ရန်ကုန်(နိုဝင်ဘာ၊ ၂ဝ၁၇)
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ သြဂုတ် အတွင်းက အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်မှုတွေ ပြုလုပ်ခဲ့တဲ့ Arakan Rohingya Salvation Army (ARSA) အဖွဲ့ရဲ့ အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေး နွေးချင်ပါတယ်ဆိုတဲ့ ထုတ်ပြန်ပြောဆိုမှုအပေါ် အစိုးရ၊ တပ်မတော်တို့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေက လက်မခံနိုင်ဘူးလို့ ဆိုကြပါတယ်။
Photo – Zay Yar
ARSA အဖွဲ့က တိုက်ခိုက်သတ်ဖြတ်မှုတွေကို ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နေရာအနှံ့ပြုလုပ်ခဲ့ပြီး စက်တင်ဘာ ၉ ရက်ကစလို့ တစ်လကြာ တစ်ဖက်သတ် အပစ်ခတ်ရပ်စဲတယ်လို့ ကြေညာခဲ့ပါတယ်။ တစ်လမပြည့်ခင် နှစ်ရက်အလိုမှာတော့ အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးချင်ပါတယ်လို့ ကြေညာချက် ထုတ်ပြန်လာတာ ဖြစ်ပါတယ်။
ဒီလိုလုပ်တာဟာ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ နိုင်ငံတကာမီဒီယာတွေရဲ့ အကူအညီကိုယူပြီး ပြည်တွင်းက အခြား သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကဲ့သို့ ပုံဖော်လာတာ ဖြစ်တယ်လို့ တိုင်းရင်းသားခေါင်းဆောင်တွေက ဆိုပါတယ်။
ကရင်အမျိုးသားအစည်းအရုံး (Karen National Union – KNU) ရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲ့ ဝင်တစ်ဦးဖြစ်သူ ပဒိုမန်းငြိမ်းမောင်ကတော့ ”အကြမ်းဖက် အဖွဲ့အစည်းတွေပါ”လို့ ARSA ကို ရှုမြင်သုံးသပ်ပါတယ်။
”ARSA က ကျွန်တော်တို့တိုင်းပြည်ကို ဝင်ရောက်ဖျက်ဆီးတဲ့ အဖွဲ့အစည်းတစ်ခုပဲဗျ။ အပြစ်မဲ့တဲ့အရပ်သားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်တာတွေ လုပ်ခဲ့ပြီးပြီ။ ဒီလိုလူမျိုးတွေကို ဘယ်လိုလုပ် တန်းတူရွယ်တူ ဆက်ဆံလို့ ရမလဲဗျာ”လ့ို့လည်း ဆိုပါတယ်။
ARSA အဖွဲ့ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာတုန်းကလည်း ရဲကင်းစခန်းတွေကို တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ယခုနှစ် သြဂုတ် ၂၄ ရက်ထိ မွတ်ဆလင်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တွေအပါအဝင် လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတိုင်းရင်းသားတွေ စုစုပေါင်း ၇၉ ဦးသေဆုံးခဲ့ပြီး ၃၇ ဦးပျောက်ဆုံးခဲ့တယ်လို့ အစိုးရရဲ့သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ယခု ဒုတိယအကြိမ်တိုက်ခိုက်မှုဖြစ်ခဲ့တဲ့ သြဂုတ် ၂၅ ရက်မှ စက်တင်ဘာ ၂၆ ရက်ထိ နိုင်ငံ့ဝန်ထမ်းနဲ့ ဟိန္ဒူဘာသာဝင် တွေ၊ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုတွေဖြစ်တဲ့ မြိုနဲ့ ဒိုင်းနက်တွေ အပါအဝင် စုစုပေါင်း ၈၄ ဦးသေဆုံးပြီး ၅၄ ဦး ပျောက်ဆုံးခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန် ထားပါတယ်။ အဲဒီသေဆုံးသူတွေထဲမှာ အစုလိုက်အပြုံလိုက် အသတ်ခံခဲ့ရတဲ့ ဟိန္ဒူဘာသာဝင်တွေလည်း ပါဝင်ပါတယ်။ ၂ဝ၁၆ အောက်တိုဘာမှ ၂ဝ၁၇ စက်တင်ဘာ ၂၆ ရက်အထိဆိုရင် စုစုပေါင်း သေဆုံးသူ ၁၆၃ ဦးရှိပြီး ပျောက်ဆုံးနေသူ ၉၁ ဦးရှိပြီဖြစ်ပါတယ်။
ARSA အစွန်းရောက်အကြမ်းဖက်သမား ၃၇ဝ သေဆုံးပြီး ကိုးဦးကို အရှင်ဖမ်းမိထားတယ်လို့ သြဂုတ် ၃၁ ရက်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ခဲ့ပါတယ်။
အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ ဒုက္ခသည် ခြောက်သိန်းဝန်းကျင် ရှိသွားပြီလို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (United Nations High Commissioner for Refugees-UNHCR) က အောက်တိုဘာ၂၃ရက်က ထုတ်ပြန်ထားပါတယ်။
ARSA ရဲ့ ခြေလှမ်း
သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ခေါ်တဲ့ အဖွဲ့အစည်းတွေဟာ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းပုံစံ ဒါမှမဟုတ် အဖွဲ့ဝင်ဖြစ်လာအောင် လုပ်ဆောင်နေတာဟာ အခုမှမဟုတ်ဘဲ ဟိုးအရင်တည်းက ကြိုးစားခဲ့တာတွေရှိတယ်လို့ တိုင်းရင်းသားခေါင်းဆောင်တွေက ပြောပါတယ်။
ARSA အဖွဲ့ မပေါ်ပေါက်ခင် Arakan Rohingya National Organization (ARNO)၊ Rohingya Solidarity Organization (RSO) စတဲ့အဖွဲ့တွေဟာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဖွဲ့စည်းထားတဲ့ အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု (National Democratic Front – NDF) မှာ အဖွဲ့ဝင်အဖြစ် ဝင်ခွင့်ရဖို့ ၁၉၈၈ မတိုင်ခင်က လျှောက်လွှာတင်ခဲ့တာတွေ ရှိတယ်လို့ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (Pa-o National Liberation Organization-PNLO) ရဲ့ ဦးဆောင်နာယကဖြစ်သူ ဗိုလ်မှူးကြီးခွန်ဥက္ကာက ဆိုပါတယ်။ အဲဒီအချိန်တုန်းက သူဟာ NDF ရဲ့ နိုင်ငံခြားရေးတာဝန်ခံတစ်ဦးလည်း ဖြစ်ပါတယ်။
သို့သော် NDF ရဲ့ အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက အစည်းအဝေးပြုလုပ်ပြီး သူတို့တင်ထားတဲ့လျှောက်လွှာကို ပယ်ချခဲ့တယ်လို့ သူကဆက်ပြောပါတယ်။
”ကျွန်တော်ပဲ မှတ်တမ်းရေးပါတယ်။ စာတစ်ကြောင်းပါပဲ။ ရိုဟင်ဂျာသည် မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုးတစ်မျိုး မဟုတ်ဘူး ဆိုပြီးတော့ပါပဲ”လို့သူက ပြောပြပါတယ်။
Photo – Banyar Kyaw စက်တင်ဘာ ၁၈ က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် အကြမ်းဖက်ဆန့်ကျင်ရေး ဆန္ဒ ထုတ်ဖော်ပွဲ
Myanmar Institute for Peace and Security အဖွဲ့မှ အုပ်ချုပ်မှု ဒါရိုက်တာဒေါက်တာမင်းဇော်ဦးကလည်း လက်နက်ကိုင်တိုက်ခိုက်ပြီးမှ နိုင်ငံရေးအရ ဆွေးနွေးပြီး သူတို့လိုချင်တဲ့ အခွင့်အရေးကိုတောင်းမယ် ဆိုတာမျိုးလည်းဖြစ်နိုင်တယ်လု့ိ ဆိုပါတယ်။
”မြန်မာနိုင်ငံမှာက အခုက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်လုပ်ပြီးတော့ (ငြိမ်းချမ်းရေးဆွေးနွေးပွဲ) စားပွဲပေါ် ရောက်လာကြတယ်။ ငါတို့လည်း ဒါမျိုးတွေ လုပ်လိုက်ရင် စားပွဲပေါ်ရောက်လာမလား ဆိုပြီး စဉ်းစားကောင်းလည်း စဉ်းစားနိုင်တယ်”လို့ ဆိုပါတယ်။
မြန်မာငြိမ်းချမ်းရေးစင်တာတွင် ညွှန်ကြားရေးမှူးအဖြစ် သူတာဝန်ယူခဲ့တုန်းက အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီကိုရောက်ခိုက် အာရကန် ရိုဟင်ဂျာသမဂ္ဂ (Arakan Rohingya Union- ARU) ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူးဖြစ်သူ ဒေါက်တာဝါကာအူဒင်က သူ့ကို ရိုဟင်ဂျာအဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးမဆွေးနွေးဘူးလားလို့ မေးခဲ့ဖူးတယ်လို့ဒေါက်တာမင်းဇော်ဦးက ပြန်ပြောပြပါတယ်။
ARSA အဖွဲ့မှာ ပါဝင်နေသူတွေဟာ ပြည်ပကနေ မြန်မာနိုင်ငံထဲကို ကျူးကျော်ဝင်လာသူတွေ၊ ဘာသာစကား၊ ယဉ်ကျေးမှု၊ သမိုင်းနောက်ခံတွေ အားနည်းတာ၊ နယ်မြေပိုင်ဆိုင်မှုမရှိတာ၊ အရပ်သားပြည်သူတွေကို သတ်ဖြတ်တာ၊ ဒေသမှာနေထိုင်တဲ့ တိုင်းရင်းသားတွေကို နေထိုင်လို့မရအောင် လုပ်နေတာတွေကြောင့် အကြမ်းဖက်အဖွဲ့အစည်း ဖြစ်တယ်လို့ တိုင်းရင်းသားခေါင်းဆောင်တချို့က သုံးသပ်ပါတယ်။
ဗိုလ်မှူးကြီးခွန်ဥက္ကာကလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက မြန်မာနိုင်ငံမှာ သမိုင်းနောက်ခံနဲ့ ယဉ်ကျေးမှုအရ အတူတကွ နေထိုင်လာကြသူတွေ ဖြစ်သလို မြန်မာနိုင်ငံကို ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ တိုင်းရင်းသားတန်းတူအခွင့်အရေး၊ ဒီမိုကရေစီအရေးစတဲ့ နိုင်ငံရေးရည်မှန်းချက်တွေကိုတောင်းဆိုဖို့ စစ်အာဏာရှင်စနစ်ကို တိုက်ခိုက်ခဲ့ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေမှာ နိုင်ငံရေးအရ ဦးဆောင်မယ့်အဖွဲ့ သို့မဟုတ် ဦးဆောင်မယ့်ပါတီကို ဖွဲ့စည်းပြီး အဲဒီအဖွဲ့ရဲ့အောက်မှာမှ လက်နက်ကိုင်တပ်ဖွဲ့ကိုထားတာဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။
ARSA အဖွဲ့မှာ နိုင်ငံရေးအရ ဦးဆောင်မယ့်အဖွဲ့လည်း မရှိသလို ”သူတို့မှာက ရိုဟင်ဂျာကယ်တင်ရေးဆိုပြီးတော့ အကြမ်းဖက်မယ်၊ လက်နက်ကိုင်မယ်၊ နယ်မြေလုမယ်၊ တခြားလူတွေ အဲ့ဒီနယ်မြေမှာရှိရင် ရှင်းလင်းထုတ်မယ်။ ရေအိုင်ထဲက ရေကိုပက်ထုတ်သလိုမျိုးပေါ့ဗျာ”လို့ သူက ဆက်လက်ပြောပါတယ်။
Photo – Zay Yar မောင်တောမြို့ပေါ်တွင် လုံခြုံရေးယူနေသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦး
ARSA ဘယ်လိုဖြစ်တည်လာသလဲ
ARSA အဖွဲ့ကို ၂ဝ၁၂ ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်ပွားပြီးနောက်ပိုင်းမှာစတင်ဖွဲ့စည်းခဲ့ပြီး ၂ဝ၁၃ မှာ လူသစ် စုဆောင်းတာတွေနဲ့ ၂ဝ၁၄ မှာ သင်တန်းပေးတာတွေ ပြုလုပ်ခဲ့တယ်လို့ International Crisis Group – ICG ရဲ့ ၂ဝ၁၆ နှစ်ကုန်ပိုင်းက ထုတ်တဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ARSA အဖွဲ့ကို ကြီးကြပ်သူတွေမှာ ရခိုင်ပြည်နယ်ကနေ ဆော်ဒီအာရေးဗီးယားကို ပြောင်းရွှေ့သွားကြသူတွေ အပါအဝင် ရခိုင်ပြည်နယ်နဲ့ဆက်စပ်နေသူတွေဖြစ်ပါတယ်။ ရခိုင်ပြည်နယ်က အကြမ်းဖက်တိုက်ခိုက်မှုတွေကို လက်ရှိ ဦးဆောင်နေတဲ့ အက်တာအူလားအဘူအမာဂျန်နူနီ (Ata Ullah Abu Ammar Jununi) ဟာလည်း ရခိုင်ပြည်နယ်ကနေ ပါကစ္စတန်နိုင်ငံက ရာချိမြို့ကို ပြောင်းရွှေ့သွားတဲ့ မွတ်ဆလင်တစ်ဦးမှ မွေးလာသူဖြစ်ပြီး ဆော်ဒီအာရေးဗီးယားနိုင်ငံမှာ ကြီးပြင်းခဲ့သူဖြစ်တယ်လို့ ICG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ARSA အဖွဲ့ကို ဦးဆောင်နေတဲ့ အက်တာအူလား(Ata Ullah) အပါအဝင် ဆော်ဒီအာရေးဗီးယားနိုင်ငံက မွတ်ဆလင် ၂ဝ ဦး ဟာ အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန် စတဲ့နိုင်ငံတွေမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေမှာ တိုက်ပွဲအတွေ့အကြုံ ရှိသူတွေ ဖြစ်တယ်လို့ ICG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ARSA အဖွဲ့ဟာ ၂ဝ၁၆ အောက်တိုဘာအတွင်းမှာလည်း Aarakha Al-Yaqin (ယုံကြည်မှုအရ လှုပ်ရှားမှု) ဆိုတဲ့အမည်နဲ့ ရဲစခန်းတွေကို စတင်တိုက်ခိုက်ခဲ့ပြီး ယခုနှစ်အတွင်းမှာမှ ARSA အဖွဲ့လို့ အမည်ပြောင်းကာ တိုက်ခိုက်လာခဲ့တာ ဖြစ်ပါတယ်။
စက်တင်ဘာ ၁၄ ရက်မှာ သူတို့အဖွဲ့ အနေနဲ့ တခြားနိုင်ငံတွေက အကြမ်းဖက်အဖွဲ့တွေဖြစ်တဲ့ အယ်လ်ကိုင်းဒါး (AlQaeda)၊ Islamic State in Iraq and Syria (ISIS), Lashkar-e-Taiba အပြင် တခြားသော နိုင်ငံဖြတ်ကျော် အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်မှုမရှိဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမဲ့ သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ခေါ်သူတွေဟာ နိုင်ငံတကာ အကြမ်းဖက်သမားတွေနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အချိတ်အဆက်ရှိခဲ့သလို မောင်တောဒေသက တချို့ မွတ်ဆလင်တွေဆို အာဖဂနစ္စတန်က အကြမ်းဖက်အဖွဲ့အစည်းတွေမှာ ခေါင်းဆောင်ပိုင်း နေရာတွေ တာဝန်ယူထားကြတာတောင်ရှိတယ်လို့ သူ့ကို အာဖဂန်စ္စတန်အစိုးရက ပြောဆိုတာတွေ ရှိခဲ့တယ်လို့ ဒေါက်တာမင်းဇော်ဦးက ဆိုပါတယ်။
ဒေါက်တာမင်းဇော်ဦးဟာ ပဋိပက္ခ သုံးသပ်ဖြေရှင်းမှု ဘာသာရပ်နဲ့ အမေရိကန်နိုင်ငံ ဂျော့ချ်မေဆင်တက္ကသိုလ် (George Mason University)မှ ပါရဂူဘွဲ့ကို ရရှိခဲ့ပြီး Democracy International အဖွဲ့ရဲ့ အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ ရွေးကောက်ပွဲစနစ်ခိုင်ခံ့ရေးစီမံချက်မှာ သုတေသနညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။
ARSA အဖွဲ့ဟာ နိုင်ငံတကာအစိုးရတွေနဲ့ချိတ်ဆက် ဆောင်ရွက်တာမျိုးတွေ၊ မီဒီယာတွေ၊ လူမှုကွန်ရက်တွေကို စနစ်တကျ သုံးစွဲအကောင်အထည်ဖော်သွားတာ တွေ့ရပါတယ်လို့ သူက ပြောပါတယ်။
”မကျေနပ်တဲ့သူတွေက ငါတို့ကို ဖိနှိပ်လို့ဆိုပြီးတော့ ထပြီး ပုန်ကန်တဲ့ သဘောမဟုတ်ဘူး။ အစွန်းရောက်တွေက ဒေသမှာ ဖိနှိပ်ခံနေရတယ်၊ မကျေမနပ် ဖြစ်နေတယ်ဆိုတဲ့ သူတွေကို စနစ်တကျ လှုံ့ဆော်ပြီး အကောင်အထည်ဖော်သွားတာကို တွေ့ရတယ်”လို့ ဒေါက်တာမင်းဇော်ဦးက ဆိုပါတယ်။
ချင်းအမျိုးသားတစ်ဦးလည်းဖြစ်တဲ့ ငြိမ်းချမ်းရေးနှင့်ပြန်လည်သင့်မြတ်ရေးစင်တာမှ ဥပဒေအတိုင်ပင်ခံ ဒေါက်တာငွန်ကျုံးလျန်က ARSA အဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေ၊ မီဒီယာတွေမှာ ပြောဆိုနေတာတွေကို ကြည့်ခြင်းအားဖြင့် သူတို့အဖွဲ့ရဲ့ နောက်ကွယ်မှာ သတင်းကိုင်တွယ်မှု ပညာအလွန်အဆင့်မြင့်တဲ့ လူပုဂ္ဂိုလ်တွေ သို့မဟုတ် အဖွဲ့အစည်းတွေ ရှိတယ်ဆိုတာ ခန့်မှန်းလို့ ရပါတယ်လို့ ဆိုပါတယ်။
”ဒီလိုလူတွေကို အထူးသတိထားရမယ်”သူက ဆက်ပြောပါတယ်။
သြဂုတ် ၂၅ ရက် အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ပြီးနောက်ပိုင်း ICG ရဲ့ထုတ်ပြန်ချက်မှာတော့ ARSA အဖွဲ့ရဲ့ တိုက်ခိုက်ပုံစံမှာ အစိုးရကို လုံခြုံရေးအင်အား အလွန်အကျွံသုံးစွဲပြီး တန်ပြန်တိုက်ခိုက်လာအောင် လှုံ့ဆော်တိုက်ခိုက်နေတာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အစိုးရကလည်း လုံခြုံရေးအင်အားကို အလွန်အကျွံသုံးပြီး တုံ့ပြန်ဆောင်ရွက်လာပါက ရခိုင်ဒေသနဲ့တခြားနိုင်ငံမှ မွတ်ဆလင်အသိုင်းအဝိုင်းတွေက သူတို့အဖွဲ့ကို ပိုမိုထောက်ခံလာအောင်၊ နိုင်ငံတကာမှ စစ်ရေး အလွန်အကျွံသုံးစွဲမှုကို မီးမောင်းထိုးပြလာအောင် ဆောင်ရွက်နေတာဖြစ်တယ်လို့ ICG ထုတ်ပြန်ချက်မှာ ဆက်လက်ဖော်ပြထားပါတယ်။
“ ဒါဟာ ARSA က ဆင်ထားတဲ့ ထောင်ချောက်ပဲ ” လို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမြအေးက သုံးသပ်ပါတယ်။
ARSA အဖွဲ့ဟာ သူတို့ ရည်မှန်းချက်ဖြစ်တဲ့ ပြည်တွင်း ပြည်ပမွတ်ဆလင်တွေနဲ့ နိုင်ငံတကာ အသိုင်းအဝန်းရဲ့ ထောက်ခံမှုကို ရရှိရေးအတွက် အပြစ်မဲ့ပြည်သူတွေကို သေဆုံးစေတဲ့၊ ရှေ့ကိုတင်ပြီးတိုက်ခိုက်စေတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို လုပ်ဆောင်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
”တော်လှန်ရေးအဖွဲ့အစည်းတွေ လုပ်တိုင်းမှာ အပြစ်မဲ့ပြည်သူတွေကိုဖယ်ပြီးမှ တိုက်တာပဲရှိတယ်။ အပြစ်မဲ့ ပြည်သူတွေကိုချကျွေးပြီး တိုက်တာမရှိဘူး။ အဲဒါကြောင့် ARSA သည် တော်လှန်ရေး အဖွဲ့အစည်းမဟုတ်ဘူးလို့ ပြောချင်တယ်”ဟု သူက ဆိုပါတယ်။
Photo – တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ARSA အဖွဲ့က ဝှက်ခဲ့သည့် လက်နက်ခဲယမ်းများ
ARSA နဲ့ ဆွေးနွေးသင့်လား
ဗျွှဗ အဖွဲ့နဲ့ ငြိမ်းချမ်းရေးမဆွေး နွေးသင့်ဘူးလို့ တိုင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့က ခေါင်းဆောင်တွေက မှတ်ချက်ပေးပါတယ်။ လက်ခံဆွေးနွေးလိုက်မယ်ဆိုရင် အဲဒီအဖွဲ့ကို အသိအမှတ်ပြုလိုက်ရာ ရောက်မယ်လို့ ဆိုကြ ပါတယ်။
”သူတို့ကို တပ်မတော်နဲ့သော်လည်းကောင်း၊ လက်ရှိ အစိုးရနဲ့သော်လည်းကောင်း တရားဝင်ဖြစ်ဖြစ်၊ အလွတ်သဘောဖြစ်ဖြစ် စားပွဲဝိုင်းထိုင် ဆွေးနွေးတာတော့ မသင့်တော်ဘူးလို့ ယူဆပါတယ်”လို့ ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောပါတယ်။
ဒေါက်တာမင်းဇော်ဦးကလည်း အကြမ်းဖက်မှုလုပ်နေတဲ့သူတွေကို နိုင်ငံရေးအရဆွေးနွေးလိုက်ခြင်းအားဖြင့် တခြားသူတွေလည်း အကြမ်းဖက်လုပ်ရပ်တွေ လုပ်ပြီး အခွင့်အရေးတောင်းလာနိုင်တာ၊ မြန်မာနိုင်ငံမှာ လက်နက်ကိုင်အဖွဲ့တွေ မှိုလိုပေါက်လာနိုင်တာတွေကြောင့် အစိုးရအနေနဲ့မဆွေးနွေးတာဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သလို မြန်မာနိုင်ငံ အစ္စလာမ်ဓမ္မဗိမာန် အကြီးအကဲနဲ့ ငြိမ်းချမ်းရေးမေတ္တာအဖွဲ့ကိုတည်ထောင်သူ ဦးအေးလွင်ကလည်း ARSA အဖွဲ့ဟာ အကြမ်းဖက်အဖွဲ့အစည်းဖြစ်တယ် ဆိုပါက အစိုးရအနေနဲ့ဆွေးနွေးစရာမလိုဘူးလို့ ဆိုပါတယ်။
သူက ဆက်လက်ပြီး ”အကယ်၍ သူတို့ဟာ အမျိုးသားရေးအတွက် တိုက်ပွဲဝင်နေတယ်ဆိုရင်တော့ တခြားလက်နက်ကိုင်တွေကိုလည်း အစိုးရက ဆွေးနွေးနေတာပဲလေ”လို့ ဆိုပါတယ်။
”တရုတ်ပြည်နယ်စပ်မှာဆိုရင်လည်း ‘ဝ’ လက်နက်ကိုင်တပ်ရှိတယ်။ သူတို့လည်း မြန်မာစကားမတတ်ကြပါဘူး။ စာတောင် တရုတ်လိုပဲ ရေးပါတယ်။ လူအများကတော့ ဒီပုဂ္ဂိုလ်(ရခိုင်ပြည်နယ်က မွတ်ဆလင်)တွေကို တစ်ယောက်မကျန် နိုင်ငံခြားသားတွေ ဖြစ်တယ် ဆိုတော့ဗျာ”လို့ သူက ပြောလက်စ စကားကို ရပ်လိုက်ပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းကလည်း ARSA အဖွဲ့နဲ့ ဆွေးနွေးစရာ မရှိဘူးလို့ နေပြည်တော်ရှိ MICC-2 မှာ အောက်တိုဘာ ၉ ရက်က ပြုလုပ်တဲ့ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အခမ်းအနားမှာ သတင်းထောက်တွေကို ပြောဆိုထားပါတယ်။
”အပစ်အခတ်ရပ်စဲတာ၊ မရပ်စဲတာ ကျွန်တော်တို့ အသိအမှတ်ပြုထားတာ မဟုတ်ပါဘူး။ သူ (ARSA)ဟာ အကြမ်းဖက်အဖွဲ့ ဖြစ်တဲ့အတွက် ဘယ်အစိုးရကမှ အကြမ်းဖက်သမားနဲ့ စေ့စပ်ညှိနှိုင်းတာ မရှိပါဘူး”လို့ သူက ပြောဆိုခဲ့ပါတယ်။
အစ္စလာမ်သာသနာရေးကောင်စီ ဌာနချုပ်ဥက္ကဋ္ဌ ဦးညွန့်မောင်သျှိန်ကတော့ ARSA အဖွဲ့ဟာ အစ္စလာမ်ဘာသာနဲ့ဆန့်ကျင်ဘက်အဖွဲ့အစည်းဖြစ်သလို မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းကို သွားနေတဲ့အချိန်၊ နိုင်ငံရဲ့တိုးတက်ရာ တိုးတက်ကြောင်းကို အနှောင့်အယှက်ဖြစ်အောင် အကြမ်းဖက်မှုတွေ လုပ်နေတဲ့ အဖွဲ့အစည်းတစ်ခုသာဖြစ်တယ်လို့ သူက မှတ်ချက်ပြုပါတယ်။
”ဘာသာပေါင်းစုံကလည်း လက်မခံဘူး။ ဒီလိုအပြစ်မဲ့တဲ့ ပြည်သူတွေကို သတ်ဖြတ်ပြီးတော့ ပုန်ကန်တာ၊ တော်လှန်တာ၊ ကျူးကျော်တာ၊ စော်ကားတာ အားလုံးကို ရှုတ်ချတယ်။ လုံးဝလက်ခံလို့ မရဘူး”လို့ သူက ပြောပါတယ်။
Photo – Information Committee ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ရန် နယ်စပ်တွင် ရောက်ရှိနေကြသည့် မွတ်ဆလင်များ
နိုင်ငံတကာဖိအားကို ဘယ်လိုလျှော့မလဲ
သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားပြီးနောက် ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့နိုင်ငံတကာမီဒီယာတွေက မြန်မာအစိုးရနဲ့ တပ်မတော်ဟာ ရခိုင်ပြည်နယ်က မွတ်ဆလင်တွေကို လူမျိုးတုံးသုတ်သင်ရှင်းလင်းမှု လုပ်နေတယ်၊ တိုင်းရင်းသားလူမျိုးပြုတ်သတ်ဖြတ်မှုတွေ ရှိနေတယ်လို့ စွပ်စွဲပြောဆိုလာပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဆွေးနွေးတဲ့ အထိ ဖိအားပေးမှုတွေ လုပ်လာခဲ့တာပါ။
ARSA အဖွဲ့ကို နိုင်ငံတကာက ထောက်ခံနေတာမျိုးမဟုတ်ဘဲ ရခိုင်ပြည်နယ်ထဲက မွတ်ဆလင်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးနေကြတာနဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲမှုကြောင့်သာ နိုင်ငံတကာက ဖိအားပေးတာမျိုး ဖြစ်တယ်လို့ ဒေါက်တာမင်းဇော်ဦးက ရှုမြင်ပါတယ်။
”အနောက်နိုင်ငံတွေကလည်း ဒီ ARSA နဲ့ အရှေ့အလယ်ပိုင်းက IS တို့၊ အယ်လ်ကိုင်းဒါးတို့နဲ့ ဘယ်လိုချိတ်ဆက် နေတယ်ဆိုတာကို သူတို့ကောင်းကောင်းသိတယ်”လို့ သူက ဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းရှိနေတယ် ဆိုတာကို အစိုးရအနေနဲ့ အသိအမှတ်ပြုပြီး ရခိုင်မှာရှိနေတဲ့ လူတွေအားလုံးကို လုံခြုံရေးအကာအကွယ်ပေးဖို့ လိုအပ်သလို လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ကျေးရွာတွေကို မီးရှို့နေတာတွေကိုလည်း အရေးယူတားဆီးဖို့ လိုအပ်တယ်လို့ သူကဆိုပါတယ်။
”အကြမ်းဖက်မှုကို ဘယ်သူပဲလုပ်လုပ် ရပ်အောင် လုပ်ဖို့လိုတယ်။ နောက်တစ်ခုက လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့တွေ ရောက်နိုင်အောင် လုပ်ပေးဖို့လိုတယ်။ ဒါတွေကို လုပ်ခြင်းအားဖြင့် နိုင်ငံတကာဖိအားတွေ လျော့ကျ သွားနိုင်တယ်”လို့ ဒေါက်တာမင်းဇော်ဦးက အကြံပြုပါတယ်။
ရခိုင်ပြည်နယ်ပဋိပက္ခကို ဖြေရှင်းဖို့ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာကိုဖီအာနန်ကို ဦးဆောင်စေပြီး ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ၂ဝ၁၆ သြဂုတ်မှာ ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီကော်မရှင်ရဲ့ အစီရင်ခံစာထုတ်ပြန်ပြီး ၂၄ နာရီမပြည့်ခင်မှာ ARSA အဖွဲ့က အကြမ်းဖက် တိုက်ခိုက်မှုတွေ စတင်ခဲ့တာပါ။
ရခိုင်အရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာက ဖိအားပေးနေတာတွေ၊ ဝေဖန်နေတာတွေအပေါ် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ”ဝေဖန်ချက်တွေ၊ စွပ်စွဲချက်တွေကို စကားနဲ့ တုံ့ပြန်နေတာထက် လက်တွေ့ လုပ်ဆောင်ချက်တွေ၊ တိုးတက်မှုရလဒ်တွေနဲ့ ကမ္ဘာကိုပြသသွားဖို့ ကျွန်မတို့လုပ်ဆောင် သွားရမှာဖြစ်တယ်”လို့ အောက်တိုဘာ ၁၂ ရက်က နိုင်ငံပိုင်ရုပ်မြင်သံကြားမှတစ်ဆင့် ထုတ်လွှင့်တဲ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
Photo – Hla Htay ၂၀၁၇ စက်တင်ဘာအတွင်းက မောင်တောဒေသတွင် တွေ့ရသည့် တပ်မတော်သားမျျား
ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုကူညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်းကော်မတီကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး အောက်တိုဘာ ၁၇ ရက်မှာ ဖွဲ့စည်းခဲ့ပါတယ်။
ကော်မတီက ဆောင်ရွက်မယ့်လုပ်ငန်းတာဝန်တွေမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ထိထိရောက်ရောက်ပေးနိုင်ရေး၊ ပြန်လည်နေရာချထားရေးနဲ့ ပြန်လည်ထူထောင်ရေးကိစ္စတွေကို ပူးပေါင်းဆောင်ရွက်ရေး၊ ဒေသဖွံ့ဖြိုးရေးနဲ့ရေရှည်ပဋိပက္ခကင်းဝေးရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်တဲ့အခါ နိုင်ငံတော်ရဲ့ ပံ့ပိုးမှုအပြင် ပြည်တွင်း၊ ပြည်ပအလှူရှင်တွေရဲ့ ကူညီထောက်ပံ့ငွေတွေနဲ့ ဆောင်ရွက်မှာဖြစ်တဲ့အတွက် ပြည်ထောင်စု စာရင်းစစ်ချုပ်ရဲ့ စစ်ဆေးမှုအပြင် နိုင်ငံတကာစာရင်းစစ်ကုမ္ပဏီတစ်ခုကိုလည်း ငှားရမ်းပြီး အစစ်အဆေးခံနိုင်ရေး စတဲ့အချက်တွေ ပါဝင်ပါတယ်။
ကော်မတီဖွဲ့ပြီးသုံးရက်အကြာမှာ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တွေ အဆိုပါ ကော်မတီကို အလှူငွေကျပ်သိန်းပေါင်း ၁၇၇,ဝဝဝ ကို လှူဒါန်းခဲ့ကြပါတယ်။
ရခိုင်ပြည်နယ်က ပြဿနာဟာ တိုင်းပြည်အတွက်ရော နိုင်ငံခေါင်းဆောင်တွေအတွက်ပါ အရေးကြီးတဲ့ ကိစ္စဖြစ်တာကြောင့် မြန်မာနိုင်ငံက ခေါင်းဆောင်တွေကြားမှာ လိုအပ်မှတွေ့ဆုံဆွေးနွေးတာထက် တစ်ပတ်တစ်ခါလို ပုံမှန်ဆွေးနွေးဖို့ လိုအပ်ပြီး လက်ရှိအချိန်မှာ အဲဒီလို တွေ့ဆုံဆွေးနွေးတာမျိုးတွေ မရှိဘူးလို့ ဒေါက်တာမင်းဇော်ဦးက အကြံပြုပါတယ်။
”ပုံမှန်ဆွေးနွေးမှုတွေ မရှိဘူး။ Platform (အစီအစဉ်)တွေ မရှိဘူး။ အရင်တုန်းကဆိုရင်တော့ ကာလုံရှိရင် ရှိတယ်။ မရှိလို့ရှိရင် ငြိမ်းချမ်းရေးကိစ္စတွေမှာ တွေ့ဆုံတာမျိုးရှိတယ်။ ခေါင်းဆောင်တွေကြားထဲမှာ အမြဲတမ်းတွေ့ဆုံဆွေးနွေးနိုင်မယ့် Platform တစ်ခုတော့ လိုလိမ့်မယ်လို့မြင်ပါတယ်”လို့ သူက ဆက်ပြောပါတယ်။
တိုင်းရင်းသားနဲ့ နိုင်ငံသား
ရခိုင်ပြည်နယ်က ပြဿနာကို ဖြေရှင်းတဲ့အခါ နိုင်ငံသားဖြစ်မှုကိစ္စဟာ အဓိက ထည့်သွင်းရမယ့် အချက်ဖြစ်တယ်လို့ တိုင်းရင်းသားခေါင်းဆောင်တချို့နဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဆိုပါတယ်။
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမြအေးက ရခိုင်ပြဿနာကို ဖြေရှင်းတဲ့အခါ ဘာသာရေး၊ လူမျိုးရေးပုံစံမျိုးမဟုတ်ဘဲ နိုင်ငံရေးပြဿနာဖြစ်တဲ့အတွက် အစိုးရအနေနဲ့အမြင်ကျယ်ကျယ်နဲ့ ဖြေရှင်းရမယ်လို့ ဆိုပါတယ်။
”ကျွန်တော့်အမြင်ဆိုရင် ARSA ကို လက်မခံဘူး။ နယ်မြေတောင်းဆိုတာမျိုးကို လက်မခံဘူး။ သို့သော် တရားမျှတမှုကို ကျွန်တော်တို့ လိုချင်တယ်။ အဲဒီဒေသမှာရှိတဲ့သူတွေကို နိုင်ငံသားမှန်မှန်ကန်ကန် စိစစ်ပြီးတော့မှ အခြေအနေ အခွင့်အရေးပေးတာမျိုး လိုချင်တယ်”လို့သူက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားသူတွေကိုလည်း ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ ၁၉၉၂ ဧပြီမှာ ချုပ်ဆိုခဲ့တဲ့ စာချုပ်အပေါ်အခြေခံပြီး ထွက်ပေါ်လာတဲ့ ၁၉၉၃ တုန်းက လုပ်ဆောင်ချက်အတိုင်း စိစစ် ခေါ်ယူသွားမယ်လို့ စက်တာဘာ ၁၉ ရက် က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားပါတယ်။
”မြန်မာနိုင်ငံကို ပြန်လာချင်တဲ့ ဒုက္ခသည်တွေကို လက်ခံဖို့ ကျွန်မတို့ အဆင်သင့်ရှိပါတယ်။ အဲဒီအချိန်က (၁၉၉၂) သဘောတူညီထားတဲ့ သတ်မှတ်ချက်များကို တိကျစွာလိုက်နာရမှာ ဖြစ်ပါတယ်”လို့ သူက ဆက်လက်ပြောဆိုခဲ့ပါတယ်။
Photo – Zay Yar မောင်တောမြို့ပေါ်တွင် လုံခြုံရေးယူနေသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦး
အဲဒီ့သဘောတူညီချက်ရဲ့ အပိုဒ် ၇(ဃ) မှာတော့ ထွက်ပြေးသွားသူတွေကို ပြန်လည်လက်ခံဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရက စိစစ်ထုတ်ပေးထားတဲ့ ဒုက္ခသည် အသိအမှတ်ပြုကတ်ပြား ရှိရမှာဖြစ်ပြီး မြန်မာဘက်အခြမ်းမှာ နေထိုင်ခဲ့တယ်ဆိုတဲ့ သက်သေအထောက်ထား ပြနိုင်ဖို့ လိုတယ်လို့ ဆိုထားပါတယ်။
ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ ဒုက္ခသည် စိစစ်မှုကိုအခြေခံပြီး မြန်မာနိုင်ငံသားစိစစ်ရေးကတ်၊ အမျိုးသားမှတ်ပုံတင်ကတ် ဒါမှမဟုတ် မြန်မာအစိုးရက ထုတ်ပေးထားခဲ့တဲ့ စာရွက်စာတမ်း အထောက်အထားတစ်ခုခု၊ ဒါမှမဟုတ် နေရပ်လိပ်စာစတာတွေ တင်ပြနိုင်တဲ့သူတွေကို ပြန်လည်လက်ခံခြင်း စတဲ့ အချက်အချို့ ပါဝင်ပါတယ်။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အစီရင်ခံစာမှာတော့ အဲဒီဒေသမှာနေထိုင်တဲ့ မွတ်ဆလင်တွေကို ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေအရ နိုင်ငံသားစိစစ်မှုတွေ လုပ်ဆောင်ဖို့နဲ့ အဲဒီ ဥပဒေကိုလည်း ပြန်လည်သုံးသပ်ဖို့ အကြံပြုထားပါတယ်။
၁၉၈၂ မြန်မာနိုင်ငံသားဥပဒေ အခန်း ၂ ပုဒ်မ ၃ မှာ နိုင်ငံတော်မှာ ပါဝင်တဲ့ နယ်မြေတစ်ခုခုအတွင်း ၁၈၂၃ မတိုင်မီ ကာလမှစပြီး ပင်ရင်းနိုင်ငံအဖြစ် အမြဲနေထိုင်ခဲ့တဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့ တိုင်းရင်းသားတွေနဲ့ မျိုးနွယ်စုတွေဟာ မြန်မာနိုင်ငံသား ဖြစ်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။
ထိုဥပဒေ ပုဒ်မ ၅ မှာလည်း တိုင်းရင်းသားတိုင်းသည်လည်းကောင်း၊ တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားသူတိုင်းသည် လည်းကောင်း မွေးရာပါနိုင်ငံသားဖြစ်တယ်လို့ ဆိုထားပါတယ်။
၁၉၈၂ နိုင်ငံသားဥပဒေကို မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရလက်ထက် ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြဋ္ဌာန်းခဲ့တာဖြစ်ပါတယ်။ အဲဒီ ၁၉၈၂ ဥပဒေ ပုဒ်မ – ၄ မှာ ‘မည်သည့်မျိုးနွယ်စုသည် တိုင်းရင်းသားဖြစ်သည်၊ မဖြစ်သည်ကို နိုင်ငံတော်ကောင်စီက ဆုံးဖြတ်နိုင်သည်’လို့ ပါဝင်ပါတယ်။ ဒါပေမဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ‘နိုင်ငံတော်ကောင်စီ’ဆိုတာ မရှိတော့တဲ့အတွက် တိုင်းရင်းသားဖြစ်မှု၊ မဖြစ်မှုကို ဆုံးဖြတ်နိုင်တဲ့ အဖွဲ့အစည်းတစ်ခု လိုအပ်တယ်လို့ ဒေါက်တာငွန်ကျုံးလျန်က ဆိုပါတယ်။
နိုင်ငံတော်သမ္မတဟောင်းဦးသိန်းစိန်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့က ရိုဟင်ဂျာဆိုတာ တိုင်းရင်းသားမဟုတ်ဘူးလို့ ပြောဆိုခဲ့ကြသော်လည်း ”ဥပဒေအရကြည့်ရင် ရိုဟင်ဂျာ တိုင်းရင်းသားဖြစ်ခြင်းမဖြစ်ခြင်းဟာ နိုင်ငံတော်ကောင်စီဆိုတဲ့ အဖွဲ့အစည်းကပဲ ဆုံးဖြတ်ရမှာဖြစ်ပါတယ်”လို့ သူက ပြောဆိုပါတယ်။
၁၉၈၂ ဥပဒေအရ နိုင်ငံသားဖြစ်မှုကို သမ္မတဦးသိန်းစိန်အစိုးရလက်ထက်ကတည်းက စိစစ်မှုတွေ လုပ်ဆောင်ခဲ့သော်လည်း လူမျိုးဆိုတဲ့နေရာမှာ ရိုဟင်ဂျာ နာမည်ကို မဖြည့်ရတဲ့အတွက် စိစစ်ခံဖို့ ရခိုင်ဒေသက မွတ်ဆလင်တွေက ငြင်းဆန်ခဲ့ပါတယ်။
အောက်တိုဘာ ၂ဝ ရက် နိုင်ငံတော် သတင်းထုတ်ပြန်ရေးကော်မတီရဲ့ ထုတ်ပြန်ချက်အရ မောင်တောဒေသမှာ နိုင်ငံသားစိစစ်ခံမယ့်သူတွေအတွက် လိုအပ်တဲ့ သက်သေခံကတ်ပြား (National Verification Card – NVC) ထုတ်ပေးနေပေမယ့် ထုတ်ယူသူဦးရေမှာ တစ်ရာပင် မပြည့်သေးဘူးလို့ဆိုပါတယ်။
Photo- Zay Yar မောင်တောမြို့ပေါ်တွင် လုံခြုံရေးယူနေသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦး
ဒေါက်တာငွန်ကျုံးလျန်က ၁၉၈၂ နိုင်ငံသားဥပဒေကို ခိုင်မာအောင်ပြင်ဆင်ပြီး နိုင်ငံသားစိစစ်ရေးကို လုပ်ဆောင်သင့်တယ်လို့ အခုလိုမှတ်ချက်ပေးပါတယ်။
”ရိုဟင်ဂျာဆိုတဲ့ တိုင်းရင်းသားဖြစ်ချင်တာလား၊ ဥပဒေနဲ့အညီ မြန်မာနိုင်ငံသားဖြစ်ပြီး အနီရောင် နိုင်ငံကူးလက်မှတ်နဲ့ ကမ္ဘာပတ်ချင်တာလားဆိုတာ ဥပဒေဘောင်ထဲကနေ သူတို့ ရွေးချယ်ရမယ့် ကိစ္စဖြစ်ပါတယ်။ ဒါကြောင့် ၁၉၈၂ နိုင်ငံသား ဥပဒေက အရေးကြီးတယ်”
ARSA အဖွဲ့ရဲ့ တစ်လတာအပစ်အခတ်ရပ်စဲကာလလည်းကုန်လွန်သွားပြီ ဖြစ်ပါတယ်။ ကုလသမဂ္ဂအဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်အရ တိုက်ခိုက်မှုဖြစ်ခဲ့တဲ့ဒေသက မွတ်ဆလင်တွေဟာလည်း တစ်ဖက်နိုင်ငံသို့ ထွက်ပြေးနေကြဆဲ ဖြစ်ပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း မြန်မာအစိုးရကို ဖိအားတွေ ပေးနေကြဆဲပါ။
ဒေါက်တာမင်းဇော်ဦးကတော့ တစ်ဖက်နိုင်ငံကို ထွက်ပြေးသွားသူတွေ အနေနဲ့ အဲဒီဘက်ခြမ်းမှာ ဆင်းရဲဒုက္ခ ပိုကြုံတွေ့လာတာနဲ့အမျှ ”ကျွန်တော်တို့က ဒီလူတွေကိုလည်း ပြန်ခေါ်သွင်းရမယ်ဆိုရင် ကိုယ့်ကို နည်းနည်းမုန်းတဲ့သူကို များများမုန်းတဲ့အချိန်မှာ ပြန်ခေါ်ရတဲ့ အနေအထားမျိုး ဖြစ်တဲ့အခါ အန္တရာယ်ပိုရှိတယ်”လို့ ဆိုပါတယ်။
၂၀၁၇-နိုဝင်ဘာလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၅၁)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။
ခင်မောင်မြင့် ရေးသည်။