ဤ သုံးသပ်ချက်ကို စာရေးသူ ဆောင်ရွက်ဆဲ ဖြစ်သော “ရခိုင်ပြည်နယ်ရှိ ကင်းစခန်းများ စီးနင်းတိုက်ခိုက်မှု ဖြစ်စဉ်နှင့် စပ်လျဉ်းသည့် သတင်း အချက်အလက်များ စောင့်ကြည့်ခြင်းနှင့် အင်တာနက် လူမှုကွန်ရက် အသုံးပြုသူ အုပ်စုများ၏ ထင်မြင်ချက်နှင့် တုံ့ပြန်မှုကို လေ့လာခြင်း” မှ ရရှိလာသည့် တွေ့ရှိချက် တစ်စိတ်တစ်ဒေသကို ထုတ်နုတ်၍ ရေးသားထားခြင်း ဖြစ်သည်။ သုတေသနစာတမ်း မဟုတ်ကြောင်း ကြိုတင် အသိပေးအပ်သည်။
၂၀၁၆ အောက်တိုဘာ ၉ ရက် နံနက် အရုဏ်တက်တွင် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ရသေ့တောင်မြို့နယ်တို့ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းများ စီးနင်းတိုက်ခိုက်ခံရမှု ဖြစ်ပွားပြီးနောက် ဖြစ်စဉ်နှင့် ပက်သက်သည့် သတင်း အချက်အလက်များကို စာနယ်ဇင်း သတင်းထုတ်လုပ် ဖြန့်ချိရေး လုပ်ငန်းခွင်နှင့် မရင်းနှီးသော သာမန် ပြည်သူများ သာမက ပြည်တွင်းပြည်ပ စာနယ်ဇင်း သတင်းဌာန အချို့ကပါ လောကီ လောကုတ္တရာ ကောင်းကျိုးချမ်းသာကို ပျက်စီးစေတတ်သော နည်းလမ်းများဖြင့် ချဉ်းကပ်၍ သတင်း ပေးပို့ ထုတ်လုပ် ဖြန့်ချိခဲ့ကြောင်း တွေ့ရှိရသည်။
အကျိုးဆက် အနေဖြင့် ပြည်တွင်းနေ ဗုဒ္ဓဘာသာဝင်နှင့် အစ္စလာမ်ဘာသာဝင် ပြည်သူလူထု အတွင်း စိုးရိမ်ပူပင်မှု မြင့်တက်လာခြင်း၊ သံသယ ကြီးထွားလာခြင်း အစရှိသည်တို့ ဖြစ်ပေါ်လာ၏။ ဤသို့ ဖြစ်ရခြင်းမှာ အစိုးရ ပြန်ကြားရေး တာဝန်ရှိသူတို့၏ သတင်း အချက်အလက် စီမံခန့်ခွဲမှု အားနည်းခြင်းကြောင့် ဖြစ်ပေါ်ကြောင်း တွေ့ရှိရသည်။ အထူးသဖြင့် သတင်း အချက်အလက်များကို အချိန်နှင့် တစ်ပြေးညီ ထုတ် ပြန်ရာတွင် နှောင့်နှေး ကြန့်ကြာခြင်း၊ ရေရာမှု မရှိခြင်းတို့ကြောင့် ရှုပ်ထွေးသည့် ပဋိပက္ခ အခြေအနေ အရပ်ရပ်ကို နိုင်ငံရေး အမြတ်ထုတ်လိုသူများ အတွက် အခွင့်အရေးရစေသည်။
ရခိုင်ပြည်နယ်ရှိ လူမှုရေး၊ ဘာသာရေး၊ နိုင်ငံရေး အကျပ်အတည်းများနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ဆောင်ရွက်ချက်
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားပြီး၊ ဖြစ်ပွားဆဲ၊ ဖြစ်ပွားလတ္တံ့သော ပဋိပက္ခ အကြမ်းဖက်မှုများသည် နက်နဲသော သမိုင်းကြောင်း၊ ကွဲပြားသော အယူအဆနှင့် ရှုပ်ထွေးသော အတွေ့အကြုံများဟူသည့် အကြောင်းတရားများ ထိပ်တိုက် ရင်ဆိုင်ရာမှ ထွက်ပေါ်လာသော အကျိုးဆက် ဖြစ်သဖြင့် ဤ ပြဿနာကို နေ့ချင်းညချင်း ဖြေရှင်းနိုင်မည့် ဆေးမြီးတို ရှိလိမ့်မည် မဟုတ်ချေ။ မျိုးဆက် သုံးဆက်ခန့် ရေရှည် အချိန်ယူပြီး လောကဓမ္မ တရားမျှတစွာ ဖြေရှင်းရမည်ဖြစ်သည်ဟု ယူဆမိသည်။
လွတ်လပ်ရေး ရရှိပြီးနောက် အုပ်ချုပ်ခဲ့သော အစိုးရ အဆက်ဆက်သည် ရှုပ်ထွေးနက်နဲပြီး အကဲဆတ်သော ရခိုင်အရေးကို ဖြေရှင်းရန်ကြိုးစားခဲ့သော်လည်း ပြည်တွင်းရေး ကိစ္စတစ်ရပ်အဖြစ်သာ ရှုမြင် သုံးသပ်ပြီး ဖြေရှင်းခဲ့ကြသောကြောင့် အရာမထင်ခဲ့၊ ပြေလည်မှု မရရှိခဲ့ပေ။ စင်စစ် ရခိုင်အရေးသည် နိုင်ငံတကာကိစ္စတစ်ရပ် အဖြစ်သို့ အသွင်ပြောင်းလဲ ရောက်ရှိခဲ့သည်မှာ ၁၉၇၈ ကပင် ဖြစ်ပြီး နဂါးမင်း စစ်ဆင်ရေး အပြီးတွင် အမေရိကန် ပြည်ထောင်စုနှင့် အစ္စလာမ္မစ် နိုင်ငံ အချို့က ရခိုင်အရေးကို နိုင်ငံတကာ အရေးကိစ္စ အဖြစ် ရှုမြင်ကာ ဆွေးနွေးမှု၊ လေ့လာ စောင့်ကြည့်မှုများ စတင်ခဲ့ကြသည်။
၂၀၁၅ ရွေးကောက်ပွဲ ရလဒ်နှင့် အညီ ပေါ်ထွန်းလာသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဦးဆောင်သော အစိုးရ ဖွဲ့စည်းပြီးချိန်၊ မြန်မာနိုင်ငံတော်၏ အရိုက်အရာကို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဆက်ခံ ရယူပြီးနောက် ရခိုင်အရေးကို နိုင်ငံတကာကိစ္စတစ်ရပ် အဖြစ် ရှုမြင်ပြီး နိုင်ငံတကာ အဖွဲ့အစည်းများ၊ သြဇာတိက္ကမ ပြည့်စုံသော ကမ္ဘာ့ခေါင်းဆောင်များနှင့် ပူးပေါင်း၍ “ရှဉ့်လည်း လျှောက်သာ၊ ပျားလည်း စွဲသာ” ဖြစ်စေမည့် ဖြေရှင်းနည်း ရှာဖွေလျက် ရှိသည်ကို တွေ့ရသည်။ ပြဿနာ ဖြေရှင်းရေးတွင် မနုဿသုခဝါဒ သို့မဟုတ် လူသားလုံခြုံရေးလမ်းစဉ် (Human Security) ကို ကျင့်သုံးဖွယ် ရှိကြောင်း ယူဆမိသည်။
ပြည်တွင်းပြည်ပ နိုင်ငံရေး သြဇာတိက္ကမနှင့် အာဏာ ခိုင်မာစွာ ရရှိထားသော နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ကာလ အတွင်း ရခိုင်အရေးကို ပြေလည်အောင် ဆောင်ရွက်မှုအား လက်ခံ လိုက်နာခြင်း မရှိလျှင် နောက်နောင် မည်သည့် အခါတွင်မှ ဤ အရေးကို ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ချေ။
သို့သော် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်အရေးကို ဖြေရှင်းရန် အစွမ်းကုန် ကြိုးစားနေသည့် အခိုက်တွင် “မြွေပူရာ ကင်းမှောင့်” ဖြစ်စေသော အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး လက်ရှိ ကာလတွင် အာဏာပိုင် အဖွဲ့အစည်းများက တရားဥပဒေ စိုးမိုးရေးနှင့် အမိန့်အာဏာ တည်တံ့ရေး လုပ်ငန်းများကို လူထုနှင့် ပူးပေါင်း၍ ဆောင်ရွက်နေရဆဲ ဖြစ်သည်။ တရားဥပဒေ စိုးမိုးပြီး အမိန့်အာဏာ တည်တံ့မှသာလျှင် ပဋိပက္ခ ဖြေရှင်းရေးနှင့် ငြိမ်းချမ်းမှု တည်ဆောက်ရေးကို ဆောင်ရွက်နိုင်မည် ဖြစ်သည်။
တြိဂံသဏ္ဌာန်ပဋိပက္ခ
ရခိုင်ပြည်နယ်ရှိ လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေး အကျပ်အတည်း ပဋိပက္ခကို ယေဘုယျ အနေဖြင့် “တြိဂံသဏ္ဌာန်ပဋိပက္ခ” (Triangular Conflict) ဖြစ်သည် ဟု ဆိုသော် သင့်နိုးအံ့သည်။ ဤ တြိဂံသဏ္ဌာန်ပဋိပက္ခတွင်
(၁) ရခိုင်ဗုဒ္ဓဘာသာဝင်များ (သို့မဟုတ်) လူမျိုးရေးနှင့် ဘာသာရေးကို အခြေခံသော ရခိုင်အမျိုးသားရေးဝါဒီများ၊
(၂) ရခိုင်မဟုတ်သော မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင် (သို့မဟုတ်) လူမျိုးရေးနှင့် ဘာသာရေးကို အခြေခံသော မြန်မာအမျိုးသားရေးဝါဒီများ၊
(၃) ဘင်္ဂလီ* အစ္စလာမ် ဘာသာဝင်များ (သို့မဟုတ်) လူမျိုးရေးနှင့် ဘာသာရေးကို အခြေခံသော ဘင်္ဂလီ* အမျိုးသားရေးဝါဒီများ (မှတ်ချက် – ဤ အစုတွင် ရခိုင်ပြည်နယ်ရှိ ဘင်္ဂလီ* မဟုတ်သူ အစ္စလာမ် ဘာသာဝင် အချို့လည်း ပါဝင်သည်။)
ဟူသော အုပ်စု သုံးစု ပါဝင်မှု ရှိနေ၏။ ဤ စကားရပ်တို့တွင် သုံးစွဲသော အမျိုးသားရေးဝါဒီ ဟူသည်မှာ လွန်ကဲသောအမျိုးသားရေးဝါဒီ (Ultra Nationalist) ကို ဆိုလိုပေသည်။ နောင်လာမည့် စာပိုဒ်များတွင် သုံးစွဲထားသော အမျိုးသားရေးဝါဒီ ဆိုသည်မှာလည်း လွန်ကဲသောအမျိုးသားရေးဝါဒီ ကို ဆိုလိုကြောင်း တစ်ပါတည်း ဖော်ပြအပ်ပါသည်။
အထက် ဖော်ပြပါ အုပ်စု သုံးစု အတွင်း တစ်ဘက်နှင့် တစ်ဘက် အပြန်အလှန် မနှစ်သက်မှု၊ မလိုလားမှု၊ မုန်းတီးမှု ရှိနေပြီး လူမှုရေးရာ ဖြစ်စဉ်များကြောင့် ပေါ်ပေါက်လာသည့် ကွဲပြားခြားနားသော အရှိတရားဖြစ်စဉ်များ (Multiple Realities) ရှိနေသည်ကို သတိပြုရာ၏။
ပဋိပက္ခ ဖြေရှင်းရေး၊ ငြိမ်းချမ်းမှု တည်ဆောက်ရေးနှင့် သတင်းအချက်အလက် စီမံခန့်ခွဲရေး
ပဋိပက္ခ ဖြေရှင်းရေးနှင့် ငြိမ်းချမ်းမှု တည်ဆောက်ရေး ဆိုင်ရာ သဘောတရား အမျိုးမျိုး၊ နည်းနာလုပ်ထုံး အဖုံဖုံ ရှိပါ၏။ သို့သော် အောက်ဖော်ပြပါ အကြောင်းအရာ လေးခုကို ထည့်သွင်း စဉ်းစား၍ ဖြေရှင်းမှသာ အောင်မြင်မည် ဖြစ်ပေသည်။ ၎င်းတို့မှာ
(၁) ပဋိပက္ခ ဖြစ်ပွားစေသည့် အခြေခံ အကြောင်းတရားများကို ဖော်ထုတ်၍ ဖြေရှင်းခြင်း၊
(၂) ရေမြေဒေသ၏ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အခြေအနေနှင့် သင့်လျော်သော နည်းလမ်း ရှာဖွေခြင်း၊
(၃) ရေရှည် တည်တံ့ ခိုင်မြဲသော ငြိမ်းချမ်းမှု တည်ဆောက်ရေးကို ရှေးရှုခြင်း၊
(၄) ဒေသ အတွင်းရှိ ရင်းမြစ်များကို ထိရောက်စွာ အသုံးချ၍ ငြိမ်းချမ်းမှုကို ထိန်းသိမ်းခြင်း၊
ဖြစ်သည်။
ပဋိပက္ခ ဖြေရှင်းရေးနှင့် ငြိမ်းချမ်းမှု တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဟုတ်မှန်၍ အကျိုး ရှိသော သတင်း အချက်အလက်များ အချိန်မီ ထုတ်လုပ် ဖြန့်ချိခြင်းသည် လွန်စွာမှပင် အရေးပါ၏။ ဟုတ်မှန်ခြင်း ကင်းမဲ့သော၊ အကျိုးမဲ့ ဖြစ်စေတတ်သော၊ ခိုင်လုံတိကျမှု မရှိသော၊ ဓမ္မဓိဌာန် ကျနမှု မရှိသော၊ ဘက်လိုက်မှု မကင်းသော၊ မျှတမှု မရှိသော၊ လုပ်ကြံဖန်တီးထားသော၊ စိတ်ကူးယဉ် မှန်းဆချက်ကို အခြေခံသော သတင်း အချက်အလက်များ ဖြန့်ချိခြင်းသည် ပဋိပက္ခကို “မီးလောင်ရာ လေပင့်” သည့်နှယ် ဖြစ်စေတတ်၏။ ဟုတ်မှန်လင့်ကစား အကျိုးမရှိသော သတင်းအချက်အလက် ထုတ်လုပ်ဖြန့်ချိခြင်းသည် လောကီ လောကုတ္တရာ ကောင်းကျိုးချမ်းသာကို ဖျက်စီးတတ်၏။ သတင်း အချက်အလက် စီမံခန့်ခွဲရေးသည် ပဋိပက္ခ ဖြေရှင်းရေးနှင့် ငြိမ်းချမ်းမှု တည်ဆောက်ရေးတွင် အလွန် အရေးပါသည်ကို အကျယ် မချဲ့တော့ပြီ။
ကင်းစခန်းများ စီးနင်းတိုက်ခိုက်ခံရမှု ဖြစ်ပွားပြီးနောက် ပေါ်ပေါက်လာသော ကောလာဟလနှင့် မှန်းဆချက်များ (Conspiracy Theory)
စီးနင်းတိုက်ခိုက်ခံရမှု ဖြစ်ပွားပြီးနောက် နာရီပိုင်း အတွင်း ပေါ်ထွက်လာသော ကောလာဟလများ၊ မှန်းဆသုံးသပ်ချက်များ၊ Online သတင်းဖြန့်ချိမှုများကို အကြမ်းဖျင်း ခွဲခြမ်းကြည့်လျှင်
(၁) နိုင်ငံရေး လှည့်ကွက် ဖြစ်သည် ဟူသော ယူဆချက်။
(၁ – က) ရခိုင်လက်နက်ကိုင်အဖွဲ့ဖြစ်သော ရက္ခိုင့်တပ်မတော် (Arakan Army) ၏ ရခိုင်ပြည်နယ် အတွင်း ထိုးဖောက် ဝင်ရောက်မှုကို ထိန်းချုပ်ရန် ရည်ရွယ်၍ ရခိုင်ပြည်နယ်ရှိ အစ္စလာမ်ဘာသာဝင်များနှင့် ရခိုင်လူမျိုး ဗုဒ္ဓဘာသာဝင်များ အကြား ပြဿနာ ဖြစ်ပွားစေရန် တပ်မတော်နှင့် မြန်မာလူမျိုးအဓိကဝါဒီ (Myanmar Supremacist) တို့ကြံစည် အားထုတ်သည့် နိုင်ငံရေး လှည့်ကွက် ဖြစ်သည် ဟူသော ယူဆချက်၊
(၁ – ခ) ဒေါ်အောင်ဆန်းစုကြည် ဦးစီးဆောင်ရွက်နေသည့် ဒီမိုကရေစီ ပြောင်းလဲမှု ဖြစ်စဉ်ကို မလိုလားသူတို့က တပ်မတော် (သို့မဟုတ်) ဦးအေးမောင် ဦးဆောင်သော ရခိုင်အမျိုးသားပါတီ (ဂိုဏ်းခွဲ) ကို အသုံးချကာ ဘာသာရေး ပဋိပက္ခ ဖန်တီးပြီး အာဏာ သိမ်းယူရန် ကြံစည် အားထုတ်မှု နိုင်ငံရေး လှည့်ကွက် ဖြစ်သည် ဟူသော ယူဆချက်၊
(၁ – ဂ) ရခိုင်ပြည်နယ်ရှိ အစ္စလာမ်ဘာသာဝင်များကို အဆုံးစွန်နှိပ်ကွပ်ရန် ဖန်တီးလိုက်သော လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ ထောင်ချောက် ဖြစ်သည် ဟူသော ယူဆချက်၊
(၁ – ဃ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သော ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို အကျပ်အတည်း ဖြစ်စေရန် ရခိုင်လက်နက်ကိုင်အဖွဲ့ဖြစ်သော ရက္ခိုင့်တပ်မတော် (Arakan Army) နှင့် RSO (Rohingya Solidarity Organization) ဟု အမည်တပ်ထားသော ရိုဟင်ဂျာ သွေးစည်း ညီညွတ်ရေး အဖွဲ့ တို့ ပူးပေါင်း ကြံစည်သည့် နိုင်ငံရေး လှည့်ကွက် ဖြစ်သည် ဟူသော ယူဆချက်၊
(၁ – င) ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် ဖြစ်ပွားနေသော စစ်ပွဲများနှင့် တိုက်ပွဲ အတွင်း အရပ်သား သေဆုံးမှုများကို အာရုံလွှဲရန် တပ်မတော်က ဖန်တီးလိုက်သော နိုင်ငံရေး လှည့်ကွက် ဖြစ်သည် ဟူသော ယူဆချက်၊
(၁ – စ) တပ်မတော်နှင့် မြန်မာလူမျိုးအဓိကဝါဒီ (Myanmar Supremacist) တို့က ရခိုင်ပြည်နယ် သတ္ထု တူးဖော်ရေး လုပ်ငန်းတွင် လက်ဝါးကြီးအုပ်ရန် စီစဉ်နေပြီး ရခိုင်ပြည်နယ် အတွင်းရှိ အစ္စလာမ်ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များ အကြား ပဋိပက္ခ ဖြစ်ပွားအောင် လှုံ့ဆော်ခြင်းဖြင့် အခြေအနေကို ထိန်းချုပ်ရန် ဆောင်ရွက်လိုက်သော နိုင်ငံရေး လှည့်ကွက် ဖြစ်သည် ဟူသော ယူဆချက်၊
(၂) အကြမ်းဖက်အုပ်စုများက နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို ထိပါးစော်ကားခြင်း ဖြစ်၍ အဆောတလျင် အရေးယူ တုံ့ပြန်သင့်သည် ဟူသော ယူဆချက်၊
(၃) မောင်တောမြို့နယ်နှင့် ရသေ့တောင်မြို့နယ်ရှိ လူနည်းစု ရခိုင်လူမျိုး ဗုဒ္ဓဘာသာဝင်တို့ကို ဘင်္ဂလီ* အစ္စလာမ် ဘာသာဝင် တို့က တိုက်ခိုက်ပြီး နယ်မြေသိမ်းပိုက်ရန် ကြံစည်အားထုတ်မှု ဖြစ်သည် ဟူသော ယူဆချက်၊
(၄) ဘင်္ဂလီ* အစ္စလာမ် ဘာသာဝင်များသည် ခေတ် အဆက်ဆက် ဖိနှိပ်မှုကို မခံနိုင်သည့် အဆုံး၌ တုံ့ပြန်ခြင်း ဖြစ်သဖြင့် တရားမျှတသော တိုက်ခိုက်မှု ဖြစ်သည် ဟူသော ယူဆချက်၊
(၅) ဘင်္ဂလီ* အရေးကို အကြောင်းပြ၍ အစွန်းရောက် အစ္စလာမ် ဘာသာဝင်တို့က မြန်မာနိုင်ငံတွင် အ ကြမ်းဖက် လုပ်ရပ်များကို သွေးထိုး လှုံ့ဆော်၍ ဘာသာရေးစစ်ပွဲ (Violent Jihad) ဆင်နွဲလာမည် ဟူသည့် ယူဆချက်၊
(၆) တိုက်ခိုက်မှု ဖြစ်စဉ်ကြောင့် နောက်ဆက်တွဲ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများ မြန်မာနိုင်ငံ အနှံ့ ဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် သတိပြု နေထိုင်ရန် လိုအပ်ပြီး တရားဥပဒေ စိုးမိုးရေးကို အမြန်ဆုံး ဆောင်ရွက်သင့်သည် ဟူသော ယူဆချက် အသီးသီးကို တွေ့ရှိရသည်။
ရခိုင်ပြည်နယ် ကင်းစခန်းများ စီးနင်းတိုက်ခိုက်ခံရမှုနှင့် စပ်လျဉ်းသော တုံ့ပြန့်မှု၌အထက်တွင် ဖော်ပြခဲ့သော အုပ်စု သုံးစု ပါဝင်နေပြီး၊ အုပ်စုတိုင်းသည် ခိုင်မာတိကျမှု မရှိသော၊ မရေရာသော၊ အတည်ပြုရန် ခဲယဉ်းသော သတင်း အချက်အလက်များကို အသုံးပြုပြီး “နောက်ကွယ်က ကြိုးကိုင်စီစဉ်သူ ရှိသည် ဟူသော မှန်းဆမှု”သို့မဟုတ် “လျို့ဝှက် ပူးပေါင်း ကြံစည်မှု တစ်ခုခု ရှိသည် ဟူသော ယူဆချက်များ” (Conspiracy Theory) ကို ထုတ်လုပ် ဖြန့်ချိကြကြောင်း တွေ့ရှိရသည်။
ကင်းစခန်းများ စီးနင်းတိုက်ခိုက်ခံရမှုဆိုင်ရာ သတင်းစာရှင်းလင်းပွဲ ကျင်းပပြီးနောက် ပြောင်းလဲလာသော တုံ့ပြန်မှုများ
သတင်းစာ ရှင်းလင်းပွဲ အပြီး နောက်တစ်နေ့ အောက်တိုဘာ ၁၀ ရက်ထုတ် ပြည်တွင်း နေ့စဉ်သတင်းစာများတွင် ဖြစ်စဉ်နှင့် စပ်လျဉ်းသော သတင်း အများစုကို ပဋိပက္ခ တားဆီးရေးကို ဦးတည်သော သတင်းပေးပို့နည်း (Conflict Sensitive Reporting) နှင့် ကိုက်ညီမှု ရှိစေရန် အားထုတ်၍ ရေးသားထားကြောင်း တွေ့ရသည်။ ဥပမာ – စီးနင်းတိုက်ခိုက်သူတို့၏ ဘာသာရေး ယုံကြည်မှုကို ဖော်ပြခြင်း၊ ထိပါးခြင်း မရှိစေဘဲ ရေးသားကြောင်း တွေ့ရသည်။
ပြည်တွင်း နေ့စဉ် သတင်းစာများ၏ မျက်နှာဖုံး စာမျက်နှာတွင် ရခိုင်ပြည်နယ် ကင်းစခန်းများ စီးနင်းတိုက်ခိုက်ခံရမှု သတင်းကို ဖော်ပြရာ၌ ဒေါ်အောင်ဆန်းစုကြည်၏ မှာကြားချက် ဖြစ်သည့် — တရားဥပဒေနှင့်အညီ ဆောင်ရွက်ဖြေရှင်းရေး — ကို ကောက်နုတ်၍ ဖော်ပြခဲ့သည်။ တနည်းဆိုရလျှင် လူထု၏ ကြည်ညိုလေးစားမှု ရရှိသူ ဒေါ်အောင်ဆန်းစုကြည်၏ သြဇာကို အသုံးပြု၍ ပဋိပက္ခ တားဆီးရေးကို ဦးတည်သော သတင်းပေးပို့နည်းဖြင့် ဖော်ပြခြင်း ဖြစ်သည်။
သို့ရာတွင် လူမှုကွန်ရက် စာမျက်နှာများတွင်မူ၏ ဒေါ်အောင်ဆန်းစုကြည်၏ တရားဥပဒေနှင့်အညီ ဖြေရှင်းရေး ညွှန်ကြားချက်ကို စောဒက တက်သူများ ရှိလာပြီး ၂၀၁၂ ရခိုင်ပြည်နယ် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခနှင့် မြန်မာနိုင်ငံ အလယ်ပိုင်း လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ ဖြစ်စဉ်တို့မှ ဓာတ်ပုံများ၊ ရုပ်သံမှတ်တမ်းများကို မိမိတို့ လိုရာ ပုံဖော်၍ ပြန်လည် ဖြန့်ချိခဲ့ကြသည်ကို တွေ့ရှိရသည်။
ထို့အပြင် ဘင်္ဂလီ* အမျိုးသားရေးဝါဒီများနှင့် တက်ကြွလှုပ်ရှားသူများတို့ကလည်း ခိုင်မာတိကျမှု မရှိသော၊ မရေရာသော၊ အတည်ပြုရန် ခဲယဉ်းသော သတင်း အချက်အလက်များကို တန်ပြန် ဖြန့်ချိခဲ့ကြောင်း တွေ့ရှိရသည်။ ထို မခိုင်လုံသော သတင်းများ၊ ဖြစ်ရပ်မှန်ကို ပုံဖျက်၍ ဖော်ပြထားသော သတင်းများကိုပင် နိုင်ငံတကာ သတင်းဌာနများ၊ နိုင်ငံခြားသံရုံးများသို့ အမြန်ဆုံး ပေးပို့ပြီး မိမိတို့ အုပ်စုအပေါ် ကရုဏာ သက်လာအောင် ဆက်သွယ် ပြောဆိုမှုများ ရှိခဲ့သည်။
မြန်မာအမျိုးသားရေးဝါဒီ အချို့ကလည်း လူ့သိက္ခာ သေးသိမ် ညှိုးနွမ်းစေသော ဝေါဟာရ အသုံးအနှုန်းများဖြင့် တုံ့ပြန်ခဲ့ကြကြောင်း တွေ့ရသည်။ ထင်ရှားသော စာနယ်ဇင်း လုပ်ငန်းရှင် တစ်ဦးက အဓိကရုဏ်း ဖြစ်ပွားရေးကို ဦးတည်သော စကားရပ် ပါဝင်သည့် ဝိဝါဒ ကွဲလွဲဖွယ်ရာ ရုပ်သံမှတ်တမ်းကို ထပ်ဆင့် ဖြန့်ချိခဲ့သေးသည်ကိုလည်း တွေ့ရသည်။
အစိုးရ ပြန်ကြားရေး လုပ်ငန်းစဉ်တွင်လည်း အားနည်းချက် ရှိနေခြင်းကြောင့် နိုင်ငံတကာ သတင်း မီဒီယာများတွင် ဖြစ်စဉ်နှင့် မျှတမှု မရှိသော သတင်းများ၊ တည်းဖြတ်သူ၏ ဘက်လိုက်မှု မကင်းသော သတင်းများ ပေါ်ထွက်လာသည်။ သတင်းထောက် ဝေမိုး ရေးသား၍ The New York Times သတင်းစာတွင် ဖော်ပြခဲ့သော Dozens Believed Killed as Violence Erupts in Myanmar ( https://is.gd/g48ihR ) ကို ကြည့်လျှင် မြင်နိုင်မည် ဖြစ်သည်။ သတင်းခေါင်းစဉ်တွင် မည်သူ့ကြောင့် မည်သူသေဆုံးကြောင်း ဖော်ပြခြင်း မရှိဘဲ ဦးတည် စာဖတ် ပရိသတ် အတွင်း ေ၀ဝါး ထွေပြားမှု (Ambiguity) နှင့် ဆန္ဒစွဲ (Prejudice) ဖြစ်ပေါ်စေရန် ရည်ရွယ်၍ ရေးသားထားသော သတင်းခေါင်းစဉ် ဘက်လိုက်မှု (Bias by Headline) ဖြစ်နေကြောင်း တွေ့ရသည်။ သတင်း စာသားများကို စစ်ဆေးရာတွင် မြန်မာနိုင်ငံသူ နိုင်ငံသား အများ သိရှိပြီး၊ တရားဝင် ထုတ်ပြန်ပြီး အချက်အလက်များကို ထိန်ချန်၍ လွဲရာဆွဲ ရေးသားခြင်း (Omission Bias) နှင့် ဦးတည်ချက် လွဲမှားစေသော အရေးအသား (Misleading Statement) များကို တွေ့ရသည်။
အလားတူ သတင်းအချက်အလက်များကြောင့် သတင်းဌာန တစ်ခုတည်းက ဖော်ပြသော သတင်း အချက်အလက်ကိုသာ ဖတ်ရှုသူ၊ အထူးသဖြင့် အင်္ဂလိပ် ဘာသာ အသုံးပြုသော နိုင်ငံတကကာ သတင်းဌာနများမှ သတင်းများကိုသာ ဖတ်ရှုသူတို့၏ အမြင်တွင် ရခိုင်ပြည်နယ် ကင်းစခန်းများ စီးနင်းတိုက်ခိုက်ခံရမှု ဖြစ်စဉ်ကို မှားယွင်းစွာ နားလည်မှု၊ ယူဆမှု ဖြစ်ပေါ်လာပြီး နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့က အရပ်သား ဘင်္ဂလီ* အစ္စလာမ်ဘာသာဝင်တို့ကို ရည်ရွယ်ချက်ဖြင့် နှိပ်ကွပ် သတ်ဖြတ်နေသယောင် သံသယစိတ်များ ပေါ်ပေါက်လာနိုင်သည်။
အချို့သော ဘင်္ဂလီ* အခွင့်အရေး တက်ကြွ လှုပ်ရှားသူတို့က ရခိုင်ပြည်နယ် ကင်းစခန်းများ စီးနင်းတိုက်ခိုက်ခံရပြီးနောက် နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခြင်းကို လူမျိုးသုဉ်းသတ်ဖြတ်မှု ဟူ၍ စွပ်စွဲကာ နိုင်ငံတကာ ပူးပေါင်းတပ်ဖွဲ့က မြန်မာနိုင်ငံကို ဝင်ရောက် တိုက်ခိုက်ပြီး ပြဿနာ ဖြေရှင်းရေး (Responsibility to Protect) နည်းလမ်းကို အသုံးပြုရန် ဆော်သြ လှုံ့ဆော်မှု ပြုကြောင်းကိုလည်း တွေ့ရသည်။
သတင်း အချက်အလက် စီမံခန့်ခွဲရေး အားနည်းချက်ကြောင့် ဖြစ်ပေါ်သော အကျိုးဆက်များ
သတင်း အချက်အလက် စီမံခန့်ခွဲရေး အားနည်းချက်ကြောင့် ဖြစ်ပေါ်လာသော တုံ့ပြန်မှုများကြောင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ ဖြေရှင်းနေသော ရခိုင်ပြည်နယ် အရေးအခင်း ဖြေရှင်းမှု အပေါ် ပြည်တွင်းပြည်ပ ယုံကြည်မှု လျော့ကျစေနိုင်ပြီး မလိုလားအပ်သော ရှုပ်ထွေးမှုများ ထပ်မံ ဖြစ်ပေါ်စေနိုင်သည်ကို သတိပြု ဆင်ခြင်ရာ၏။
အခင်း ဖြစ်ပွားပြီး တစ်ပတ် ကြာမြင့်ပြီးနောက်တွင် သတင်း အချက်အလက် အမှားအယွင်းများ (Misinformation နှင့် Disinformation) ပြန့်နှံ့နေဆဲ ဖြစ်သည်ကို တွေရှိရသည်။ ဤ ဆောင်းပါးတွင် သုံးစွဲထားသော Misinformation ဆိုသည်မှာ “မှားယွင်းသော အချက်အလက် ဖြစ်ကြောင်းကို ထုတ်လုပ်ဖြန့်ချိသူက မသိရှိဘဲ ထပ်ဆင့် ထုတ်လုပ်ဖြန့်ချိသော သတင်း အချက်အလက် အမှားအယွင်းများ” ကို ဆိုလိုသည်။ Disinformation ဟူသည်မှာ “မှားယွင်းသော အချက်အလက် ဖြစ်ကြောင်းကို ထုတ်လုပ်ဖြန့်ချိသူက သိရှိသော်လည်း ရည်ရွယ်ချက် ရှိရှိဖြင့် ထုတ်လုပ်ဖြန့်ချိသော သတင်း အချက်အလက် အမှားအယွင်းများ” ကို ဆိုလိုသည်။
သတင်း အချက်အလက် အမှားအယွင်းများ ပြန့်နှံ့မှု မြင့်တက်နေလျှင် ပဋိပက္ခ ဖြေရှင်းရေးနှင့် ငြိမ်းချမ်းမှု တည်ဆောက်ရေးကို ထိခိုက်မှု ဖြစ်စေမည်မှာ မလွဲပင် ဖြစ်၏။ အချုပ်အခြာ အာဏာပိုင် နိုင်ငံ တစ်နိုင်ငံ အနေဖြင့် မိမိ နိုင်ငံသားများ၏ ဘက်ပေါင်းစုံ လုံခြုံရေးကို ထိခိုက် ပျက်စီးစေသော သတင်း အချက်အလက် အမှားအယွင်းများနှင့် ပတ်သက်၍ လျင်မြန်စွာ၊ ထက်မြက်စွာ တုံ့ပြန်ရန် လိုအပ်ပေသည်။
စာရေးသူ၏ အယူအဆ အရ ပဋိပက္ခ ဖြစ်ပွားချိန်တွင် ငြိမ်းချမ်းမှုကို ရှေးရှုသော သတင်း အချက်အလက် ထုတ်လုပ် ဖြန့်ချိရေးကို နိုင်ငံတော် အစိုးရ၏ ပြန်ကြားရေး ဌာနနှင့် တာဝန်ခံများ၊ လွတ်လပ်သော သတင်းဌာနများနှင့် ပြည်သူလူထု အားလုံး ပါဝင်ဆောင်ရွက်ရမည် ဖြစ်သည်။ သို့သော်လည်း နိုင်ငံတော် အစိုးရ၏ ပြန်ကြားရေး ဌာနနှင့် တာဝန်ခံများသည် တိကျ ခိုင်လုံသော သတင်း အချက်အလက် ရယူခွင့် ပိုမို ရရှိသဖြင့် လက်ရှိ ဆောင်ရွက်ဆဲ လုပ်ငန်းများကို ပိုမို ကောင်းမွန်အောင် ဆောင်ရွက်နိုင်လျှင် ပြည်သူ လူထု အတွင်း စိုးရိမ်ပူပင်မှု လျော့ပါးရေးကို ဆောင်ရွက်နိုင်ပြီး ပဋိပက္ခ ဖြေရှင်းရေးနှင့် ငြိမ်းချမ်းမှု တည်ဆောက်ရေးကို အထောက်အကူ ပြုမည် ဖြစ်သည်။
ပြုပြင်ပြောင်းလဲသင့်သော သတင်း အချက်အလက် စီမံခန့်ခွဲရေး အားနည်းချက်များ
စာရေးသူ၏ လေ့လာ တွေ့ရှိချက်များ အရ နိုင်ငံတော် အစိုးရ၏ ပြန်ကြားရေးဌာနနှင့် တာဝန်ခံများသည် အောက်ဖော်ပြပါ အချက်အလက်များကို ပြန်လည် သုံးသပ်ပြီး သတင်း အချက်အလက် စီမံခန့်ခွဲရေး လုပ်ငန်းစဉ် လည်ပတ်မှုကို မြှင့်တင်ခြင်းဖြင့် ရခိုင်ပြည်နယ် ပဋိပက္ခ ဖြေရှင်းရေးနှင့် ငြိမ်းချမ်းမှု တည်ဆောက်ရေးကို အထောက်အကူ ပြုနိုင်မည် ဖြစ်ပေသည်။
၁။ အောက်တိုဘာ ၉ ရက် အခင်းဖြစ်ပွားပြီးနောက် ကျင်းပသော သတင်းစာ ရှင်းလင်းပွဲ အကြောင်းအရာ အကျဉ်းချုပ်ကို အင်္ဂလိပ် ဘာသာဖြင့် ပြန်ဆို၍ နိုင်ငံတကာ စာနယ်ဇင်း သတင်းထောက်များထံသို့ ဖြန့်ချိကြောင်း မတွေ့ရပေ။ ဤ ဖြစ်စဉ်ကို နိုင်ငံတကာ အဖွဲ့အစည်းများ၊ လူ့အခွင့်အရေး လှုပ်ရှားသူများ၊ ပြည်ပရောက် နိုင်ငံရေး အတိုက်အခံများ၊ ဒေါ်အောင်ဆန်းစုကြည်ကို မလိုလားသော ပြည်တွင်းပြည်ပ နိုင်ငံရေး အတိုက်အခံများ၊ ဘင်္ဂလီ* အမျိုးသားရေးဝါဒီများနှင့် ၎င်းတို့အခွင့်အရေး ရရှိရေး လှုပ်ရှားသူနှင့် အဖွဲ့အစည်းများက အနီးကပ် စောင့်ကြည့် လေ့လာနေချိန်တွင် သတင်းစာ ရှင်းလင်းပွဲ အကြောင်းအရာ အကျဉ်းချုပ်ကို နိုင်ငံတကာသုံး ဘာသာစကားများ ဖြစ်သော အင်္ဂလိပ်၊ ပြင်သစ်၊ တရုတ်၊ စပိန်၊ အာရဗီ ဘာသာဖြင့် ပြန်ဆို၍ ဖြန့်ချိနိုင်ခြင်း မရှိသောကြောင့် သတင်း ဖြန့်ချိရေး လက်ဦးမှု အခွင့်အလမ်း ဆုံးရှုံးသွားခဲ့ကြောင်း တွေ့ရှိရသည်။
၂။ အစိုးရထုတ် သတင်းစာ ဖြစ်သော The Global New Light of Myanmar သတင်းစာတွင် အင်္ဂလိပ် ဘာသာ သတင်း ဖော်ပြချက် ပါဝင်သော်လည်း လွပ်လပ်သော နိုင်ငံတကာ သတင်းဌာနများသည် အစိုးရထုတ် သတင်းစာများကို လွတ်လပ်သော သတင်းစာ ဟု မယူဆသောကြောင့် အစိုးရသတင်းစာပါ အချက်အလက်၊ ထုတ်ပြန်ချက်ကို အခြား သတင်းရင်းမြစ် မရရှိတော့သည့် အခြေအနေမှသာ အသုံး ပြု လေ့ရှိကြောင်း ကို သတိပြုရာ၏။
၃။ နိုင်ငံတော် အစိုးရ၏ ပြန်ကြားရေးဌာနနှင့် တာဝန်ခံများသည် သြဇာ ကြီးမားသော နိုင်ငံတကာ စာနယ်ဇင်း သတင်းဌာနများကို ဖိတ်ခေါ်၍ အထူးတွေ့ဆုံမေးမြန်းမှု (Exclusive Interview) ဆောက်ရွက်ခြင်း မရှိကြောင်း တွေ့ရသည်။ ရလဒ် အနေဖြင့် နိုင်ငံတကာ သတင်းများတွင် မြန်မာနိုင်ငံတော် အစိုးရ၏ တရားဥပဒေနှင့် အညီ တုံ့ပြန်မှုကို မီးမောင်းထိုးပြရန် အခွင့်အလမ်းကောင်း တစ်ရပ် ဆုံးရှုံးခဲ့ရသည်။
၄။ တွေ့ရှိချက်များ အရ နိုင်ငံတော် အစိုးရ၏ ပြန်ကြားရေးဌာနနှင့် တာဝန်ခံများသည် နိုင်ငံတကာ စာနယ်ဇင်းများ အစဉ်တစိုက် လက်ကိုင်ပြုထားသော ရခိုင်ပြည်နယ် ပဋိပက္ခ ဆိုင်ရာ ထင်မြင် ယူဆချက်များ၊ ဆန္ဒစွဲ (Prejudice) ကို လျှော့ပေါ့ စဉ်းစားခဲ့ကြောင်း တွေ့ရသည်။ ထို့အပြင် အနောက်တိုင်း စာနယ်ဇင်း မီဒီယာများနှင့် ဆိုင်ဘာနယ်မြေ (Cyberspace) တွင် ဖြစ်ပေါ်လာနိုင်သော တန်ပြန်ဝါဒဖြန့်ချိရေး (Counter-propaganda) လုပ်ငန်းနှင့် သတင်းအချက်အလက်စစ်ပွဲ (Information Warfare) ဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ကြိုတင် ပြင်ဆင်မှု၊ ထည့်သွင်း စဉ်းစားမှု အားနည်းချက်များ ရှိနေကြောင်း တွေ့ရှိရသည်။
၅။ ဘာသာစကား အမျိုးမျိုးဖြင့် သတင်းပြန်ကြားရေး အားနည်းချက် ရှိနေသည့်အပြင် နိုင်ငံတကာတွင် ဖွင့်လှစ်ထားသော မြန်မာသံရုံးများ၏ သတင်းပြန်ကြားရေး အဆက်အသွယ်၊ ကွန်ရက်များမှ တစ်ဆင့် မှန်ကန် တိကျသော သတင်း အချက်အလက်များကို အနောက်တိုင်း စာနယ်ဇင်းများ၊ မူဝါဒ ချမှတ်သူများ၊ မူဝါဒ ချမှတ်ရေးတွင် လွှမ်းမိုးနိုင်သူများထံသို့ ဖြန့်ချိနိုင်ခြင်း မရှိကြောင်း တွေ့ရပြန်သည်။ တနည်း ဆိုရလျှင် ရှိရင်းစွဲ အရင်းအမြစ်များကို အသုံးပြုနိုင်စွမ်း အားနည်းမှု ဖြစ်သည်။
၆။ ရခိုင်အရေးကဲ့သို့ ရှုပ်ထွေးပြီး အကဲဆတ်သော ကိစ္စရပ်များ ရုတ်ခြည်း ဖြစ်ပေါ်ချိန်တွင် ချက်ချင်း ဆောင်ရွက်ရမည့် အရေးပေါ် ပြန်ကြားရေး မဟာဗျူဟာနှင့် လုပ်ထုံးလုပ်နည်းများ ကင်းမဲ့ခြင်း (သို့မဟုတ်) အသက်ဝင်ခြင်း မရှိကြောင်း တွေ့ရသည်။ အထူးသဖြင့် ရခိုင်ပြည်နယ် ပဋိပက္ခ ဖြေရှင်းရေးနှင့် ငြိမ်းချမ်းမှု တည်ဆောက်ရေး လုပ်ငန်းစဉ် ဆိုင်ရာ အကျပ်အတည်း ကာလအတွင်း ပြန်ကြားရေး မဟာဗျူဟာ (Crisis Management and Communications Strategy) မရှိဟု ယူဆမိသည်။
၇။ နိုင်ငံတော် အစိုးရ၏ ပြန်ကြားရေးဌာနနှင့် တာဝန်ခံများသည် ပြည်တွင်းပြည်ပ စာနယ်ဇင်း မီဒီယာများနှင့် ထိတွေ့ပြီး ရခိုင်အရေးကဲ့သို့ ရှုပ်ထွေးပြီး အကဲဆတ်သော ကိစ္စရပ်များကို ရှင်းလင်း ဆွေးနွေးရာတွင် လိုအပ်သည့် အတွေ့အကြုံ၊ အတတ်ပညာ အားနည်းချက် ရှိနေကြောင်း တွေ့ရသည်။
၈။ နိုင်ငံတော် အစိုးရ၏ ပြန်ကြားရေးဌာနနှင့် တာဝန်ခံများသည် သတင်းစာ ရှင်းလင်းပွဲ မဆောင်ရွက်မီတွင် ဖြစ်တန်ခြေ ရှိသော အမေးအဖြေ၊ အကျပ်အတည်းနှင့် ထောင်ချောက် ကိစ္စရပ်များကို ခန့်မှန်း ဖော်ထုတ်၍ ကြိုတင် လေ့ကျင့် ပြင်ဆင်ရာတွင် အားနည်းချက် ရှိနေဆဲ ဖြစ်သည်ဟု ယူဆမိသည်။
၉။ ထို့အပြင် နိုင်ငံတော် အစိုးရ၏ ပြန်ကြားရေးဌာနနှင့် တာဝန်ခံများသည် လူမှုကွန်ရက်ကို အသုံးပြု၍ မှန်ကန် တိကျသော သတင်း အချက်အလက်များကို အချိန်မီ စဉ်ဆက် မပြတ် ဖြန့်ဖြူးရာတွင် အားနည်းချက်များ ရှိနေကြောင်း တွေ့ရပြန်သည်။ လူမှုကွန်ရက်ကို အသုံးပြု၍ သတင်း ဖြန့်ချိရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့သော်လည်း လူမှုကွန်ရက် စီမံခန့်ခွဲရေး (Social Media Management) ဆိုင်ရာ အားနည်းချက် ရှိနေကြောင်း တွေ့ရသည်။ ဥပမာ ပြဆိုရလျှင် လူမှုကွန်ရက်တွင် အသုံးတွင်ကျယ်သည့် # Hashtag ကို အသုံးပြု၍ သတင်းဖြန့်ချိရေး လုပ်ငန်းကို မဆောင်ရွက်နိုင်ကြောင်း တွေ့ရသည်။
၁၀။ နိုင်ငံတော် အစိုးရ၏ ပြန်ကြားရေးဌာနနှင့် တာဝန်ခံများနှင့် နိုင်ငံတော် သမ္မတရုံး သတင်းပြန်ကြားရေး အဖွဲ့တွင် နိုင်ငံတကာ ဘာသာစကား အထူးသဖြင့် အင်္ဂလိပ် ဘာသာ ကျွမ်းကျင်ပြီး ပြန်ကြားရေးနှင့် ဆက်သွယ်ရေး ပညာရပ် (Public Relation and Communication) ၊ ပြည်တွင်း နိုင်ငံရေး အခြေအနေ (Domestic Politics)၊ နိုင်ငံတကာ ဆက်ဆံရေး (International Relation) ၊ သတင်း အချက်အလက် စစ်ပွဲ (Information Warfare) စီမံခန့်ခွဲမှု ဆိုင်ရာ အကြားအမြင် ပြည့်စုံသူ မရှိဟု ယူဆဖွယ် ရှိကြောင်း တွေ့ရသည်။ ဥပမာ ဆိုရလျှင် နိုင်ငံတော် သမ္မတရုံး လူမှုကွန်ရက် စာမျက်နှာမှ အင်္ဂလိပ် ဘာသာ ထုတ်ပြန်သည့် သတင်းတိုများတွင် သဒ္ဒါ အမှားအယွင်း၊ စာလုံးပေါင်း သတ်ပုံ အမှားအယွင်း၊ ဝေါဟာရ အသုံးအနှုန်း အမှားအယွင်းများ ရှိနေကြောင်း တွေ့ရသည်။
၁၁။အခင်းဖြစ်ပွားမှုကြောင့် ကျဆုံးသွားသော လုံခြုံရေးဝန်ထမ်းများကို ဂုဏ်ပြုကြောင်း (သို့မဟုတ်) အသိအမှတ်ပြုကြောင်း ကောင်းမွန် ပြည့်စုံစွာ ထုတ်ပြန်မှု မရှိခြင်းကြောင့် ရှုပ်ထွေးမှုများ၊ စိုးရိမ်မှုများ ထပ်မံ ဖြစ်ပွားခြင်း ဖြစ်သည်။ ဂုဏ်ပြုကြောင်း (သို့မဟုတ်) အသိအမှတ်ပြုကြောင်းကို ပြည့်စုံစွာ ထုတ်ပြန်လျှင် လူထု အတွင်း စိုးရိမ်မှု ဖြစ်ပွားခြင်းကို လျှော့ချနိုင်ပြီး၊ အကြမ်းဖက် တိုက်ခိုက်သူတို့ ရည်ရွယ်သော ခြိမ်းခြောက်မှုကို တရားဥပဒေနှင့် အညီ ဖယ်ရှားနိုင်မည် ဖြစ်ပေသည်။ ၂၀၁၅ အတွင်း ဖိလစ်ပိုင်နိုင်ငံ မင်ဒါနာအိုဒေသ၌ ဖြစ်ပွားသည့် မာမာစပါနို တိုက်ခိုက်မှု (Mamasapano Clash) အတွင်း ကျဆုံးသွားသော လုံခြုံရေးအဖွဲ့ဝင်များကို အသိအမှတ်ပြုခြင်းကြောင့် လူထုအတွင်း စိတ်ဓာတ်တက်ကြွမှု မြင့်တက်လာခြင်း၊ တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများတွင် လူထု ယုံကြည်မှု ရရှိလာခြင်း ကို လေ့လာသင့်သည်။
၁၂။ အခင်းဖြစ်ပွားရာ ဒေသမှ ပဋိပက္ခ ဒဏ်သင့် လူထု အတွက် လိုအပ်သော သတင်း အချက်အလက် ဖြန့်ဖြူးရေးတွင်လည်း အားနည်းချက် ရှိကြောင်း တွေ့ရသည်။ ပဋိပက္ခ ဖြစ်ပွားချိန်တွင် မည်သို့ နေထိုင်ရမည်၊ အကူအညီကို မည်သို့ ရယူရမည် ဟူသည့် အချက်အလက်များ ဖြန့်ဖြူးရေးသည် အရေးပါသော ကိစ္စရပ် ဖြစ်ပါသည်။ ဤ ကိစ္စကို ဆောင်ရွက်ရာတွင် သတင်းအချက်အလက်ဖြင့် ကူညီစောင့်ရှောက်မှု (Information as Aid) လုပ်ထုံးလုပ်နည်းများကို ဆောင်ရွက်ရန် လိုပေမည်။
၁၃။ အခင်း ဖြစ်ပွားရာ နေရာသို့ စာနယ်ဇင်း သတင်းထောက်များ သွားရောက်၍ သတင်း ရယူနိုင်စေရန် အစိုးရ တာဝန် ရှိသူများက စာနယ်ဇင်း ခရီးစဉ် (Media Visit) ဆောင်ရွက်ပေးမှု မရှိခြင်းကြောင့် ရှုဒေါင့် စုံလင်သော သတင်း အချက်အလက် ပေါ်ထွက်မှု အားနည်းချက် ဖြစ်ပေါ်လာသည် ကို တွေ့ရသည်။
၁၄။ မှန်ကန်တိကျသော သတင်းအချက်အလက်များ ထုတ်လုပ်ဖြန့်ချိခြင်းကြောင့် အစွန်းရောက်ဝါဒ လိုလားသူ၊ အားပေးသူ၊ ထောက်ခံသူတို့၏ ဝါဒဖြန့်ချိသိမ်းသွင်းရေးလုပ်ငန်းများ (Radicalization & Propaganda) ကို တန်ပြန် ကာကွယ်နိုင်မည် ဖြစ်သည်။ အစွန်းရောက်ဝါဒ ဖြန့်ဖြူးရေး၊ စည်းရုံး သိမ်းသွင်းရေး လုပ်ငန်းများကို လူမှုကွန်ရက်တွင် တွင်ကျယ်စွာ ဆောင်ရွက်နေသူများ ရှိနေကြောင်းကို သတိပြုသင့်ပေသည်။ (စကားချပ် – လူမှုကွန်ရက် အသုံးပြုသူ မြန်မာနိုင်ငံသူ နိုင်ငံသားများ အတွင်း စိမ့်ဝင် ပြန့်နှံ့နေသော Radicalization အကြောင်းကို အကြောင်း တိုက်ဆိုက်လျှင် သီးခြား ဆောင်းပါး တစ်ပုဒ် ရေးသားပါဦးမည်။)
သတင်း အချက်အလက် စီမံခန့်ခွဲမှု ကောင်းမွန်အောင် ဆောင်ရွက်ခြင်းဖြင့် ပဋိပက္ခ ဖြေရှင်းရေးနှင့် ငြိမ်းချမ်းမှု တည်ဆောက်ရေးကို အထောက်အကူ ပြုခြင်း
၂၁ ရာစု နည်းပညာ ထွန်းကားမှုသည် စာနယ်ဇင်း မီဒီယာတို့၏ သတင်း ထုတ်လုပ် ဖြန့်ချိရေးကို အပြောင်းအလဲ များစွာ ဖြစ်စေ၏။ မြန်မာနိုင်ငံတွင် သာမက နိုင်ငံတကာတွင်လည်း လူမှုကွန်ရက်ကို အသုံးပြု၍ သတင်း အချက်အလက် ထုတ်လုပ် ဖြန့်ချိမှု မြင့်မားလာသည်ကို တွေ့ရသည်။ သတင်း အချက်အလက် ထုတ်လုပ် ဖြန့်ချိရေး နယ်ပယ်သို့ စာနယ်ဇင်း အတတ်ပညာ မတတ်မြောက်သူ၊ ကျင့်ဝတ် နားမလည်သူတို့ ဝင်ရောက်လာသဖြင့် တိကျမှု မရှိသော၊ မျှတမှု မရှိသော၊ တည်းဖြတ်မှု အားနည်းချက် ရှိသော သတင်း အချက်အလက်များ ရေပန်းစား တွင်ကျယ်လာသည်။ ထို့အပြင် စာနယ်ဇင်း သတင်းဌာနများက ထုတ်လုပ် ဖြန့်ချိသည့် စစ်ဆေး တည်းဖြတ်ပြီးသား သတင်းများကို မယုံကြည်သူ အရေအတွက် မြင့်တက်လာ ပြီး၊ စာနယ်ဇင်း ကျင့်ဝတ်နှင့် ကိုက်ညီမှု မရှိသော သတင်း အချက်အလက်နှင့် ကောလာဟလ ပြန့်ပွားမှု မြင့်တက်လာသည်ကို သတိပြုရာ၏။
နိုင်ငံတော် အစိုးရ၏ ပြန်ကြားရေးဌာနနှင့် တာဝန်ခံများနှင့် တာဝန် ယူလိုသူများသည် အထက် ဖော်ပြပါ တွေ့ရှိချက်များကို ပြုပြင် ပြောင်းလဲကာ လုပ်ငန်း အရည်အသွေးကို အဆင့် မြှင့်တင်ပြီး သတင်း အချက်အလက် စီမံခန့်ခွဲရေးကို ကောင်းမွန်စွာ ဆောင်ရွက်နိုင်လျှင် ပြည်သူများ အနေဖြင့် ခိုင်မာ တိကျသော သတင်း အချက်အလက်များကို ကောင်းမွန်စွာ ရနိုင်မည် ဖြစ်သည်။ ကောင်းမွန်သော သတင်း အချက်အလက် စီမံခန့်ခွဲမှုကြောင့်ပြည်သူ လူထု အတွင်း စိုးရိမ်ပူပင်မှု လျော့ပါးစေရန် ဆောင်ရွက်နိုင်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ရခိုင်ပြည်နယ် ပဋိပက္ခ ဖြေရှင်းရေးနှင့် ငြိမ်းချမ်းမှု တည်ဆောက်ရေးကို အထောက်အကူ ပြုမည် ဖြစ်ကြောင်း ယူဆမိသည်။
မောင်ကျပ်ခိုး
မြန်မာသက္ကရာဇ် ၁၃၇၈ပြည့်နှစ် သီတင်းကျွတ်လပြည့်ကျော် ၄ရက် ကြာသာပတေးနေ့။ ခရစ်နှစ် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၂၀ ရက်။
* နိုင်ငံတကာ မီဒီယာများတွင် ရိုဟင်ဂျာ ဟု သုံးနှုန်းသည်။