အဆိပ်ရည်ရွှမ်းသော အသီးအရွက်များ လိုသလောက်ရမည် အပိုင်း(၁)

    မွန်းတည့်နေရောင်အောက်တွင် တောက်ပစွာ စိမ်းစိုနေ သော အရွက်ဖားဖားများကြားတွင် ခရမ်းရောင်ပန်းပွင့်များသည် တင့်တယ်လှပနေကြ သည်။ သုံးလက်မခန့်ရှည်သည့် ခရမ်းရောင် ရှည်မျောမျော အသီးကင်းများက အရွက်တွေကြားတွင် ပုန်း အောင်းပြီး တွဲလွဲခိုနေကြသည်။

ကျောကုန်းတွင် အပြာရောင်ဘူးကြီးကို လွယ်ထားသည့် ကိုတူးတူးသည် တစ်တောင်မရှိတရှိ ခရမ်းသီးပင်များကြား တစ် တန်းဝင်၊ တစ်တန်းထွက် လှုပ်ရှားသွားလာနေသည်။ သူ၏ ဘယ် ဘက်လက်က ဘူးပြာကြီး၏ မောင်းတံကို နှိမ့်ချည်၊ မြှင့်ချည်လုပ် နေစဉ် ညာဘက်လက်သည် စတီးပိုက်တစ်ချောင်းကိုကိုင်ကာ ဟို အပင်ကိုယမ်းလိုက်၊ ဒီအပင်ကိုယမ်းလိုက်လုပ်နေသည်။ စတီး ပိုက်ချောင်းမှ အရည်များက ခရမ်းရောင်အပွင့်များ၊ အသီးငယ် လေးများကို ပန်ဆင်လွယ်ပိုးထားရသည့် ခရမ်းသီးပင်များအပေါ် ဖွားခနဲ ဖွားခနဲ ဖြာကျနေသည်။ထိုအရည်များ၏ အနံ့ဆိုးများက စိုက်ခင်းတစ်ဝိုက်ရှိ လေ ထုထဲတွင် ပျံ့နှံ့ဝေ့ဝဲနေသည်။ ထိုအရည်များကား ခရမ်းသီးများကို ပိုးကိုက်ခြင်းမှ အကာအကွယ်ပေးမည့် ပိုးသတ်ဆေးများပင်ဖြစ် သည်။ အင်္ကျီအဖြူလက်တိုနှင့် ခရမ်းရောင်ပုဆိုးကို ခပ်တိုတိုဝတ် ထားသည့် ကိုတူးတူးတွင် အကာအကွယ်ပစ္စည်းဆို၍ ဘာမျှမပါ။ လက်အိတ်မစွပ်။ နှာခေါင်းစည်းမတပ်။ ဖိနပ်မစီး။ ခေါင်းပေါ်မှာ တော့ နေအပူဒဏ်ကို ကာကွယ်ဖို့ ဝါးခမောက်တစ်လုံးတော့ ဆောင်းထားသည်။

ပဲခူးတိုင်းဒေသကြီးအနောက်ဘက်ခြမ်းရှိ ပုတီးကုန်းမြို့၊ ကြခတ်တန်းကျေးရွာတစ်ဝိုက်က အခြားတောင်သူတွေလည်း ကိုတူးတူးလိုပဲ ပိုးသတ်ဆေးနှင့် အသီးအပွင့်အားဆေးများကို ပိုးကျသည့်အပေါ်မူတည်ပြီး ပေါပေါလှိုင်လှိုင်အသုံးပြုကြသည်။ ဓာတ်မြေသြဇာကိုလည်း လိုသလောက် ဖောဖောသီသီအသုံးပြု ကြသည်။ ပုတီးကုန်းတစ်ဝိုက်တွင်သာမက ပဲခူးတိုင်းဒေသကြီးအနောက်ဘက်ခြမ်းရှိ သဲကုန်း၊ အုတ်ဖိုနှင့် မိုးညိုမြို့နယ်များရှိ တောင်သူများသည်လည်း သူတို့၏ ဟင်းသီးဟင်းရွက် စိုက်ခင်း များတွင် ပိုးသတ်ဆေးကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေကြ သည်ကို တွေ့ရသည်။

”ပိုးသတ်ဆေးနဲ့ လွတ်တဲ့ သီးနှံဆိုလို့ မရှိတော့ပါဘူး”ဟု အသက် ၃၁ နှစ်အရွယ် ကိုတူးတူးက ဆေးဖျန်းရင်း မှတ်ချက်ပြုသည်။

သို့သော် သူတို့သုံးနေသော ပိုးသတ်ဆေးနှင့် အသီးအပွင့် အားဆေးများ၏ အန္တရာယ်ကို ကိုတူးတူးတို့တစ်တွေ ဂရုမစိုက် ကြသလို စိုက်ပျိုးရေးအတွက် အသုံးပြုရာတွင်လည်း နည်းစနစ် ကျကျအသုံးမပြုကြပေ။ သူတို့စိတ်တိုင်းကျ လိုသလို အသုံးပြုနေ ကြခြင်းကို တွေ့ခဲ့ရသည်။

တောင်သူတို့အဖို့ သီးနှံများစိုက်ပျိုးသည့်အခါ ပိုးသတ် ဆေးမသုံးလျှင် မဖြစ်နိုင်သလိုဖြစ်နေသည်။ ပိုးသတ်ဆေးမသုံး လျှင် သူတို့စိုက်ပျိုးထားသော စိုက်ခင်းက ငွေကုန်၊ လူပန်းနှင့် နိဂုံးချုပ်သွားမည်ဟု တောင်သူများခံယူထားကြသည်။ တစ်နည်း အားဖြင့် စားသုံးသူများဖန်တီးသော ဈေးကွက်ဖိအားက ကိုတူးတူးတို့လို တောင်သူများ၏ ပခုံးကို အကျအနခွစီးထားသည်။

စားသုံးသူများ၏ တောင်းဆိုမှုများကြောင့် အပင်အား ဆေး၊ အသီးလှဆေးကဲ့သို့သော ဆေးဝါးများကို တောင်သူများ အနေနှင့် မသုံးလျှင် မဖြစ်တော့သည့်အခြေအနေသို့ ဆိုက် ရောက်လာရသည်ဟု သဲကုန်းမြို့နယ်၊ ရွာလှကျေးရွာမှ တောင် သူ ဦးအောင်ရွှေက ဆိုသည်။

”အခုနောက်ပိုင်း(ပိုးသတ်ဆေး)မသုံးရင် ဘာမှ ရောင်း ရမှာမဟုတ်ဘူး။ ဒီလိုပိုးသတ်ဆေးတွေ သုံးနေတာတောင် တောင်သူတွေမှာ ပိုးဖျက်၊ မိုးဖျက်၊ ဈေးကွက်ဖျက်တဲ့ဒဏ်ကို မကြာခဏ ခံနေရတယ်”ဟု သူက ဆက်ပြောသည်။

အသီးအနှံနှင့် ဟင်းသီးဟင်းရွက် ဝယ်ယူစားသုံးသူတို့ သည် ဟင်းသီးဟင်းရွက်များ ဝယ်ယူစားသောက်ကြသည့်အခါ တွင် လတ်လတ်ဆတ်ဆတ်၊ လှလှပပနှင့် ပိုးကိုက်ဒဏ်ရာ မပါရှိ သည့် အသီးအနှံများကိုသာ ရွေးဝယ်တတ်ကြသည်။ ပန်းဂေါ်ဖီ ကဲ့သို့သော အသီးအနှံများဆိုပါကလည်း အပွင့်ကြီးကြီးကို ရွေး ဝယ်တတ်ကြသလို အသီးဆိုပါကလည်း အလုံးကြီးသည့် အသီး ကိုသာ ရွေးချယ်ဝယ်ယူတတ်ကြသည်။

သို့ဖြစ်ရာ သီးနှံနှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးကြသည့် တောင်သူများအနေဖြင့် ဝယ်ယူစားသုံးသူအကြိုက်၊ တစ်နည်း အားဖြင့် ဈေးကွက်က တောင်းဆိုသည့်အတိုင်း စိုက်ပျိုးထုတ် လုပ်လာကြပါသည်။

ဆေးမသုံးရ မနေနိုင်

ပုတီးကုန်းမြို့၊ ညောင်ဝင်းကျေးရွာမှ အသက် ၃၄ နှစ် အရွယ် ကိုဝင်းလှိုင် ပိုင်ဆိုင်သည့် တစ်လသားအရွယ် ဂေါ်ဖီထုပ် အပင်ငယ်လေးများသည် နေရောင်အောက်တွင် ရွှန်းလဲ့ တောက်ပနေကြသည်။

ကိုဝင်းလှိုင်သည် ဂေါ်ဖီထုပ်များအပြင် ပန်းဂေါ်ဖီ၊ ခရမ်း သီး နှင့် အခြားသော ရာသီလိုက် ဟင်းသီးဟင်းရွက်များကိုလည်း စိုက်ပျိုးသေးသည်။

သူသည်လည်း ဂေါ်ဖီထုပ်များ ပိုးကင်းစွာကြီးထွားပြီး ဈေးကွက်သို့ မျက်နှာပန်းလှစွာရောက်ရှိရေးအတွက် ပိုးသတ် ဆေးကို ဖောဖောသီသီ သုံးနေရသည်။

”နွေရာသီဆို ဂေါ်ဖီထုပ်က အရမ်းပိုးကျတာ။ တော်ရုံနဲ့ လည်း မထုပ်ဘူး။ ပိုးသတ်ဆေး အမြဲတမ်းပက်ပေးနေလို့ ဒီ အရောင်ဖြစ်နေတာ”ဟု ကတ္တီပါခင်းထားသည့်အလား စိမ်းညို့ နေသည့် ဂေါ်ဖီထုပ်စိုက်ခင်းအား မေးထိုးပြရင်း ကိုဝင်းလှိုင်က ပြောသည်။ သူသည် ကိုယ်စိုက်ထားသည့် စိုက်ခင်းအား စိုက် ကြည့်ရင်း ကျေနပ်ကာပြုံးနေသည်။

စိမ်းညို့ညို့ဂေါ်ဖီထုပ်နှင့် အဝါနုရောင် ပန်းဂေါ်ဖီတို့ ဈေး ကွက်သို့ရောက်ရန် အဓိကလိုအပ်သည့်အရာက ဓာတ်မြေသြဇာ နှင့် ပိုးသတ်ဆေးပင် ဖြစ်သည်။

”မြေသြဇာကျတော့ အပေါ်ဆေးနဲ့ အောက်ဆေး ထည့် တယ်။ အောက်ဆေးကတော့ မြေတူးဆွပြီး ဓာတ်ဆား(မြေဆီ)ထည့်တယ်။ အပင်အားဆေး(အပင်ဟော်မုန်းအားဆေး)ပက် တယ်၊ (အပွင့်)ပေါ်တဲ့အထိ နည်းနည်းစီ တောက်လျှောက်သုံးနေရ တာ”ဟု အပင်များ ကြီးထွားဖို့အတွက် ဓာတ်မြေသြဇာနှင့် အပင်အားဆေးအသုံးပြုရပုံကို ကိုဝင်းလှိုင်က ရှင်းပြသည်။

စိုက်ခင်းအတွင်း ဂေါ်ဖီထုပ်နှင့် ပန်းဂေါ်ဖီပွင့်လာသည့်နောက် ပိုင်းတွင်လည်း တောင်သူတို့၏ လုပ်ငန်းများက မပြီးသေး။ ပန်း ဂေါ်ဖီများ ပွင့်လာသည့်နောက်ပိုင်း ပိုးသတ်ဆေးကြောင့် ပန်းပွင့် များ မပျက်စီးစေရန် ပိုးသတ်ဆေးကို လျှော့သုံးရသော်လည်း ဂေါ်ဖီထုပ်များတွင်မူ အထုပ်ထဲသို့ ပိုးမဖောက်စေရန် ပိုးသတ် ဆေးကို သုံးပေးရသည်ဟု တောင်သူများက ပြောသည်။

ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်များကို ခူးဆွတ်ချိန်မရောက်မီ ၁၅ ရက်၊ ၂ဝ ရက်အလိုတွင် ပိုးသတ်ဆေးဖျန်းခြင်းကို ရပ်နားလေ့ရှိ သော်လည်း လိုအပ်လျှင် လိုအပ်သလိုထပ်မံ ပက်ဖျန်းပေးရသည် ဟု ကိုဝင်းလှိုင်က ရှင်းပြသည်။

ပန်းဂေါ်ဖီနှင့် ဂေါ်ဖီစိမ်းများနည်းတူ ခရမ်းသီး၊ ငရုတ်သီးနှင့် ခရမ်းချဉ်သီး စိုက်ခင်းများအတွက်ကိုလည်း ဓာတ်မြေသြဇာ၊ အပင်အားဆေးနှင့် ပိုးသတ်ဆေးများကို အသုံးပြုပေးရသည်။ ကြဲခင်းမှ စိုက်ခင်းရောက်သည်အထိ အပင်ကြီးထွားစေရန်နှင့် ပိုး မကျရောက်စေရန် ဓာတ်မြေသြဇာ၊ အပင်အားဆေးနှင့် ပိုးသတ် ဆေးများကို နိုင်နိုင်နင်းနင်း အသုံးပြုပေးရသည်။ အသီးအပွင့် ပွင့်လာသည့်အချိန်တွင်လည်း အပွင့်များ သန္ဓေအောင်ရန်နှင့် အသီးများကို သီးလုံးဖောက်ပိုးများ မဝင်စေရန် လိုအပ်သည့် ဆေးဝါးများကို တောင်သူတို့ အပြေးအလွှားဝယ်ကာ ဖျန်းကြရသည်။

ကြခတ်တန်းကျေးရွာမှ ခရမ်းသီးစိုက်ပျိုးသည့် ကိုတူးတူး က ”ငရုတ်သီးတို့၊ ခရမ်းသီးတို့ဆို တစ်ကြိမ်ခူးပြီး တစ်ကြိမ် ပြန် ပက်ရတယ်။ သီးလုံးဖောက်ပိုးက အန္တရာယ်ရှိတယ်။ အဲဒီပိုး အထဲ ဝင်သွားရင် ဘာမှ ရောင်းလို့ မရတော့ဘူး”ဟု ပြောပြသည်။

နွေရာသီရောက်လျှင် ရေလုံလုံလောက်လောက် မလောင်း နိုင်။ ရေမလုံလောက်လျှင် အသီးကြီးထွားမှုမရှိတော့။ ထိုသို့ ဖြစ်လာလျှင် တောင်သူများအနေဖြင့် အသီးကြီးစေမည့် နည်း လမ်းများကို ရှာဖွေကြရသည်။ ယင်းအချိန်တွင် ကိုတူးတူးက ယခုလို လုပ်သည်။

”ငရုတ်သီးတွေ မကြီးနိုင်တော့ဘူးဆိုရင် ငရုတ်အတောင့် ပွဆေးဆိုတာ ရှိတယ်။ မခူးခင် နှစ်ရက်၊ သုံးရက်အလိုမှာ ပက် လိုက်ရင် (ငရုတ်သီးတွေ) တင်းလာတာပဲ”

မိုးညိုမြို့နယ်ရှိ တချို့သော ကျေးရွာများတွင် နည်းလမ်းတစ်မျိုးကို အသုံးပြုကြသည်။ တောင်သူတချို့သည် ခရမ်းချဉ်သီး များကို အမြန်မှည့်စေရန် ဆေးစိမ်ကာ ဈေးကွက်သို့ တင်ပို့ကြ သည့် နည်းလမ်းများကို ပြုလုပ်ကြသည်။

မိုးညိုမြို့နယ်၊ စိန်တိုင်ရွာမှ ပဲမျိုးစုံ၊ ပြောင်းမျိုးစုံ၊ ဆေး ရွက်ကြီး၊ ငရုတ်သီးနှင့် ခရမ်းချဉ်သီးတို့ စိုက်ပျိုးသည့် တောင်သူ ကိုမင်းလွင်က တချို့သော တောင်သူများ လုပ်ကိုင်ကြသည့် နည်းလမ်းများကို ယခုလို ရှင်းပြသည်။

”တချို့ရွာတွေမှာ ခရမ်းချဉ်သီးကို စည်ပိုင်းတွေထဲထည့် ပြီး အသီးမှည့်အောင် လုပ်တယ်ဆိုတာမျိုးတော့ ကြားမိတယ်။ သူက နှစ်ရက်လောက်ဆို မှည့်တယ်လေ”ဟု ဆိုသည်။ ပုံမှန်အား ဖြင့် ခရမ်းချဉ်သီးသည် အပင်မှ ခူးဆွတ်ပြီး ဆယ်ရက်ခန့်ကြာပါက သူ့သဘာဝအရ မှည့်လာတတ်လေသည်။

ကိုမင်းလွင်အနေဖြင့် ခရမ်းချဉ်သီးများကို ရန်ကုန်မှ ကုန်သည်များ အသီးစိမ်းမှာလျှင် အသီးစိမ်းပို့ပေးရသလို အမှည့်မှာ လျှင်လည်း အမှည့်ပို့ပေးရသည်ဟု ဆိုသည်။

”ရန်ကုန်ဈေးကွက်မှာ ဘယ်လိုလုပ်ကြလဲတော့ မသိဘူး။ ဒီကတော့ မှာတဲ့အတိုင်းပို့လိုက်တာပဲ”

(၂၀၁၅) ၊ဖေဖော်ဝါရီလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ် (၂၀)မှ မျက်နှာဖုံးဆောင်းပါး ဖြစ်ပါသည်။

ခင်မောင်မြင့်ရေးသည် ၊ သီတာဝင်း နှင့် သီရိဟန်ပံ့ပိုးသည်။

  အပိုင်း(၂)

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."