ရခိုင်ပဋိပက္ခဖြစ်စဉ်နှင့်ပတ်သက်ပြီး Myanmar Institute for Peace and Security အဖွဲ့ မှ အုပ်ချုပ်မှုဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးနှင့် တွေ့ဆုံမေးမြန်းခြင်း အပိုင်း(၂)

မော်ကွန်း။ ။ နောက်တစ်ခုကလည်း ဒီ ARSA လို့ ခေါ်တဲ့အဖွဲ့ကို ဦးဆောင်နေတဲ့သူတွေက ပြင်ပနိုင်ငံတွေက လာတာ ဖြစ်တယ်။ ဒီအဖွဲ့တွေမှာ ဒေသခံတွေပါကောင်းပါမယ်။ ဒါပေမဲ့ တကယ် ဦးဆောင်နေတဲ့ သူတွေက ပြင်ပကနေ လာပြီး ဦးဆောင်နေတယ်ပေါ့။ ဥပမာ- Ata Ullah Abu Ammar Jununi (အတာအူလား) လို လူတွေပေါ့။ ဒီလို အပြင်ကလာပြီး ဦးဆောင်နေတဲ့အဖွဲ့နဲ့ ဆွေးနွေးစရာမလိုဘူးလို့ ပြောဆိုနေကြတဲ့အပေါ်မှာ ဘယ်လို သုံးသပ်ပါသလဲ။

Photo – Supplied

ဒေါက်တာမင်းဇော်ဦး။ ။ အဲဒါကြောင့်တော့ မဟုတ်ဘူးဗျ။ အစိုးရ အသိအမှတ်ပြုတာ၊ မပြုတာက အပြင်ကလာတာလား၊ အတွင်းက လာတာလား အဲဒါကြောင့် မဟုတ်ဘူးဗျ။ အဓိက နံပါတ်တစ်က ဒီလူမျိုးစုက မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားမဟုတ်ဘူးဆိုတဲ့ အခြေခံပဲ။ ဒါက နံပါတ်တစ်အခြေခံစဉ်းစားချက်ပဲ။ နံပါတ်နှစ်က ဒီလိုမျိုး အကြမ်းဖက်လုပ်ငန်းတွေ လုပ်တဲ့သူတွေကို နိုင်ငံရေးအရ အသိအမှတ်ပြုမယ်ဆိုရင် နောက်နောင်မှာလည်း  အကြမ်းဖက်လုပ်ရပ်တွေ လုပ်ပြီးတော့ နိုင်ငံရေးစားပွဲပေါ် တက်လာရင် ဘယ်လိုလုပ်မှာလဲဆိုတာကိုလည်း အစိုးရမှာ စိုးရိမ်တာ ရှိတယ်။

နံပါတ်သုံးက တပ်မတော်ကလည်း လက်နက်ကိုင်အဖွဲ့တွေ မှိုလိုပေါက်လာတာကိုမလိုလားဘူး။ မြန်မာနိုင်ငံမှာ လက်နက်ရှာရတာ လွယ်တယ်။ မူးယစ်ဆေးလုပ်ရတာ လွယ်တယ်။ သေနတ်စုမယ်၊ လက်နက်ကိုင်အဖွဲ့ထောင်မယ်ဆိုတာက Formula လို ဖြစ်လာတယ်။ ဒီလိုလုပ်လိုက်တိုင်း နိုင်ငံရေးစားပွဲပေါ် ခေါ်တင်မယ်ဆိုရင် လက်နက်ကိုင်တွေ မှိုလိုပေါက်လာမယ်။ အဲဒါကိုလည်း လက်မခံနိုင်ဘူးဆိုတဲ့ စဉ်းစားချက်လည်း ပါဝင်နိုင်တယ်လို့ ကျွန်တော်ထင်တယ်။

 

မော်ကွန်း။ ။ ဆရာပြောခဲ့တဲ့ထဲမှာ ဒီအဖွဲ့ဟာ အရှေ့အလယ်ပိုင်းနဲ့ အဆက်အသွယ်ရှိတယ်။ ပြီးတော့ ဆရာဖေ့စ်ဘွတ်ခ်မှာလည်း အရှေ့အလယ်ပိုင်းမှာ ရှိတဲ့ ှုှ အကြမ်းဖက်သမားတွေက အဲဒီမှာ အခြေအနေမကောင်းတော့ အရှေ့တောင်အာရှကို ရောက်လာနိုင်တယ်။ ဖိလစ်ပိုင်နိုင်ငံမှာဆို ှုှ တွေ အခြေကုပ်လို့ရသွားပြီလို့ ပြောထားတာရှိတယ်။ မြန်မာနိုင်ငံအနေနဲ့ရော ဒီလိုအကြမ်းဖက်အန္တရာယ်တွေ ဘယ်လောက်ထိ ရှိနေပြီလဲ။ ဘယ်လိုသုံးသပ်ပါလဲ။

ဒေါက်တာမင်းဇော်ဦး။ ။ အခုကတော့ တွက်လို့ရတာ နှစ်ခုပေါ့ဗျာ။ ပထမတစ်ခုက နိုင်ငံတကာ အကြမ်းဖက်သမားက ပြည်တွင်းကို ထိုးဖောက်မယ်ဆိုရင် နံပါတ်တစ်အရေးကြီးဆုံးက ပြည်တွင်းက ဘယ်သူလက်ခံလဲ ဆိုတဲ့ဟာက အရေးကြီးတယ်။ အခုရခိုင်က အနေအထားဆိုလို့ရှိရင် ရခိုင်မှာရှိတဲ့ ARSA မှာ ခေါင်းဆောင်နေတဲ့သူတွေ၊ ဒေသခံတွေက နိုင်ငံတကာ အကြမ်းဖက်သမားတွေလာမယ်ဆိုရင် ဘယ်လောက်လက်ခံလဲဆိုတာလည်း ရှိတာပေါ့။ အဲဒီမှာ စဉ်းစားစရာရှိတာက ှုှ လိုဟာမျိုး ဝင်မယ်ဆိုရင် ဒေသက အဖွဲ့အစည်းတွေကို ဝါးမျိုသွားတယ်။ IS ကအရမ်းအစွန်းရောက်တယ်။

အဲဒီလို အစွန်းရောက်တော့ အခုလက်ရှိ ငါတို့ဖိနှိပ်ခံရလို့ သွားတိုက်မယ်ဆိုတဲ့ အတွေးရှိတဲ့ ရွာသားတစ်ယောက်က နောက်ဆုံး မွတ်ဆလင်တိုင်းပြည်ကြီး လုပ်မယ်ဆိုတာမျိုးကို စဉ်းစားချင်မှ စဉ်းစားမယ်။ ှုှ လိုဟာမျိုးရဲ့ Agenda (လုပ်ငန်းစဉ်)က အရမ်းကြီးတယ်။ Agenda ကြီးတော့ ကျွန်တော့်အမြင်အရ ARSA လည်း စဉ်းစားတော့ စဉ်းစားလိမ့်မယ်။

IS ဆီက လက်နက်ယူရင်ယူမယ်။ သင်တန်းယူရင်ယူမယ်။ ပိုက်ဆံယူရင်ယူမယ်။ ဒါပေမဲ့ IS လိုဟာမျိုးကို ခေါ်သွင်းဖို့ကတော့ သူတို့လည်း ကြောက်လိမ့်မယ်။   IS က ဝင်လာရင် ဒေသခံအဖွဲ့ကို ဝါးမျိုလိုက်တာ။ ခေါ်သွင်းလာဖို့ကျတော့ ဒေသခံအဖွဲ့က စဉ်းစားလိမ့်မယ်။ မခေါ်သွင်းဘူးလားလို့လည်း ပြောလို့မရဘူး။

နောက်ဆုံးကျတော့ ငါတို့ချည်းပဲ လုပ်လို့မရတဲ့အခါ၊ ငါတို့ချည်းပဲဆို ချေမှုန်းခံလိုက်ရပြီး ှုှလိုဟာမျိုးလာမှပဲ ရှင်သန်လို့ရမယ် ဆိုတဲ့အမြင်မျိုး ရှိတယ်ဆိုရင်တော့ ှုှ လိုမျိုးက ဝင်လာနိုင်တယ်။ ဘယ်လိုနည်းနဲ့ပဲ နိုင်ငံတကာ အကြမ်းဖက်သမား ဝင်လာဝင်လာ ပြည်တွင်းရှိတဲ့ လူထုဖြစ်ဖြစ်၊ အဖွဲ့အစည်းဖြစ်ဖြစ် လက်ခံဖို့လိုတယ်။ သူတို့လက်မခံရင် ပြင်ပက ဝင်လာလို့မရဘူး။ ဖိလစ်ပိုင်မှာဆိုလို့ရှိရင်လည်း သူတို့နယ်ခံတွေကိုယ်တိုင်ပါလို့မှဝင်လာလို့ရတယ်။ နယ်ခံတွေမပါဘဲနဲ့ IS က ဝင်လာလို့မရဘူး။ထိုနည်းလည်းကောင်းပဲ အယ်လ်ကိုင်းဒါလည်း နယ်ခံတွေ မပါရင် ဝင်လို့မရဘူး။

 

မော်ကွန်း။ ။ လက်ရှိ မောင်တောဘက်အခြေအနေကျတော့ ISလို နိုင်ငံတကာအကြမ်းဖက်အဖွဲ့တွေ မဝင်လာနိုင်ဘူးလို့လည်း ပြောလို့မရဘူးဆိုတော့။

ဒေါက်တာမင်းဇော်ဦး ။ ။ အခုလက်ရှိ ကျွန်တော်တို့ တွေ့နေသိနေရတာက IS တို့ နိုင်ငံတကာ အကြမ်းဖက်အဖွဲ့အစည်းတို့တွေမှာ ဘယ်သူတွေ ပါဝင်ပတ်သက်တယ်ဆိုတာသိရတယ်။ အကြံဉာဏ် ပေးတဲ့ဟာတွေ၊ ငွေရေးကြေးရေးထောက်ပံ့တာတွေ၊ သတင်းပေးတာတွေ ဒါတွေကို ကျွန်တော်တို့သိရတယ်။ အနောက်နိုင်ငံတွေက လုံခြုံရေးအဖွဲ့တွေကလည်း သိတယ်။ ဒါပေမဲ့ သူတို့ပါဝင်ပတ်သက်မှုက ဒီလောက်ပဲလား။ သူတို့ဒီအထဲကိုဝင်လာပြီးတော့ အခြေချဖို့ Agenda ရှိလားဆိုတာကို ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း မသိရဘူး။

တချို့ကတော့ Agenda ရှိတယ်လို့ပြောတယ်။ သူတို့တွေမှာ အဲဒီလို Agenda ရှိရင်တောင် အဓိကကျတာက ဒေသခံက ပို အဓိကကျတယ်။ ဒေသခံက သူတို့ရဲ့ရည်မှန်းချက်ကို ဒီနေရာမှာ မွတ်ဆလင်နယ်မြေလုပ်ဖို့ သူတို့ပြောတာ ဝါဟာဘီ (Wah-habi)လို အိုင်ဒီယိုလိုဂျီတွေကို ဘာသာရေးပျံ့နှံမှုတွေ လုပ်မယ်လို့ ဒေသခံတွေက လက်ခံလိုက်မယ်ဆိုရင်တော့ သူတို့ရောက်လာမှာပဲ။ ဒါပေမဲ့ ဘယ်သူပဲဖြစ်ဖြစ် စဉ်းစားတာကတော့ IS  နဲ့ ဆက်ဆံတဲ့အခါမှာ တခြားနိုင်ငံတွေမှာလည်း ကြုံတွေ့နေရတာက IS နဲ့ပေါင်းလို့ရှိရင် IS က တစ်ချိန်ချိန်မှာ ဝါးမျိုသွားနိုင်တယ် ဆိုတာမျိုး စိုးရိမ်စရာရှိတယ်။

နောက်ဆုံး ကိုယ်တို့လည်း IS လိုပုံစံလုပ်မယ်ဆိုရင်တော့ တစ်မျိုးပေါ့။ အဲဒီလိုမျိုး Agenda မရှိဘူးဆိုရင် IS ကို ဒေသသို့ ခေါ်လာခြင်းအားဖြင့် ငါတို့ ဝါးမျိုခံရနိုင်တယ်။ အဲဒီတော့ IS လို၊ အယ်လ်ကိုင်းဒါးလို အဖွဲ့အစည်းမျိုးတွေနဲ့ အဆက်အသွယ်ရှိလာ။  ဆိုတော့ ရှိတယ်။ အထောက်အပံ့ရလားဆိုတော့ ရနေတယ်။ ဘယ်လောက်ထိ ဒီဒေသကို ဒီလူတွေက လာပြီးတော့ စစ်စခန်းတွေ ဆောက်မယ်၊ အခြေကုပ်ယူမယ်ဆိုတာကတော့ အဲဒီဒေသမှာရှိတဲ့ ဒေသခံတွေက သူတို့ကို ဘယ်လောက်လက်ခံလဲ ဆိုတဲ့ အပေါ်မှာ မူတည်တယ်။

 

မော်ကွန်း။ ။ နောက်တစ်ခုကလည်း ကုလသမဂ္ဂအဖွဲ့အစည်းတွေ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာအစိုးရကို ဖိအားတွေပေးနေတယ်။ လူပေါင်းငါးသိန်းလောက် တစ်ဖက်နိုင်ငံကို ထွက်ပြေးတယ်။ ဆိုတော့ အစိုးရအနေနဲ့ ဒီနိုင်ငံတကာ ဖိအားတွေ လျော့ကျသွားအောင်ဆိုရင် ဘယ်လို လုပ်သင့်ပါလဲ။

ဒေါက်တာမင်းဇော်ဦး။ ။ နံပါတ်တစ်ကတော့ အစိုးရအနေနဲ့ မြန်မာပြည်မှာ ဖြစ်နေတဲ့ဟာက ဟုတ်တယ် ကျွန်တော်တို့မှာ Ethnic Cleansing (လူမျိုးစုသုတ်သင်ရှင်းလင်းမှု) ရည်မှန်းချက်မရှိဘူး။ Genocide (လူမျိုးတုံးသုတ်သင်ရှင်းလင်းမှု) ရည်မှန်းချက်မရှိဘူး။ ဒါပေမဲ့ အခုဖြစ်နေတဲ့ အတိုင်းအတာကတော့ Humanitarian Crisis ဆိုတဲ့ လူသားချင်စာနာမှုဆိုင်ရာ အကျပ်အတည်းပေါ့။ ဒီလိုဖြစ်နေတယ်ဆိုတာကို အသိအမှတ်ပြုဖို့ လိုတယ်။

အသိအမှတ်ပြုပြီးတော့ ရခိုင်မှာရှိနေတဲ့ ဗုဒ္ဓဘာသာရခိုင်၊ မွတ်ဆလင်အကုန်လုံးကို အကာကွယ်ပေးမယ်ဆိုတာကို တိတိကျကျလုပ်ပြဖို့ လိုတယ်။ နောက်တစ်ခု နိုင်ငံတကာက စွပ်စွဲနေကြတဲ့ အကြမ်းဖက်မှုကိစ္စတွေ၊ လူအခွင့်အရေးချိုးဖောက်မှုတွေ ရှိတယ်ဆိုရင်လည်း ဒါတွေကို အရေးယူဖို့လိုတယ်။ အဲဒီလိုမျိုးတွေလည်း ဆက်မရှိဘူးဆိုတာကို ရှင်းရှင်းလင်းလင်းသိအောင် ပြနိုင်ဖို့လိုတယ်။

နိုင်ငံတကာ အဓိကကြည့်နေတာက ဒီအကြမ်းဖက်မှုတွေ ဆက်ဖြစ်နေလား။ မီးတွေ ဆက်ပြီး ရှို့နေတာ ဖြစ်နေလား။ နောက်ဆုံးအစိုးရက လုံခြုံရေးအဖွဲ့တွေက မရှို့ဘူးဆိုရင်တောင် ဘယ်သူပဲ မီးရှို့ရှို့ ရှို့နေတဲ့သူတွေကို တားဆီးဖို့လိုတယ်။ အခုဖြစ်နေတာက ကိုယ့်နိုင်ငံထဲမှာ ဖြစ်နေတဲ့အတွက် ကိုယ့်တာဝန် ဖြစ်သွားပြီ။ အဲဒီဟာကို ထိထိရောက်ရောက် လုပ်ပြနိုင်ဖို့လိုတယ်။ ဒါပေမဲ့ ဖြစ်နေတဲ့အကြမ်းဖက်မှုကို ဘယ်သူပဲလုပ်လုပ် ရပ်အောင်လုပ်ဖို့ လိုတယ်။ နံပါတ်နှစ်ကတော့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ၊ အထောက်အပံ့တွေ ရောက်နိုင်အောင် လုပ်ပေးဖို့လိုတယ်။ တချို့ ရွာတွေမှာဆို အစားအသောက်ပြတ်နေပြီ။ မွတ်ဆလင်ရွာတွေတင် မကဘူး၊ ရခိုင်ရွာတွေလည်းပါတယ်။ အဲဒီနှစ်ခုကို ချက်ချင်းလုပ်နိုင်ဖို့လိုတယ်။ အဲဒါတွေကို လုပ်နိုင်ရင် နိုင်ငံတကာ ဖိအားတွေ လျော့ကျသွားနိုင်တယ်လို့ မြင်တယ်။

 

မော်ကွန်း။ ။ တစ်ဖက်နိုင်ငံကို ထွက်ပြေးသွားတဲ့ သူတွေကို ပြန်လက်ခံမယ်ဆိုတဲ့အခါမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ၁၉၉၃ ခုနှစ် သဘောတူညီချက်နဲ့ လက်ခံမယ်လို့ ပြောဆိုထားတာရှိတယ်။ ဆိုတော့ လက်ခံတဲ့အခါ ဘယ်လိုပြဿနာတွေ၊ ဘယ်လိုအခက်အခဲတွေ ရှိလာနိုင်လဲ။

ဒေါက်တာမင်းဇော်ဦး။ ။ အဲဒါနဲ့ပတ်သက်ပြီးတော့ ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း ၁၉၉၃ သဘောတူညီချက်နဲ့ တစ်ခုတည်းနဲ့မလုံလောက်ဘူး။ လက်ရှိအနေအထားနဲ့ကလည်း Modify (ပြောင်းလဲပြင်ဆင်)လုပ်ရမယ်လို့ပြောတယ်။ UN ကလည်းအဲဒီသဘောထားမျိုးပေးတာကို တွေ့ရတယ်။ ပြန်ကြည့်မယ်ဆိုရင် ဒါက ရေရှည် နှစ်ပေါင်းများစွာ လုပ်ရမယ့် အလုပ်လို ဖြစ်သွားမယ်။ နံပါတ်တစ်က မင်းတို့ ဘင်္ဂလားဒေ့ရှ်ရောက်သွားပြီ၊ ငါတို့နဲ့မဆိုင်ဘူးလို့ လုပ်လို့မရဘူး။

လက်ရှိ မြန်မာနိုင်ငံအကျပ်အတည်းအရ အဲဒီလိုလုပ်ရင် နိုင်ငံတကာ ဖိအားပိုကြီးလာမယ်။ ပြီးတော့ စနစ်ကျတဲ့ စိစစ်မှုတွေလုပ်ပြီး တိုင်းပြည်ထဲပြန်ခေါ်တဲ့ကိစ္စကို လုပ်မှရမယ်။ ဒါကတော့ မဖြစ်မနေလုပ်ရမယ့် ကိစ္စတစ်ခုဖြစ်တယ်။ ကျွန်တော့်အမြင်ကတော့ ဒီလူတွေပြေးသွားတာ ဝန်ထုပ်ဝန်ပိုးကြီးတယ်။ နောက်ဆုံး ဒီအထဲ(သူတို့ကျေးရွာ)မှာနေပြီးတော့ ARSA နဲ့ ပလူးပလဲလုပ်နေပြီဆိုရင်တောင် လုပ်နေတဲ့ ပြဿနာကို လူနာခွဲသလိုမျိုး တစ်ကိုယ်လုံးခွဲသလိုမဟုတ်ဘဲနဲ့ အနာဖြစ်တဲ့နေရာကို ခွဲစိတ်သလို တိကျတဲ့ ခွဲစိတ်မှုမျိုးလိုပေါ့။ သူတို့ကိုလည်း အဲဒီလိုခွဲခြားပြီး တိကျတဲ့အရေးယူမှု လုပ်ဖို့ လိုတယ်။

အခုလို တစ်ရွာလုံးပြေးသွားတာက ဝန်ထုပ်ဝန်ပိုးကြီးတယ။် နောက်တစ်ခု ပြဿနာဘာတက်လာလဲဆိုတော့ ဟိုဘက်ကို ရောက်သွားတဲ့အခါမှာလည်း နံပါတ်တစ်က ဘာမှမဖြစ်ဘဲနဲ့အေးဆေးနေချင်တဲ့သူက ပြဿနာကို ရှောင်ချင်တယ်။ ဟိုဘက်ကမ်းကိုရောက်သွားတဲ့အခါ ပိုပြီးတော့ ဆင်းရဲဒုက္ခရောက်လာလေ၊ ပိုပြီးတော့ အစွန်းရောက်တာတွေ ဖြစ်တတ်တယ်။ အဲဒီတော့ ကျွန်တော်တို့က ဒီလူတွေကိုလည်း ပြန်ခေါ်သွင်းရမယ်ဆိုရင် ကိုယ့်ကို နည်းနည်းမုန်းတဲ့သူကို များများမုန်းတဲ့အချိန်မှာပြန်ခေါ်ရတဲ့ အနေအထားမျိုး ဖြစ်တဲ့အခါ အန္တရာယ်ပိုရှိတယ်။

 

မော်ကွန်း။ ။ ထွက်သွားတဲ့သူတွေကို ပြန်ခေါ်တဲ့အခါမှာရော ပြဿနာတွေ ရှိလာနိုင်လား။

ဒေါက်တာမင်းဇော်ဦး။ ။ ရှိနိုင်တယ်။ ပြန်ခေါ်တဲ့အခါမှာလည်း ပြဿနာတော်တော်ရှိနိုင်တယ်။ အခုပြေးတယ်ဆိုတဲ့အထဲမှာ ကျွန်တော်တို့သိသလောက်က ယောက်ျားက တော်တော်နည်းတယ်လို့ပြောတယ်။ ယောက်ျားတွေနည်းတော့ ယောက်ျားတွေ ဘယ်ရောက်နေလဲ။ အဲဒီဘက်ကမ်းက UNHCR ကလည်း ကျွန်တော့်အမြင်မှာ မပွင့်လင်းဘူးလို့ထင်တယ်။ UNHCR ကထုတ်တဲ့ Report တွေ ပုံမှန် ကျွန်တော်တို့ကြည့်တယ်။ ဒီပြဿနာတွေ ဖြစ်ကတည်းက။ သူတို့က ရောက်လာတဲ့ လူဦးရေ အကုန်လုံးကို ထုတ်တယ်။ ဒီနေ့ ဘယ်လောက်ပြောင်းလာပြီ၊ ဘယ်လောက် ရောက်သွားပြီဆိုတာကို ထုတ်တယ်။ ကလေးတွေက ဘယ်လောက်ရှိသွားပြီဆိုတာကို ထုတ်တယ်။ ကိုယ်ဝန်ဆောင် ဘယ်နှယောက်ရှိပါတယ်ဆိုတာကို ထုတ်တယ်။ လူဘယ်နှယောက်ကတော့ ချက်ချင်း ဆေးကုသဖို့ ခံယူဖို့လိုအပ်တယ်ဆိုတာကို ထုတ်တယ်။ Sexual Violence ပေါ့၊ အတင်းအဓမ္မပြုကျင့်ခံရတာတွေကို ထုတ်ပြန်တယ်။

ဒါပေမဲ့ သူတို့ မထုတ်ပြန်တာက ဘာလဲဆိုတော့ Adult(အရွယ်ရောက်ပြီးသားသူ)ပေါ့နော်။ သန်သန်မာမာ ယောက်ျားတွေ ဘယ်နှယောက်လောက် ပြေးလာတယ်ဆိုတာကို မထုတ်ဘူး။ ၁၈ နှစ်အထက် ဘယ်နှယောက်ရှိတယ်ဆိုတာမျိုးတွေ ထုတ်တယ်။ အခုက အဲဒီလို ထုတ်တာမရှိဘူး။ မရှိတော့ ကျွန်တော်တို့က အဲဒီအပေါ်မှာ မေးစရာဖြစ်လာတယ်။ မေးစရာရှိတာတွေကို ကျွန်တော်တို့ လိုက်ပြီး စုံစမ်းလိုက်တော့ ဟိုဘက်ကမ်းကို ကူးသွားတဲ့ယောက်ျားဦးရေက အရမ်းနည်းတယ်။ ကူးသွားတဲ့ လူဦးရေရဲ့ ဆယ်ရာခိုင်နှုန်းအောက်ပဲ ရှိတယ်ဆိုတာကို ကျွန်တော်တို့ကြားရတယ်။

ကျွန်တော်တို့လည်း အတည်တော့ ပြုလို့မရသေးဘူး။ ဒါပေမဲ့ အများကြီးနည်းတယ်ဆိုတာတော့ သိရတယ်။ ထပ်ပြီး မေးစရာရှိတာက အဲဒီယောကျ်ားတွေ ဘယ်ရောက်နေလဲ။ ဖြစ်နိုင်တဲ့ဟာတစ်ခုက ARSA က ဒီယောက်ျားတွေကို စည်းရုံးတယ်။ ငါတို့တိုက်ပွဲဝင်မယ်။ တိုက်မယ်။ မိန်းမ၊ ကလေးတွေကိုတော့ ဟိုမှာ(စခန်း)သွားနေ။ ငါတို့ဒီဘက်မှာ ချတော့မယ်ဆိုတဲ့ဟာမျိုးပေါ့။ အဲဒီလိုမျိုးကို ဘင်္ဂလားဒေ့ရှ်ဘက်က သတင်းတွေမှာလည်း အဒီမှာ ပါသွားတဲ့သူတွေကို အင်တာဗျူးထားတာကို သတင်းမှားဖတ်ရတယ်။ ငါတို့ မိန်းမနဲ့ ကလေးလာပို့တာ၊ ပြီးရင် ငါ ပြန်သွားမယ်ဆိုတာမျိုးတွေ ဖတ်ရတယ်။

နံပါတ်နှစ်က ရခိုင်မြောက်ပိုင်းနေရာအားလုံးကို အစိုးရက ထိန်းထားနိုင်လားဆိုတာကို မေးစရာဖြစ်လာတယ်။ ဥပမာဆိုရင် Dhaka Tribune က တက်လာတဲ့ ဗီဒီယိုတစ်ခုမှာ ဟိုဘက်ဒီဘက် ပို့နေတဲ့ လှေသမားကို မေးတယ်။ မင်းတို့ပို့နေတာ မြန်မာစစ်တပ်ကို မကြောက်ဘူးလား မေးတော့ သူက ဒီနေရာက မြန်မာစစ်တပ် မရှိဘူး။ ဒီနေရာက ARSA ထိန်းထားတဲ့နေရာလို့ ပြောတယ်။ ရခိုင်မြောက်ပိုင်းနေရာတော်တော်များများမှာ အုပ်ချုပ်ရေးယန္တရားက မရှိတော့ဘူး။ အဲဒီလို မရှိတော့ဘူးဆိုတော့ လက်နက်ကိုင်လုံခြုံရေးအဖွဲ့တွေလည်း မရှိတော့တဲ့ အနေအထားမျိုး ဖြစ်နိုင်တယ်။ အဲဒီလိုနေရာတွေမှာ ARSA က စည်းရုံးထားတဲ့ စစ်သွေးကြွတွေလည်း ခိုအောင်းပြီးနေနိုင်တယ်။ အခုဒီနေ့အထိ မေးစရာ မေးခွန်းရှိလာတာက ဟိုဘက်ကမ်းကို ကူးသွားတဲ့အထဲမှာ ဘာကြောင့်မို့လို့ ယောက်ျားက ဒီလောက်နည်းတာလဲ။ ရွာမှာလည်း မရှိတော့ဘူး။ ဒါက ပုံမှန်မဟုတ်ဘူး။ အခုယောက်ျားဦးရေနည်းတာ ပုံမှန်မဟုတ်ဘူး။

 

မော်ကွန်း။ ။ ဆရာပြောတဲ့အထဲမှာ ဒီယောက်ျားတွေကို ARSAက စုဆောင်းထားတာတွေလည်း ရှိနိုင်တယ်လို့ ပြောတယ်။ တကယ်လို့သာ ဒီလို စုဆောင်းထားတာတွေ ရှိခဲ့မယ်ဆိုရင် ဘာတွေဆက်ဖြစ်လာနိုင်လဲ။

ဒေါက်တာမင်းဇော်ဦး။ ။ ဒီယောက်ျားတွေသာ စုဆောင်းခံထားရတယ်ဆိုရင် နောက်ထပ် အကြမ်းဖက်မှုလှိုင်းတစ်ခု ထပ်ဖြစ်လာနိုင်တယ်။ သူတို့ကလည်း မြန်မာပြည်မှာ ပုန်းလျှိုးကွယ်လျှိုးနေတယ်ဆိုတာ ဒီအတိုင်းနေတာမှ မဟုတ်တာ။ ပြန်တိုက်ဖို့၊ ခိုက်ဖို့ ပြင်ဆင်နေတာပဲ ဖြစ်နိုင်တယ်။ လုံခြုံရေးတပ်ဖွဲ့တွေလည်း အကုန်လုံးကို မရှင်းနိုင်ဘူးလို့ ထင်တယ်။ မရှင်းနိုင်တော့ အဲဒီလိုနေရာတွေမှာ ခိုအောင်ပြီး နေကြတာတွေလည်း ရှိမယ်။ စစ်ဆင်ရေးလုပ်နေတဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို မေးကြည့်တော့ သူတို့ကိုလာတိုက်တဲ့အထဲမှာ ၁၈ နှစ်အောက် ကလေးတွေလည်း ပါတယ်လို့ ပြောတယ်။

ရွာတွေ သွားတဲ့အခါမှာလည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ဝိုင်းတဲ့အထဲမှာ တုတ်၊ ဓား၊ လှံ ရရာလက်နက်ကို ကိုင်ပြီးတော့ ဝိုင်းကြတယ်လို့ပြောတယ်။ ဒါတွေကို ပြန်ကြည့်မယ်ဆိုရင် အဲဒီရွာတွေမှာ ARSA က တော်တော်စည်းရုံးထားနိုင်တယ်ဆိုတာကို ပြောလို့ရတယ်။ အကြောက်တရားနဲ့ဖြစ်ဖြစ်ပေါ့။ နည်းလမ်းပေါင်းစုံသုံးပြီးတော့ပေါ့။ ဖမ်းမိတဲ့သူတွေကို မေးတဲ့အခါ ကျွန်တော်တို့ ပြန်ကြားတာကတော့ တော်ရုံတန်ရုံ ဘာမှမသိဘူး။ ပညာမတတ်ဘူး။ မင်းတို့ဒီအတိုင်းနေလို့လည်း ဘာမှမထူးဘူး။ တိုက်တာမှာ ဝင်ပါလိုက်။ ကိုယ့်တိုင်းပြည်နဲ့ နေရမယ်ဆိုတဲ့ဟာမျိုးပေါ့။ တချို့ဆို သူတို့ခေါင်းဆောင် ဘယ်သူလဲဆိုတာ မသိဘူး။ စာမတတ်၊ ပေမတတ် မျှော်လင့်ချက်မဲ့နေတယ်။ ဒါတွေဟာ စည်းရုံးရတာ ပိုလွယ်တဲ့ ဓားစာခံတွေ ဖြစ်သွားတာပေါ့။

 

မော်ကွန်း။ ။ ဖြည့်စွက်ပြောချင်တာများရှိရင် ပြောပေးပါခင်ဗျာ။

ဒေါက်တာမင်းဇော်ဦး။ ။ အခုဖြစ်နေတဲ့ ရခိုင်ကိစ္စက တိုင်းပြည်အတွက် အများကြီးအရေးကြီးတယ်။ တိုင်းပြည်ပုံရိပ် အတွက်လည်း အများကြီး အရေးကြီးတယ်။ တိုင်းပြည်ရဲ့ခေါင်းဆောင်တွေအတွက်လည်း အများကြီး အရေးကြီးတယ်။ ဒီကိစ္စကို ထိထိရောက်ရောက်နဲ့ စနစ်တစ်ကျ ကိုင်တွယ်နိုင်ဖို့လိုတယ်။ ဒါက တစ်မျိုးသားလုံးအရေးကိစ္စဖြစ်တယ်။

နိုင်ငံရေးအရ အရေးကြီးတဲ့ကိစ္စလည်း ဖြစ်တော့ ကျွန်တော်တို့တိုင်းပြည်ရဲ့ ခေါင်းဆောင်တွေကြားထဲမှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပုံမှန်ဆွေးနွေးညှိနှိုင်းဖို့ လိုလိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ လိုအပ်မှ အစည်းဝေးတွေ လုပ်တာထက် တစ်ပတ်တစ်ခါဖြစ်ဖြစ် ပုံမှန်တွေ့ဆုံဆွေးနွေးဖို့ လိုအပ်တယ်။ နောက်တစ်ခုက ကျွန်တော်တို့မှာ စီမံချက်လိုတယ်။ ရခိုင်ကိစ္စကို ရေတိုရေရှည် ဘယ်လိုရှင်းမှာလဲဆိုတဲ့ မဟာဗျူဟာလိုတယ်။ နံပါတ်သုံး နိုင်ငံသားဖြစ်မှုကိစ္စ ကျွန်တော်တို့ရှောင်လို့မရဘူး။ အဲဒါကို ရှောင်ရင် ကျွန်တော်တို့ စိတ်ကူးယဉ်တာပဲ။ လက်တွေ့ကျကျ စဉ်းကို စဉ်းစားရမယ်။

ဒီပြဿနာကို ရှင်းမယ်ဆိုရင် အဓိကအချက်က နိုင်ငံသားဖြစ်မှုပဲ။ ဒီနိုင်ငံသားဖြစ်မှုကို ဘယ်လိုပုံစံနဲ့ လက်ခံပေးမှာလဲ။ သူတို့ဆီကကော ကျွန်တော်တို့ ဘာတွေပြန်တောင်းမလဲ။ ဆိုပါစို့၊ ခင်ဗျားတို့ ဒီတိုင်းပြည်ရဲ့ နိုင်ငံသားဖြစ်ရင် ခင်ဗျားတို့ ဒီတိုင်းပြည်ကို ဘယ်လိုသစ္စာခံမှာလဲ။ အဲဒီအဖြေမရှိဘဲနဲ့တော့ ကျွန်တော်တို့က ရှင်းလို့မရဘူး။

အခုက နိုင်ငံတကာမှာ ပြန်ကြည့်ရင် ဆက်သွယ်ရေးစနစ်တွေ ကောင်းလာတယ်။ လူမှုမီဒီယာတွေ ကောင်းလာတယ်။ လှုံ့ဆော်မှုတွေ ပိုအားကောင်းလာတယ်။ လက်နက်ခဲယမ်းမီးကျောက်ရဖို့ ပိုလွယ်လာတယ်။ ဗုံးလုပ်တတ်တဲ့သူတွေ ပိုများလာတယ်။ တချို့ဆိုရင် ဗုံးလုပ်တာကို သင်တန်းတက်စရာမလိုဘူး။ အင်တာနက်ကနေ ကြည့်ပြီး လုပ်နေတာတွေရှိတယ်။ အဲဒီလို ခေတ်ကြီးမှာ မြောက်ကိုးရီးယားလို တိုင်းပြည်ကို လုံးဝလှုပ်လို့ မရအောင်ကိုင်မယ့် စနစ်မျိုးဆိုရင်တော့ တစ်မျိုးပေါ့လေ။

တပ်မတော်အစိုးရလက်ထက်မှာ ၁၉၉၂- ၉၃ ခုနှစ်နောက်ပိုင်း သူတို့ကိုင်ထားတာ အကုန်လုံးငြိမ်နေတာပဲ။ အဲဒီလိုစနစ်မျိုးပြန်သွားပြီးတော့ အဲဒီလိုကိုင်တွယ်မယ်ဆိုရင်တော့ တစ်မျိုးပေါ့လေ။ အဲဒီလိုမဟုတ်ဘဲ ဒီမိုကရေစီသွားမယ်။ လူတွေကိုလည်း လွတ်လပ်ခွင့်တွေပေးမယ်ဆိုရင်တော့ ဒီရခိုင်မှာ ရှိတဲ့သူတွေရဲ့ နိုင်ငံသားဖြစ်မှုကိစ္စဟာ ကျွန်တော်တို့ သေချာထည့်စဉ်းစားမှ ရမယ်။ အဲဒါမပါဘဲနဲ့ အဖြေထွက်မှာမဟုတ်ဘူး။

ကျွန်တော့်ရဲ့အမြင်နဲ့ သုံးသပ်ချက်ကို ပြောမယ်ဆိုရင် ခေါင်းဆောင်ပိုင်းတွေမှာ Policy (မူဝါဒ)ပိုင်းဆွေးနွေးတဲ့အခါ အားနည်းတယ်လို့ မြင်တယ်။ ပုံမှန်ဆွေးနွေးမှုတွေ မရှိဘူး။ Platform မရှိဘူး။ အရင်တုန်းကဆိုရင်တော့ ကာလုံရှိရင် ရှိတယ်။ မရှိလို့ ရှိရင် ငြိမ်းချမ်းရေးဆွေးနွေးတဲ့ ကိစ္စတွေမှာ တွေ့ဆုံတာမျိုးရှိတယ်။ တကယ့်ဆုံးဖြတ်ချက်ချနိုင်တဲ့သူတွေ တွေ့ဆုံပြီး စကားပြောနိုင်တာရှိတယ်။ အခုအချိန်မှာ အဲဒီလို Platform မရှိဘူး။ ဒီလိုကိစ္စမျိုးဆိုတာက သုံးလလောက်မှ တစ်ခါတွေ့ပြီးမှပြောနေရမယ့် ကိစ္စမျိုးမဟုတ်ဘူး။ အမြဲတမ်းပြောနေရမယ့် ကိစ္စဖြစ်တယ်။ ခေါင်းဆောင်တွေကြားထဲမှာ အမြဲတမ်းတွေ့ဆုံဆွေးနွေးနိုင်မယ့် Platform တစ်ခုတော့ လိုလိမ့်မယ်လို့ မြင်ပါတယ်။       ။

အပိုင်း(၁)သို့

၂၀၁၇-နိုဝင်ဘာလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၅၁) မှ အင်တာဗျူး ဖြစ်ပါသည်။

ခင်မောင်မြင့် တွေ့မေးသည်။

 

အမျိုးအစား - အင်တာဗျူး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."