၂ဝ၁၉၊ မေလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၅)မှ Essay ဖြစ်ပါသည်။
ကျော်ဇေယျာထွန်းရေးသည်
ကျွန်တော်တို့လင်မယားနှစ်ယောက် အိမ်ထောင်ကျပြီး ရှစ်နှစ်ကြာမှ ဇနီး ဖြစ်သူ ကိုယ်ဝန်ဆောင်ခဲ့ပါတယ်။ ရှစ် နှစ်ဆိုတဲ့ကာလအတွင်းမှာ ကလေးယူ ဖို့ နည်းမျိုးစုံနဲ့ကြိုးစားခဲ့ကြပေမယ့် အဆင်မပြေခဲ့ကြပါဘူး။ အဲဒီကလေး မရနိုင်သေးတဲ့ ကာလတွေမှာ ကြုံတွေ့ ခဲ့ရတဲ့ အတွေ့အကြုံ၊ ခံစားမှုလေး တချို့ကို မျှဝေချင်တဲ့ စိတ်ကလေး ဖြစ်မိလို့ ဒီစာကို ရေးမိတာပါ။
အခု စာရေးနေတဲ့အချိန်မှာ ကျွန်တော့် ကလေးဟာ မိခင်ရဲ့ ဝမ်းထဲမှာသာ ရှိပါသေးတယ်။ ခံစားချက်တွေ လတ်ဆတ်နေတုန်း ချရေးလိုက် တာ ကောင်းမယ်ထင်လို့ အခုလိုအချိန်မှာ ရေး ရတာလည်းဖြစ်ပါတယ်။
ကျွန်တော် ဆယ်တန်းအောင်ပြီး တက္ကသိုလ် တက်ဖို့ လုပ်တော့ အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး အတွေးတစ်ခု တွေးမိခဲ့တယ်။ အဲဒါက အိမ်ထောင် ရေးဟာ ကိုယ့်ဘဝတစ်ခုလုံးအတွက် အရေးကြီး တဲ့အရာမဟုတ်ပေမယ့် ကိုယ့်ဘဝရဲ့ အစိတ်အပိုင်း တွေထဲမှာတော့ အရေးကြီးဆုံး အရာတစ်ခုပဲလို့ ကျွန်တော် တွေးမိခဲ့တယ်။
အဲဒီအတွက် ကိုယ့်ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်မယ့် သူဟာ ဘယ်လိုအကျင့်စရိုက်မျိုး ရှိရမယ်ဆိုတာကိုပါ စိတ်ကူး ပုံဖော်ခဲ့မိတယ်။ အသက် ၂၈ နှစ် ၊ ၂၉ နှစ် အရွယ်မှာ အိမ်ထောင် ပြုမယ်လို့လည်း ဆုံးဖြတ်ချက်ချထားခဲ့တယ်။
ဘာကြောင့်လဲဆိုတော့ အဲဒီအရွယ်မှာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့ အလုပ် အကိုင်တစ်ခုတော့ ရှိနေပြီလို့ ယုံကြည်တာတစ်ခု၊ နောက်တစ်ခုက ယောကျ်ားလေးသဘာဝအရ ကျွန်တော့်အတွက် ဘဝအဖော်မိန်းကလေးတစ် ယောက် လိုအပ်မယ့်အချိန်လို့ ယူဆတာကြောင့် လည်း ဖြစ်ပါတယ်။
ပြီးတော့ ကျွန်တော့်အတွက် အိမ်ထောင်ပြုရခြင်း အဓိက အကြောင်းရင်းမှာ မိသားစုဘဝလေးနဲ့ နေချင်တာလည်း ပါပါ တယ်။ ကိုယ်ချစ်ရတဲ့ ဇနီးရှိမယ်၊ ပြီးတော့ သားသမီးတွေရှိမယ်၊ ကိုယ့်ရဲ့အားလပ်တဲ့ အချိန်လေးတွေမှာ သူတို့နဲ့အတူရှိပြီး ပျော် ရွှင်ရယ်မောနေရမယ့် ပုံရိပ်ကလေးတွေကို တွေးမိတိုင်း ကျွန် တော့်စိတ်ထဲ ကြည်နူးမိတယ်။
ဒါကြောင့် ဆယ်တန်းအောင်ပြီးတဲ့နောက်မှာ အိမ်ထောင် ပြုမယ့်ကိစ္စကို လေးလေးနက်နက်တွေးပြီး အစီအစဉ်လေး ချခဲ့ လိုက်တယ်။ ကျွန်တော့် အစီအစဉ်အတိုင်း အသက် ၂၈ နှစ်မှာ အိမ်ထောင်ပြုခဲ့ပါတယ်။ ဒါပေမဲ့ အိမ်ထောင်ကျပြီးတာနဲ့ ကျွန် တော်တို့ ကလေး တန်းမယူဖြစ်ခဲ့ဘူး။ အဓိကအချက်က အရင် ဆုံး နှစ်ဦးသား အခြေကျဖို့ လိုတယ်လို့ ခံစားရလို့ပါ။
ဒါပေမဲ့ နှစ်နှစ်လောက်ကြာတော့ ကျွန်တော်တို့ ကလေး ယူဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ကိုယ်တွေကြည့်ဖူးတဲ့ မြန်မာဇာတ် ကားတွေထဲမှာ မင်းသားက အရက်မူးလာပြီး မင်းသမီးအပေါ် လှဲချလိုက်တာနဲ့ ပန်းတွေ ကြွေ၊ ပန်းအိုးတွေ ကွဲ၊ ဖိနပ်ချင်း ထပ်၊ နောက်တစ်ခန်းဆို မင်းသမီးဟာ အော့အန်ပြီး ကိုယ်ဝန်ရသွား တတ်တယ်။ ပထမတော့ ကလေးရဖို့ အဲဒီလောက် လွယ်မယ်ထင် ခဲ့မိတာ။ လက်တွေ့မှာ ဘယ်လိုပင် ကြိုးစားရုန်းကန်ပေမယ့် အရာထင်မလာခဲ့ဘူး။
တကယ့်လက်တွေ့ဘဝဟာ မြန်မာဇာတ်လမ်းတွေလို မဟုတ်တဲ့အခါ ကျွန်တော်တို့လင်မယားနှစ်ယောက်ဟာ မြန်မာ ပြည်မှာ နာမည်ကြီးတဲ့ သားဖွားမီးယပ်ဆရာဝန်ကြီးနဲ့ သွားပြခဲ့ ကြတယ်။ သူက မေးသင့်မေးထိုက်တာ တွေကို မေးပြီး ““ဘာလို့ အလျင်စလိုဖြစ်နေတာလဲ။ အချိန်တန်ရင် ရပါလိမ့်မယ်””ဆိုတဲ့ မှတ်ချက်စကားပဲ ပြောလိုက်တယ်။ ပြီးတော့ ကျွန်တော့် အမျိုး သမီးသောက်ဖို့ ဆေးတချို့ ပေးလိုက်တယ်။
ဒါပေမဲ့ ကျွန်တော်တို့နှစ်ယောက်ဟာ ကလေးယူချင်နေပြီ ဖြစ်တာကြောင့် နောက်ထပ် သားဖွားမီးယပ်အမျိုးသမီးဆရာ ဝန်ကြီးတစ်ယောက်နဲ့ ထပ်ပြတယ်။ သူဟာလည်း ရန်ကုန် အိုဂျီ လောကမှာ နာမည်ကြီးသူတစ်ယောက်ပါ။ ဒီဆရာ ဝန်ကြီးကျ တော့ ကျွန်တော်တို့နှစ်ယောက်စလုံးကို ဆေးစစ်ခိုင်းတယ်။ ဆေး အဖြေအရ အားလုံးကောင်းပါတယ်။ ဘယ်သူ့မှာမှ ချွတ်ယွင်း ချက်မရှိပါဘူး။
ဒါပေမဲ့ ဆရာဝန်က ကျွန်တော့်အမျိုးသမီး ရာသီစက်ဝန်း ပုံမှန်ဖြစ်မယ့် ဆေးနဲ့ သားဥကြွေဆေး တချို့ ပေးပါတယ်။ အဲဒီ ဆေးတွေသောက်ပြီး ဘယ်အချိန်၊ ဘယ်ကာလတွေမှာ အတူနေ ကြဖို့လည်း ကျွန်တော်တို့ နှစ်ယောက်ကို ဆရာဝန်က ညွှန်ကြား လိုက်ပါတယ်။ ဒီထက် တိကျ၊ ကျိန်းသေတာ ဘာမှ မရှိတော့တဲ့ အတွက် ဒီတစ်ခါတော့ ကလေးရပြီလို့ ခံစားလိုက်ရတယ်။
ဆရာဝန်က အမျိုးသမီးဖြစ်သူ ဓမ္မတာလာပြီး သားဥကြွေ တဲ့အချိန်မှာ အတူနေဖို့ မှာထားပါတယ်။ ဒါပေမဲ့ အဲဒီလို အချိန် ဆိုရင် ကျွန်တော်တို့လင်မယားနှစ်ယောက်ဟာ တစ်ဦးမဟုတ် တစ်ဦး ခရီးထွက်သွားရတာမျိုးနဲ့ ကြုံရပါတယ်။ ပထမတစ်ကြိမ် မှာ တိုက်ဆိုင်သွားတာကြောင့်လို့ ထင်ရပေမယ့် နောက်ထပ် နှစ် ကြိမ်၊ သုံးကြိမ်လောက် ကြုံရတယ်။
ကျွန်တော်တို့အဖြစ်က ဆရာဝန်က ဒီနေ့၊ ဒီရက်မှာ ထီထိုး ရင်ကျိန်းသေပေါက်လိမ့်မယ်လို့ သေချာမှာထားပေမယ့် ကျွန် တော်တို့နှစ်ယောက်ဟာ အဲဒီနေ့မှာ ထီမထိုးဘဲ တခြားရက် တွေမှာ ထီထိုးမိသလိုဖြစ်နေတာပါ။
ဒါကြောင့် ဆရာဝန်မှာထားတဲ့ အတူနေရမယ့်ကာလ ကိုရောက်လို့ ခရီးထွက်ရသည့်တိုင် သူဖြစ်စေ၊ ကျွန်တော် ဖြစ်စေ အဲဒီခရီးကို အတူလိုက်နိုင်ဖို့ ကြိုးစားရပါတယ်။ ဒါပေမဲ့ သုံး၊ လေး နှစ်ကြာတဲ့အထိ ကျွန်တော်တို့ နှစ်ယောက်မှာ သားသမီးရဖို့က ဘာမှထူးခြားမလာပါဘူး။
အဲဒီကာလတွေမှာ တချို့မိတ်ဆွေတွေထံက သားသမီး မယူသေးဘူးလား၊ သားသမီးယူတော့လေ၊ သားသမီးဆိုတာ ရတနာပဲ မျိုးဆက်မပြတ်အောင် ယူရတယ်၊ ကြိုးစားလေ၊ ဆရာ ဝန်တွေနဲ့ ပြကြည့်ပေါ့၊ ဘယ်နေရာမှာ ဘယ်လိုဆုပန်ရင် ရနိုင် တယ်စသဖြင့် မျိုးစုံတဲ့ စကားတွေကို မကြာခဏ ကြားရလေ့ ရှိတယ်။
ပထမတုန်းက သာမန်လို့ထင်ရပေမယ့် မကြာခဏ အမေး ခံ၊ အပြောခံလာရတဲ့အခါ ကျွန်တော်တို့လင်မယားနှစ်ယောက် အတွက် စိတ်အနှောင့်အယှက် ဖြစ်လာတယ်။ သားသမီးမရသေး တာနဲ့ပတ်သက်လို့ ကိုယ်တွေကို မမေးဖူးလို့၊ တကယ် သိချင်လို့ မေးတာကို ပြန်ဖြေရတာ ပြဿနာမရှိပေမယ့် လူတွေ့တိုင်း၊ စကားကြုံတိုင်း “အသက်ကြီးနေပြီနော်၊ ကလေး မယူသေးဘူး လား၊ ငါတောင် ဘယ်နှယောက်ရနေပြီ၊ ကြိုးစားကွ၊ သားသမီးဆို တာ ရတနာပဲ၊ ဆရာဝန်တွေနဲ့ပြကြည့်လေ” ဆိုပြီး ကိုယ့်ကို လူစဉ် မမီတဲ့လူလို သဘောမျိုးနဲ့ အထက်စီးက ပြောဆိုဆက်ဆံခံရတဲ့ အခါ အတော် ခံစားရတယ်။
ကျွန်တော့်ထက် ကျွန်တော့်အမျိုးသမီးက ပိုခံစားရမှာပါ။ ကလေးမယူသေးဘူးလားလို့ နောက်ပိုင်း ကာလတွေမှာ အမေး ခံလာရတဲ့အခါ သူဟာ သည်းခံနိုင်စွမ်း မရှိတော့တာကို တွေ့ရ တယ်။ ကလေးမရရင်ပဲ မိန်းမ မပီသတော့သလိုလို အပြောခံရ တာမျိုးဆိုရင် သူဟာ ဒေါသလည်းထွက်၊ ဝမ်းနည်းစိတ်လည်း ဖြစ်တတ်တာကို တွေ့ရတယ်။
လူတစ်ဦးချင်းစီးရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံနဲ့ သူ့ရဲ့ လူနေမှုပုံစံ အရ ကလေးမရနိုင်သေးတဲ့ သူများအိမ်ထောင်ရေးကိစ္စမှာ ကလေးမယူကြသေးဘူးလား၊ ယူကြတော့လေလို့ အာလာပ သလာပ ပြောတာပြဿနာ မဟုတ်ပေမယ့် သားသမီးဆိုတာ ရတနာကွ၊ ကလေးရမှ လူဖြစ်တာ၊ မျိုးဆက်မပြတ်အောင် ကလေးယူကြစတဲ့ စကားတွေပါ ဆက်ပြီးပြောကြတာဟာ အတော်ကို ယဉ်ကျေးမှုမရှိတဲ့၊ ရိုင်းစိုင်းတဲ့ အပြောအဆိုသာ ဖြစ်တယ်လို့ ကျွန်တော် မြင်မိတယ်။ ကျွန်တော်တို့ မိတ်ဆွေ အသိုင်းအဝိုင်းထဲမှာတော့ အဲဒီလို မိတ်ဆွေမျိုးက မရှိသလောက်ပါ။
အဲဒီလိုမျိုး ကြုံတွေ့ရတဲ့အချိန်မှ ကျွန်တော်တို့ လူမျိုး အများစုရဲ့ မကောင်းတဲ့ အလေ့တစ်ခုကို သတိထားမိခဲ့တယ်။ အိမ်ထောင်မကျသေးတဲ့ လူပျို၊ အပျိုတွေနဲ့တွေ့ရင် “မတွေ့တာ ကြာပြီ၊ အရင်အတိုင်းပဲလား၊ အိမ်ထောင်မပြုသေးဘူးလား၊ အသက်ကြီးနေပြီနော်”၊ ခန်္ဓာကိုယ် ဝတဲ့သူ၊ ပိန်တဲ့သူနဲ့တွေ့ရင် “ဝလာတယ်နော်၊ ပိန်လာတယ်နော်” စသဖြင့် နှုတ်ဆက်ကြတယ်။
ကျွန်တော်တို့လို ကလေးမရသေးတဲ့ အိမ်ထောင်သည် တွေနဲ့ တွေ့ရင်လည်း “ကလေးမယူသေးဘူးလား၊ ကလေးယူ တော့လေ၊ သားသမီးဆိုတာ ယူကောင်းတယ်” ဆိုတဲ့ စကားလုံး တွေနဲ့ တစ်ဦးနဲ့တစ်ဦးတွေ့တဲ့အခါ အရင်ဆုံး နှုတ်ဆက်ကြတယ်။
ခန္ဓာကိုယ်ဝတာ၊ ပိန်တာ၊ အိမ်ထောင်ပြုတာ၊ ကလေးယူ တယ်ဆိုတာ ကိုယ်လုပ်ချင်တိုင်းလုပ်လို့ ရတဲ့ကိစ္စမှ မဟုတ်တာ။ လူတစ်ဦးချင်းစီရဲ့ ကျန်းမာရေးနဲ့ဆိုင်တယ်၊ လူတစ်ဦးချင်းစီရဲ့ လူနေမှုပုံစံနဲ့ဆိုင်တယ်။ တခြားသော ကိုယ်မမြင်နိုင်တဲ့ နောက် ကွယ်က လူမှုရေးကိစ္စတွေနဲ့ ဆိုင်တယ်။ ကာယကံရှင်ကိုယ်တိုင် ပြောင်းလဲလို့ မရနိုင်လို့ ပြဿနာဖြစ်နေတဲ့ ကိစ္စတွေလည်း ရှိနိုင်တယ်။
ဒါပေမဲ့လည်း ကျွန်တော်တို့ လူအဖွဲ့အစည်းမှာ အဲဒါကို နှုတ်ဆက်စကားသဖွယ် တွေ့တိုင်းမေး၊ တွေ့တိုင်းပြောနေတဲ့ သဘောဟာ “မင်း ဘာလို့ အဲဒီလိုကြီး ဝနေတာတုံး/ ပိန်နေတာ တုံး။ ဘာလို့ အိမ်ထောင် မပြုနိုင်ရတာလဲ၊ ဘာလို့ ကလေးမရနိုင် တာလဲ။ ဒါလေးတောင် မစွမ်းနိုင်ဘူးလား၊ ညံ့လိုက်တာကွာ”လို့ သဘောဆောင်တဲ့ တစ်ဖက်သားကို အပြစ်တင်တဲ့ နှုတ်ဆက် စကားလို ဖြစ်နေတယ်။
“ကလေးမယူသေးဘူးလား၊ အသက်ကြီးပြီးနော်၊ သား သမီးဆိုတာ ရတနာပဲ၊ ယူသင့်တယ်” ဆိုတဲ့စကားတွေဟာလည်း “မင်းတို့ ကလေးမရနိုင်ကြဘူးလား၊ ကလေးယူသင့်တယ်ဆိုတာ တောင် မင်းတို့ နားမလည်ကြဘူးလား၊ ဒီလောက်တောင် အရည် အချင်းမရှိဘူးလား”ဆိုတဲ့ အပြစ်တင်သလိုလို၊ လူစဉ်မမီတော့ သလိုလို သဘောမျိုးဖြစ်နေတယ်။
တကယ်တော့ နှုတ်ဆက်သူက ဘယ်လိုသဘောထားမှ မရှိဘဲ နှုတ်ဆက်စကားအဖြစ် ပြောလိုက်ပေမယ့် အပြောခံရတဲ့ သူက ခဏခဏ အပြောခံလာရတဲ့အခါ စိတ်အနှောင့်အယှက်ဖြစ် ရတာမျိုး ရှိနိုင်သလို ဥပက္ခာပြုထားရတာမျိုးတွေလည်း ရှိနိုင်တယ်။
တချို့မိတ်ဆွေတွေကျတော့ သူတို့မှာ ကောင်းတဲ့ အကြံ ဉာဏ်တွေရှိလို့ ရည်ရွယ်ချက်နဲ့ မေးတာ၊ အကြံပေးတာတွေလည်း ရှိပါတယ်။ ကျွန်တော်တို့ ကလေးမရသေးတဲ့အခါ အတွေ့ အကြုံရှိတဲ့ ကျွန်တော်တို့ရဲ့ မိတ်ဆွေတချို့က အပန်းဖြေ ခရီး ထွက်ကြဖို့၊ လေကောင်းလေသန့်ရတဲ့နေရာမှာ အေးအေးလူလူနေ၊ အပူအပင်တွေကို ခဏမေ့ထားပြီး ကလေးယူဖို့ အကြံပြုကြတယ်။
ကျွန်တော်တို့ နှစ်ယောက်စလုံးကလည်း ရုံးတက်၊ ရုံးဆင်း လုပ်ရ၊ မကြာခဏခရီးထွက်ရတဲ့ ဝန်ထမ်းတွေ ဖြစ်တာကြောင့် တစ်ဦးနဲ့ တစ်ဦး တွေ့ဖို့အချိန် နည်းတာက တစ်ကြောင်း၊ မိတ်ဆွေတွေက အနားယူဖို့ အကြံပေးတာက တစ်ကြောင်းကြောင့် ကျွန်တော့်အမျိုးသမီးဟာ အလုပ်က အနားယူလိုက်တယ်။
အဲဒီတော့ ကျွန်တော်တို့နှစ်ယောက် တွေ့ဖို့အချိန်က အများကြီးရသွားတယ်။ တစ်ဖက်မှာ ဆရာဝန်နဲ့လည်း ပုံမှန်ပြ နေဆဲပါ။ ဆရာဝန်ဩန်ကြားထားတဲ့အတိုင်း အမျိုးသမီး သားဥ ကြွေတဲ့ရက်မှာ (သားဥကြွေ၊ မကြွေကို ဆီးစစ်တံနဲ့ စစ်ရတာပါ။) ကျွန်တော်တို့ အတူနေဖြစ်ကြပါတယ်။ နောက်ပိုင်း ရန်ကုန်မြို့ ထဲကနေ ခြံဝင်းနဲ့နေရတဲ့ သန်လျင်မြို့ဘက်ကို ပြောင်းနေကြ တယ်။ ဒါပေမဲ့ ဘာမှမထူးခြားခဲ့ပါဘူး။
ခရီးတွေထွက်ရလို့ ဘုရားတွေဖူးတဲ့အခါ သားဆုပန်လို့ ရတယ်လို့ ဆိုတဲ့ ညောင်ပင်ကြီးတွေအောက်ကို ရောက်ရင် ဦးချ ရှိခိုးတာမျိုး မလုပ်ရင်တောင် စိတ်ထဲကတော့ သားသမီးရဖို့ကို ဆုတောင်းမိတာတော့ အမှန်ပဲ။
ဒါပေမဲ့ အိမ်ထောင်ကျပြီး ခုနစ်နှစ်ထဲ ရောက်လာတဲ့အထိ သားသမီးရဖို့အရေးက ဘာမှ ထူးခြားမလာပါဘူး။ အဲဒီအခါ ကျွန်တော့်အမျိုးသမီးက “မရလည်း မယူတော့ပါဘူး။ မရလို့ လည်း ဘာမှ မဖြစ်ပါဘူး” ဆိုတဲ့ အတွေးဖြစ်လာတယ်။
ကျွန်တော်က အဲဒီလို မတွေးဖို့ သူ့ကို ဖျောင်းဖျရတယ်။ တစ်နေ့နေ့မှာ ရလိမ့်မယ်လို့လည်း ခံစားရတယ်။ ကျွန်တော်တို့ အတွက် ကလေးရရင်လည်း ကောင်းသလို မရရင်လည်း ဘာ ပြဿနာမှ မရှိကြောင်း နှစ်သိမ့်ရတယ်။ သူ့အရှေ့မှာ ကလေး လိုချင်လိုက်တာကွာလို့ မညည်းမိဖို့ သတိထားရတယ်။ ပြီးတော့ မိသားစုဘဝလေးနဲ့ နေချင်ခဲ့တဲ့ ကျွန်တော့်စိတ်ကူးကိုလည်း တစ်ခါမှ သူ့ကို ပြောမပြခဲ့ဘူး။
နောက်တစ်ခုက သားသမီးရှိမှ ဘဝက ပျော်စရာကောင်း မယ်၊ သားသမီးရှိမှ ပြည့်စုံမယ်၊ သားသမီးရမှ လူဖြစ်မယ်ဆိုရင် တကယ်၍ သားသမီးမရခဲ့ရင် ကျွန်တော်တို့ ပိုင်ဆိုင်ခဲ့ရတဲ့ ဘဝ ကြီးက ပျော်စရာ မကောင်းတော့ဘူးလား၊ မပြည့်စုံတော့ဘူး လား၊ ကျွန်တော်တို့က လူမဖြစ်တော့ဘူးလား။ ကျွန်တော်တို့ဘဝ ကို ဒီတစ်ခုတည်းနဲ့ အဆုံးသတ်လိုက်ရမှာလား။
လူတွေအားလုံး ဒုက္ခတွေထဲ ရောက်နေတာချင်းအတူတူ ဘာလို့ကိုယ်က သူများတွေထက်ထူးပြီး ဒုက္ခခံနေရဦးမှာလဲ။ ကျွန်တော်ကတော့ နှစ်ယောက်တည်းလည်း ပျော်တယ်။ လွတ် လွတ်လပ်လပ်ရှိတယ်။ ဘဝကို ရိုးရိုးရှင်းရှင်းနဲ့ နှစ်ယောက်တည်း ဖြတ်သန်းသွားရလည်း ကျေနပ်တယ်။
ကျွန်တော့်အတွက် သားသမီးရမှ လူဖြစ်မှာ မဟုတ်ပါဘူး။ အမေက မွေးပြီး အဖေက ကြီးပြင်းအောင် ကျွေးမွေးစောင့်ရှောက် လာကတည်းက လူဖြစ်လာပြီးသားလို့ မှတ်ယူတယ်။ တချို့က သားသမီးရမှ မိဘကျေးဇူး နားလည်တာလို့ ပြောကြတယ်။ ကျွန်တော့်အတွက်တော့ သိတတ်စအရွယ်ကတည်းက မိဘကျေးဇူး ကို နားလည်ပြီးသားလို့ ခံစားရတယ်။
သားသမီးဆိုတာ ရတနာပဲ၊ ကိုယ်တွေ အသက်ကြီးလာတဲ့ အခါ ကြည့်ရှုစောင့်ရှောက်ပေးဖို့ ကျောထောက် နောက်ခံအဖြစ် သားသမီးဆိုတာ ယူရတယ်လို့ ပြောတာရှိတယ်။ ကျွန်တော့်စိတ် ထဲတော့ သားသမီးရှိလျက်နဲ့ လမ်းဘေးရောက်နေတဲ့ မိဘတွေ၊ စွန့်ပစ်ခံရသူတွေဟာ ဘိုးဘွားရိပ်သာတွေနဲ့ တရားရိပ်သာတွေ မှာ ထားစရာနေရာတောင် မရှိပါဘူး။
ကံတရားဆိုတာ ပုံသေကားကျ အတိအကျသတ်မှတ်ထားလို့မရတာကြောင့် လက်ရှိ ရှိနေတဲ့အခြေအနေမှာ အကောင်း ဆုံးနေထိုင်နိုင်ဖို့ပဲ အရေးကြီးတယ်လို့ မြင်တယ်။
ကျွန်တော့်အမျိုးသမီးက ကိုယ်တိုင်မမွေးနိုင်ပေမယ့် သူ များတွေ မွေးပြီး စွန့်ပစ်ထားတဲ့ ကလေးတွေကို မွေးစားဖို့ အကြံ ပြုတယ်။ ဒါပေမဲ့ ကိုယ့်သားသမီးပုံစံမျိုးနဲ့ ကိုယ့်စိတ်ကို လှည့်စား ရမယ့် အခြေအနေမျိုးကြီးကို ကျွန်တော် မနေချင်ဘူး။ မွေးစား မယ်ဆိုရင်လည်း လေး၊ ငါးယောက်လောက်ကို မွေးစားတယ် ဆိုတဲ့ ပုံစံမျိုးနဲ့ပဲ ပွင့်ပွင့်လင်းလင်း မွေးစားချင်တယ်လို့ ဆိုတာ ကြောင့် ကျွန်တော်တို့နှစ်ယောက်ကြား ညှိနှိုင်းမရဘဲ မွေးစားဖို့ အစီအစဉ် မလုပ်ဖြစ်ခဲ့ပါဘူး။
နောက်တော့ ကျွန်တော်တို့နှစ်ယောက် ရန်ကုန်မြို့ကနေ မိန်းမရဲ့ဇာတိဖြစ်တဲ့ သံတွဲမြို့ကို ပြောင်းနေလိုက်ကြပါတယ်။ အိမ်ပြောင်းသွားတဲ့ကိစ္စက ကလေးရခြင်း၊ မရခြင်းနဲ့ မဆိုင်ပါဘူး။ အသက် ၄ဝ နှစ်ပြည့်တဲ့အခါ နယ်မှာပြောင်းနေကြမယ်လို့ လင် မယားနှစ်ယောက် အရင်ကတည်းက တိုင်ပင်ထားခဲ့တာကြောင့် အသက်မပြည်သေးခင် အချိန်မှာပဲ စောစောပြောင်းသွားကြတဲ့ သဘောပါ။
သံတွဲကိုရောက်တော့ ကျွန်တော်တို့ ကလေးယူဖို့ကိစ္စကို မေ့မေ့ပျောက်ပျောက် ဖြစ်သွားကြပါပြီ။ ရရင်လည်း ယူမယ်၊ မရရင်လည်း နှစ်ယောက်တည်း အေးအေးဆေးဆေးနေမယ် ဆို တဲ့ စိတ်ကူးနဲ့ပါ။ ကျွန်တော်တို့ နှစ်ယောက်စလုံးလည်း အလုပ် တွေနားထားကြလို့ စိတ်အား၊ လူအားနေတဲ့ အချိန်ပါ။
ကျွန်တော်တို့ သံတွဲပြောင်းသွားခဲ့တာ ဧပြီလမှာပါ။ သံတွဲ မှာ သုံးလလောက်နေပြီးနောက် မမျှော်လင့်ထားတဲ့အချိန်၊ အမျိုးသမီးမှာ ကိုယ်ဝန်ရှိနေပြီဆိုတာ သိလိုက်ရတယ်။ ကလေးရ လို့ အံ့သြမိတာကလွဲလို့ မြန်မာဇာတ်ကားတွေထဲကလို ခုန်ပေါက် ရတဲ့အထိ ပျော်ရွှင်တာမျိုး မဖြစ်တာတော့ အမှန်ပဲ။
ကျွန်တော့်အမျိုးသမီးမှာ ကလေးရတယ်ဆိုတော့ ကလေး မရသေးတဲ့ သူ့မိတ်ဆွေတချို့ သူ့ကို လာတွေ့ကြပါတယ်။ သူတို့ရဲ့ အကြောင်းလေးတွေပြောပြရင်း နည်းလမ်းတွေ မေးကြတယ်လို့ သိရတယ်။ ကျွန်တော် သူတို့ကိုကြည့်ပြီး ကိုယ်ချင်းစာစိတ် ဖြစ်မိ တယ်။ သူတို့ဟာ ကလေးရခြင်း၊ မရခြင်းဆိုတာထက် သူတို့ ပတ် ဝန်းကျင်ကို “ဒီမှာတွေ့လား၊ ငါ မညံ့ဘူး”ဆိုတဲ့ သက်သေပြချင်တဲ့ မခံချင်စိတ်တွေက ပိုများနေလေမလားလို့ တွေးမိတယ်။ ကလေး မရလို့ဆိုပြီး စိတ်ညစ်ညစ်နဲ့ ကုန်ဆုံးသွားရမယ့် ဘဝတစ်ခုကို လည်း မဖြစ်စေချင်ဘူး။
ကျွန်တော်တွေးမိတာကတော့ သားသမီးရဖို့ကို ဆရာဝန် တွေနဲ့ တိုင်ပင်သင့်တာတိုင်ပင်၊ ပြီးတော့ ကိုယ်တွေ လင်မယား ကြား အပြန်အလှန်နားလည်မှုနဲ့ ချစ်ချစ်ခင်ခင်နေကြမယ်ဆိုရင် သားသမီးရနိုင်ဖို့ နီးစပ်လိမ့်မယ်လို့ ယူဆပါတယ်။ အကယ်၍ သားသမီးမရခဲ့ဘူးဆိုရင်တောင်မှ ကိုယ်တွေ လင်မယားနှစ် ယောက် ချစ်ချစ်ခင်ခင် နေရတာက အမြတ်ပဲလို့ တွေးမိတယ်။
နောက်တစ်ခုက လက်ရှိ ကျွန်တော့်မှာ တွယ်တာစရာဆိုလို့ အမေရှိတယ်၊ အစ်ကိုရှိတယ်၊ ပြီးတော့ ဇနီးရှိတယ်။ သူတို့အရင် ကျွန်တော်သာ သေသွားခဲ့မယ်ဆိုရင် သူတို့ကို ဘယ်လို သံယောဇဉ်တွေ ဖြတ်ရပါ့မလဲလို့ ကျွန်တော် မကြာခဏ တွေးမိ တယ်။ အဲဒီအတွက် အဆင်သင့်ဖြစ်နေအောင်လည်း သေသူတစ် ယောက်ရဲ့နေရာက မကြာခဏဝင်ခံစားပြီး သံယောဇဉ်ဖြတ် ကြည့်တယ်။ အကယ်၍ ကျွန်တော့်မှာ သားသမီးတွေသာ ထပ်ရှိ လာမယ်ဆိုရင် တွယ်တာစရာ သံယောဇဉ်တွေ ထပ်တိုးလာဖို့ပဲ ရှိပါတယ်။
ဒါကြောင့် သားသမီးမရှိဘဲ သံယောဇဉ်တွယ်တာစရာ အနှောင်အဖွဲ့ကင်းကင်းနဲ့ ရိုးရိုးရှင်းရှင်းဘဝကို ဖြတ်သန်းသွားရ တာလည်း ကုသိုလ်ကံတစ်မျိုးပါ။ အဲဒီတော့ သားသမီးမရသေးတဲ့ အိမ်ထောင်သည်တွေအနေနဲ့လည်း အတွယ်အတာ အနှောင် အဖွဲ့ကင်းပြီး ရိုးရှင်းတဲ့ဘဝကို နှစ်ကိုယ်တူဖြတ်သန်းရတာလည်း ကျေနပ်စရာလို့ ကျွန်တော်တွေးမိတယ်။