ရန်ကုန် – ၂၀၂၄ ဖေဖော်ဝါရီ ၉ (မော်ကွန်း)
သုံးရက်ဆိုက်တိုက် တိုက်ပွဲပြင်းထန်နေတဲ့ ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့မှာ ဒေသခံ အများအပြားတိုက်ပွဲကြား ပိတ်မိနေတယ်လို့ ဒေသခံပရဟိတအဖွဲ့တွေက ပြောပါတယ်။
ပဲခူးတိုင်း၊ ဇရပ်ကြီးမြို့မှာ ယခုလ ၇ ရက်က စတင်ပြီး စစ်ကောင်စီ တပ်ရင်း ခလရ ၇၃ အနီးမှာ KNLA ပူးပေါင်းတပ်တွေနဲ့ သုံးရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေတာပါ။
ဒီနေ့မနက်မှာလည်း ဇရပ်ကြီးမြို့အနီးတစ်ဝိုက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေသလို မြို့တွင်းတိုက်ပွဲတွေလည်း ဆက်လက်ပြင်းထန်နေပြီး လူနေရပ်ကွက်တွေနဲ့ မြို့အနီးက ကျေးရွာတွေမှာ ပိတ်မိနေတဲ့ ဒေသခံအများအပြား ကျန်နေသေးတယ်လို့ ပရဟိတအဖွဲ့တွေက ပြောပါတယ်။
ပရဟိတအသင်းတွေဟာ ဇရပ်ကြီးမရောက်ခင် နတ်ရွာ၊ နသန်ဦး စတဲ့ကျေးရွာတွေအနီးမှာပဲ စောင့်ကြိုကာ ထွက်ပြေးလာတဲ့ဒေသခံတွေကို ခေါ်ထုတ်ပေးနေပြီး ဒီနေ့လယ်ပိုင်းမှာတော့ လက်နက်ကြီးပစ်ခတ်မှု နီးလာတာကြောင့် ပရဟိတအသင်းကားတွေပါ ပြန်ဆုတ်ခဲ့ရတယ်လို့ ရွှေမင်းဝင်ပရဟိတအသင်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“မနက်တစ်ပိုင်းပဲ တင်လိုက်နိုင်တယ်။ နေ့လယ်ပိုင်းလောက်ကျတော့ လက်နက်ကြီးတွေ ပစ်တော့ အကုန်ပြန်ဆုတ်ခွာခဲ့ရတယ်။ ပရဟိတ အသင်းတွေပါ ပိတ်မိမလိုဖြစ်လို့။ ဟိုထဲမှာ (ဇရပ်ကြီးမြို့) တော့ ပိတ်မိနေသူတွေ အများကြီးရှိနေသေးတယ်” လို့ ၎င်းကပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်မှုနဲ့ နှစ်ဖက်တိုက်ပွဲတွေအကြား အရပ်သားထိခိုက်သေဆုံးမှုတွေလည်းရှိနေပြီး အရပ်သား ငါးဦးထက်မနည်း သေဆုံးသွားကာ ဒဏ်ရာရရှိသူ ၁၀ ဦးခန့်ကိုလည်း တောင်ငူဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဒေသခံပရဟိတအဖွဲ့တွေက ပြောပါတယ်။
စစ်ကောင်စီတပ်ကလည်း ဇရပ်ကြီးမြို့ကို နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေသလို၊ လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်နေတာကြောင့် ဇရပ်ကြီးမြို့ပေါ်က နေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံ ထောင်နဲ့ချီကာ တောင်ငူမြို့နဲ့ အုတ်တွင်းမြို့တွေကို စစ်ဘေးရှောင်နေကြရတာပါ။
ဇရပ်ကြီးမြို့အနီးက ကင်မွန်းခြုံ၊ မင်းကြိုင်း၊ မြို့စိုးအစရှိတဲ့ ကျေးရွာတွေမှာ ဒေသခံတွေ ပိတ်မိနေတဲ့ သတင်းတွေရပေမယ့် မြေပြင်အခြေအနေမှာ ဘယ်လိုမှ သွားကယ်ထုတ်လို့ မရဖြစ်နေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီနေသူတစ်ဦးကလည်း ပြောပါတယ်။
“အဲဒီ့ ပိတ်မိနေတဲ့သူတွေက ရွာတွေမှာ ကတုတ်ကျင်းတွေ မြောင်းတွေထဲမှာ ဒီအတိုင်းဝင်ပုန်းနေကြရတယ်။ အရေအတွက်လည်း များတယ်။ ကျန်နေသေးတယ်” လို့ သူက ပြောပါတယ်။
ရန်ကုန်-မန္တလေးလမ်းဟောင်းအနီးမှာရှိပြီး ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ် အစပ်နားမှာရှိတဲ့ ဇရပ်ကြီးမြို့ပေါ်က ခလရ ၇၃၊ ဇရပ်ကြီးမြို့မရဲစခန်း၊ မြို့စိုးတံတား စစ်ဆေးရေးဂိတ်နဲ့ စစ်ကောင်စီ တပ်စခန်းတွေကို KNLA ပူးပေါင်းတပ်တွေက တပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။
ပုံစာ – တိုက်ပွဲအကြား ထွက်ပြေးနေရတဲ့ ဇရပ်ကြီးဒေသခံများ
ဓာတ်ပုံ – Badan Sai

