ရန်ကုန်တိုင်းအတွင်း လျှပ်စစ်မီးပိုမိုပြတ်တောက်မည်

ရန်ကုန်တိုင်းအတွင်း လျှပ်စစ်မီးပိုမိုပြတ်တောက်မည်

ရန်ကုန်-၂၀၂၃ ဒီဇင်ဘာ ၂၇ (မော်ကွန်း)

ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေမှာ မနေ့ကစပြီး ဇန်နဝါရီ ၂ ရက်အထိ တစ်ပတ်အတွင်း လျှပ်စစ်မီးပြတ်တောက်ချိန်ပိုများမယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း YESCက မနေ့က ထုတ်ပြန်ပါတယ်။

ရန်ကုန်တိုင်းအတွင်းက သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံတွေကို ပေးပို့နေတဲ့ ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့ပိုက်လိုင်း ထိန်းသိမ်းပြုပြင်မှာနဲ့ တောင်သာသဘာဝဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့်မှုကို ပြင်ဆင်မှာကြောင့် အဲဒီကာလအတွင်း လျှပ်စစ်ဓာတ်အားထုတ်လွှတ်မှု လျော့နည်းနေမှာဖြစ်ပြီး ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေမှာ ယာယီလျှပ်စစ်ဓာတ်အားပြတ်တောက်မှာဖြစ်တယ်လို့ YESC က ထုတ်ပြန်ထားပါတယ်။

ရန်ကုန်မြို့တွင်းက မြို့နယ်အများစုမှာ ယခုလဆန်းပိုင်းကတည်းက လျှပ်စစ်မီးပြတ်တောက်မှု မကြာခဏကြုံနေရတာဖြစ်ပြီး အခုရက်ပိုင်းတွေမှာ မီးပျက်ချိန်ပိုများလာတာလို့ ရန်ကုန်မြို့ခံတွေကပြောကြပါတယ်။

“မီးကသူတို့(EPC) ပြောပြော မပြောပြောပြတ်ချင်တဲ့အချိန် ပြတ်နေတာပဲကို။ ဒီနေ့လည်း မနက်ကိုးနာရီလာရမှာ ခဏပဲလာပြီးပြတ်သွားတယ်။ ဆယ်နာရီလောက်ခဏပြန်လာတယ်။ ပြန်ပြတ်တယ်။ ဘာအလုပ်မှမလုပ်လိုက်ရဘူး။ ထမင်းအိုးတောင် မတည်လိုက်ရဘူး” လို့ ရန်ကင်းမြို့နယ်အတွင်းက အိမ်ရှင်မတစ်ဦးက ပြောပါတယ်။

မီးပြတ်ချိန်တွေများလာတာကြောင့် အလုပ်လုပ်ချိန်နည်းပြီး ဝင်ငွေလည်းနည်းလာတယ်လို့ သင်္ဃန်းကျွန်းမြို့နယ်တွင်းက သံပန်းလုပ်ငန်းလုပ်ကိုင်နေတဲ့ ကိုဖိုးသားက ပြောပါတယ်။

“မီးမရှိဘဲ ဘယ်လိုလုပ်ရမှာလဲ။ မီးစက်နဲ့လည်း ဆီဖိုးကုန်တော့ ရေရှည်ကျအဆင်မပြေဘူးလေ။ အခုက မီးလာချိန်လုပ်၊ မီးမလာရင် အားနေတာပဲ။ (သံပန်း)အပ်ထည်တွေတော့ အချိန်နဲ့မပေးနိုင်ဘူးပေါ့။ မပေးနိုင်တော့ ငွေမရဘူးပေါ့ဗျာ” လို့ သူကပြောပါတယ်။

လျှပ်စစ်ပစ္စည်းအရောင်းဆိုင်တွေမှာတော့ ရောင်းအားကောင်းလာတယ်လို့ တောင်ဥက္ကလာမြို့နယ်မှာ လျှပ်စစ်ပစ္စည်းဆိုင်ဖွင့်ထားတဲ့ ကိုသူရပြောပါတယ်။

“အခုနောက်ပိုင်းက အားသွင်းမီးတွေ၊ ဆိုလာမီးတွေက အဲ့လောက်ရောင်းမကောင်းဘူး။ ရောင်းကောင်းတာက ပါဝါစတေရှင်တွေရောင်းရတယ်။ အဲ့ကောင်က မီးပြတ်ရင် TV လည်းကြည့်လို့ရတယ်၊ Air Cooler လည်းဖွင့်လို့ရတယ်၊ လပ်တော့လည်းသုံးလို့ရတယ်။ အားက ၆ နာရီလောက်ခံတယ်။ ဒီအတောအတွင်း အဲတာတွေရောင်းကောင်းတယ်။ တစ်ရက်ကို အလုံး ၂၀ လောက်ရောင်းရတယ်။ ဈေးက ငါးသိန်းအတွင်းပဲ” လို့ သူကပြောပါတယ်။

ရန်ကုန်တိုင်းအတွင်းက မြို့နယ်အများစုမှာ လျှပ်စစ်မီးရချိန်တွေဟာ မနက် ၉ နာရီကနေ နေ့လယ် ၁ နာရီထိတစ်ကြိမ်၊ ၁ နာရီကနေ ၅ နာရီထိတစ်ကြိမ်နဲ့ ၅နာရီကနေ ၉ နာရီအထိတစ်ကြိမ် လေးနာရီခြားတစ်ခါစီသာ အလှည့်ကျ ရရှိတာဖြစ်ပါတယ်။

ရန်ကုန်မြို့ခံအများစုကတော့ လေးနာရီခြားတစ်ခါ လျှပ်စစ်မီးလာချိန်သတ်မှတ်ထားပေမယ့် မီးလာချိန်ထက် ပြတ်ချိန်ကသာ ပိုများတာကြောင့် အလုပ်အကိုင်၊ စားဝတ်နေရေး စတဲ့အခက်အခဲတွေ နေ့စဉ်ကြုံတွေ့လာနေရတယ်လို့ ဆိုကြပါတယ်။

ပုံစာ – ရန်ကုန်မြို့တွင် လျှပ်စစ်မီးရရှိနေသည့်အခိုက်အတန့်

ဓာတ်ပုံ – မော်ကွန်း

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."