ရန်ကုန်-၂၀၂၄ မတ် ၂၇ (မော်ကွန်း)
ရန်ကုန်မြို့၊ အနော်ရထာလမ်းနဲ့ ဆူးလေဘုရားလမ်းထောင့်၊ လူကူးကုန်းတံတားအနီးမှာ ဒီနေ့ည ၇ နာရီ ၄၂ မိနစ်ဝန်းကျင်က ပေါက်ကွဲမှုဖြစ်ပြီး လူနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြင်တွေ့ခဲ့ရသူတွေက ပြောပါတယ်။
“ဆူးလေ Square နဲ့ ကုန်းတံတားနားမှာဖြစ်တာ၊ကားစောင့်နေရင်းနဲ့ မျက်စိရှေ့တင် ပေါက်သွားလို့ထွက်ပြေးလာရတာ။ လူနှစ်ယောက်ထိသွားတယ်” လို့ ပေါက်ကွဲမှုဖြစ်စဉ်အနီးမှာ ရှိခဲ့သူတစ်ဦးက ပြောပါတယ်။
ပေါက်ကွဲမှုကြောင့် ထိခိုက်ခဲ့သူတွေရဲ့ လက်ရှိအခြေအနေကိုတော့ မသိရသေးပေမယ့် လူမှုကွန်ရက်မှာပျံ့နှံ့နေတဲ့ ဓာတ်ပုံတွေမှာတော့ အမျိုးသားတစ်ဦး ပလက်ဖောင်းပေါ်မှာ လဲကျနေသလို ကလေးတစ်ဦးလည်း ထိခိုက်ဒဏ်ရာရထားတာကို မြင်တွေ့ရပါတယ်။
ဗုံးပေါက်ကွဲသံဟာ ပြင်းထန်တာကြောင့် မင်္ဂလာတောင်ညွန့်၊ ဒေါပုံ၊ လသာ စတဲ့မြို့နယ်တွေက ဒေသခံတချို့ပါ ပေါက်ကွဲသံကိုကြားရတယ်လို့ ဆိုကြပါတယ်။
ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တဲ့ နေရာဟာ ကျောက်တံတားမြို့နယ်ရဲစခန်းအနီးမှာဖြစ်ပြီး လက်ရှိအချိန်မှာတော့ စစ်ကောင်စီတပ်တွေနဲ့ ရဲတွေက ဆူးလေဘုရားလမ်းကို ပိတ်ဆို့ စစ်ဆေးမှုတွေလုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။