ရေဦး – ၂၀၂၁ ဒီဇင်ဘာ ၂၄ (မော်ကွန်း)
အာဏာသိမ်းစစ်ကောင်စီက ရဟတ်ယာဉ်နဲ့ပါပစ်ခတ်ခဲ့တဲ့ ရေဦးမြို့နယ် ရေမြက်ကျေးရွာမှာ လက်တလော ပြည်သူတွေရဲ့ ရုပ်အလောင်း ခုနှစ်လောင်း ရှာဖွေတွေ့ရှိထားကြောင်း ဒေသခံတွေက ပြောပါတယ်။
ရုပ်အလောင်းတွေဟာ ရဲဒင်းနဲ့ခုတ်ခံထားရတာတွေပါသလို မီးရှိူ့ခံထားရတာတွေ၊ ဦးခေါင်းကိုသေနတ်နဲ့ပစ်ခံထားရတာတွေလည်းရှိပြီး အမျိုးသမီးအလောင်းတွေလည်းပါဝင်ကြောင်း ဒေသခံများကပြောပါတယ်။
ရေဦးမြို့နယ်၊ ရေမြက်ရွာကို စစ်ကောင်စီတပ်တွေဟာ ဒီဇင်ဘာလ ၂၀ ရက်နဲ့ ၂၁ ရက်နေ့တွေမှာ ရဟတ်ယာဥ်နဲ့ပါ ပစ်ခတ်ခဲ့တာဖြစ်ပြီး ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့တာကြောင့် အိမ်ခြေ ၅၃အိမ် မီးလောင်ကျွမ်းပျက်စီးခဲ့ပါတယ်။
ဒါအပြင် အိမ်စီးကား၊ လုပ်ငန်းသုံးကားနဲ့ ရွာပိုင်လူမှုရေးကားအပါအဝင် ကား၃စီး၊ ဆိုင်ကယ်အစီး ၃၀တို့ကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ရေဦးမြို့နယ်အတွင်းရှိ လေးရွာအုပ်စု၊ ပလူဇဝအုပ်စု၊ ကွမ်းအုံအုပ်စု၊ ရေမျက်အုပ်စု၊ ဝသဲအုပ်စု၊ ယခေါင်နွဲ့အုပ်စု၊ ပေကြီးအုပ်စု၊တမတောအုပ်စု၊ မကျီးနီအုပ်စု စတဲ့ကျေးရွာအုပ်စုတွေက ပြည်သူအများအပြားလည်း စစ်ဘေးရှောင်နေရကြောင်း ဒေသခံတွေကပြောပါတယ်။
#Dailynews

