပြင်ဆင်ပြောင်းရွှေ့ဖို့ လိုအပ်တာတွေအမြန်လုပ်ဆောင်ဖို့ အရေးကြီးတယ်လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဒီနေ့မနက်က ပြောထားပါတယ်။
အဲဒီအပြင် မြစ်ကြီးနားမြို့အောက်က ဗန်းမော်၊ ရွှေကူ၊ ကသာ၊ ထီးချိုင့်၊ တကောင်း၊ မန္တလေး၊ စစ်ကိုင်းအပါအဝင်မြစ်ကြောတစ်လျှောက်က ပြည်သူတွေအနေနဲ့ ကြိုတင်ပြင်ဆင်ထားဖို့ သတိပေးထားပါတယ်။
မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီနေ့မနက်က ရေကြီးမှုသတင်းထုတ်ပြန်ချက်မှာလည်း ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့မှာ စိုးရိမ်ရေမှတ်ထက် လေးပေခွဲကျော်လွန်နေပြီး နောက်နှစ်ရက်အတွင်း စိုးရိမ်ရေမှတ်အောက် ပြန်ကျဆင်းနိုင်တယ်လို့ ဆိုထားပြီး မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေသူတွေအနေနဲ့ အထူးသတိပြုနေထိုင်ကြဖို့ သတိပေးထုတ်ပြန်ထားပါတယ်။
ပုံစာ-မြစ်ကြီးနားမြို့တွင်း မြစ်ရေကြီးနေပုံ။
ဓာတ်ပုံ-seng hpung

