ပခုက္ကူ – ၂၀၂၂ နိုဝင်ဘာ ၂၂ (မော်ကွန်း)
မကွေးတိုင်း၊ ပခုက္ကူမြို့၊ အမှတ် ၁၄ရပ်ကွက်၊ အာဏာသိမ်းစစ်တပ်ခန့် အုပ်ချုပ်ရေးမှူး ဦးမြင့်သိန်းကို အမျိုးသမီးတော်လှန်ရေးရဲဘော်တွေက ဒီကနေ့သွားရောက်ရှင်းလင်းခဲ့တယ်လို့ Earthquake Peoples Defense Force အဖွဲ့၊ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုပိန်ကမော်ကွန်းကိုပြောပါတယ်။
နေအိမ်ရှေ့မှာရှိနေတဲ့ ဦးမြင့်သိန်းကို အမျိုးသမီးရဲဘော်တွေသွားရောက်ပစ်ခတ်ချိန်မှာ ပြန်ခုခံခဲ့ပြီး သေနတ်နဲ့သုံးချက်ပစ်ခတ်ခဲ့တယ်လို့ ကိုပိန်ကပြောပါတယ်။
“သူက အမျိုးသမီးရဲဘော်တစ်ယောက်ကိုဝင်လုံးတာ၊ အဲ့မှာသေနတ်နဲ့သုံးချက်ပစ်လိုက်တယ်၊ ရင်ဘတ်နဲ့ဗိုက်ကိုထိပြီးနေရာတင်ပွဲချင်းပြီးသေတာ”လို့ ကိုပိန်ကပြောပါတယ်။
ဦးမြင့်သိန်းက ရပ်ကွက်အတွင်း ဧည့်စာရင်းစစ်တာ၊ ထောက်ခံစာယူချိန်မှာ ငွေကြေးအများအပြားတောင်းခံတာတွေကိုလုပ်ဆောင်နေသူဖြစ်တယ်လို့ သူကပြောပါတယ်။
အခုလိုရှင်းလင်းခံရပြီးနောက် ပခုက္ကူမြို့တွင်းကနေရာတိုင်းမှာ စစ်ဆေးတင်းကြပ်နေပြီး အာဏာသိမ်းစစ်တပ် က တစ်အိမ်ဝင်တစ်အိမ်ထွက် ဧည့်စာရင်းလိုက်လံစစ်ဆေးနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ပုံစာ – ရှင်းလင်းခံရသူ
ဓာတ်ပုံ – Supplied
#Dailynews

