“ပြည်ထောင်စုရဲ့အာဏာဆိုတာ ပြည်နယ်သားတွေကနေပြီးတော့ ဆင်းသက်ရမယ်”

“ပြည်ထောင်စုရဲ့အာဏာဆိုတာ ပြည်နယ်သားတွေကနေပြီးတော့ ဆင်းသက်ရမယ်”

ရန်ကုန် – ၂၀၂၄ ဖေဖေါ်ဝါရီ ၁၃ (မော်ကွန်း)

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းနှင့်ပတ်သက်ပြီး ဥပဒေမူကြမ်းထုတ်ပြန်ရာမှာပါဝင်ခဲ့တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီက အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်နှင့်မေးမြန်းခြင်း။

တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့ ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဖော်ဆောင်ရေးပြည်သူ့ ကိုယ်စားလှယ်များကော်မတီ(PRCF) ဟာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံမူကြမ်းတစ်စောင်ကို မနေ့ကကျရောက်တဲ့ ၇၇ နှစ်မြောက် ပြည်ထောင်စုနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဖက်ဒရယ်ဖော်ဆောင်ရေးပြည်သူ့ ကိုယ်စားလှယ်များကော်မတီ (PRCF) မှာ စစ်ကောင်စီလက်ထက်မှာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခြင်းမရှိခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)၊ ကရင် အမျိုးသားပါတီ(KNP)၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် (ZCD)၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS)၊ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ (UNDP)၊ ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ (DNDP)၊ ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီ၊ မြိုအမျိုးသားဒီမိုကရေစီပါတီ (MNDP)၊ ကယန်းအမျိုးသားပါတီ (KNP)၊ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ (SSKDP)တို့ အပါအဝင် မွန်ရေးရာအဖွဲ့ (MAA) တို့ ပါဝင်တာပါ။

အဆိုပါဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းဟာ ပင်လုံစာချုပ်မှာပါတဲ့ အခြေခံမူတွေကို ထည့်သွင်းရေးဆွဲထားပြီး ပြည်နယ်တွေကို သမ္မတလောင်းတစ်ဦးစီ ရွေးချယ်ခွင့်ပေးထားတဲ့အချက်တွေနဲ့ နိုင်ငံတော်သမ္မတဟာ စစ်တပ်ရဲ့ အကြီးအကဲဖြစ်ရမယ်ဆိုတဲ့အချက်တွေ ပါဝင်ပါတယ်။

တိုင်းရင်းသားနိုင်ငံရေးအင်အားစုတွေက အခုအချိန်မှာ ဒီဖွဲ့စည်းပုံမူကြမ်းကို ရေးဆွဲထုတ်ပြန်လာတဲ့ အကြောင်းရင်းနဲ့ လက်ရှိနိုင်ငံရေးအခင်းအကျင်းမှာ ဘယ်လိုပုံစံနဲ့ ဆက်လက်လုပ်ဆောင်သွားမယ်ဆိုတာတွေကို ဥပဒေမူကြမ်းထုတ်ပြန်ရာမှာပါဝင်ခဲ့တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီက အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်ကို မော်ကွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။

မော်ကွန်း – ဒီဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းကို ဘယ်လိုအခြေခံမူနဲ့ရေးဆွဲတာလဲ။

ဦးမျိုးကျော် – ကျွန်တော်တို့နိုင်ငံဟာ တိုင်းရင်းသားပြည်နယ်တွေနဲ့ဖွဲ့စည်းထားတာပေါ့ဗျာ။ ကျွန်တော်တို့ အရှေ့မှာ ၄၇ ဖွဲ့စည်းပုံ၊ ၇၄ ဖွဲ့စည်းပုံ ၊ ၂၀၀၈ ဖွဲ့စည်းပုံတွေရှိတယ်။ ဒီဟာတွေကို ကျွန်တော်တို့ သုံးသပ်ရသလောက်ဆိုရင် တစ်ပြည်ထောင်ဖွဲ့စည်းပုံပဲဖြစ်နေတယ်။ ကျွန်တော်တို့ PRCF က ရေးတဲ့ ဖွဲ့စည်းပုံကတော့ အထူးသဖြင့်တော့ လွတ်လပ်ရေးယူဖို့ကြိုးစားခဲ့တဲ့ ပင်လုံမူ၊ ပင်လုံကတိကဝတ်တွေကို အခြေခံပြီးရေးတာပါ။ အထူးသဖြင့်တော့ ပြည်ထောင်စုအာဏာကို ဘယ်လိုခွဲဝေကြမလဲပေါ့။ ဒါတွေကို အခြေခံပြီး ရေးတာဖြစ်ပါတယ်။

မော်ကွန်း – ဒီဥပဒေကို ဘာကြောင့် အခုချိန်မှာထုတ်ပြန်လာတာလဲ။ ဘယ်လိုဆက်လုပ်ဆောင်သွားဖို့ ရှိပါသလဲ။

ဦးမျိုးကျော် – ဒီဟာကတော့ ကျွန်တော်တို့ ရေးနေတာတော့ ကြာပါပြီ။ အာဏာသိမ်းပြီးစကတည်းက ကျွန်တော်တို့ စပြီးရေးနေတာ။ ဒီဖွဲ့စည်းပုံမတိုင်ခင်ကလည်း အနာဂတ်ဖက်ဒရယ်ဖွဲ့စည်းပုံဆိုပြီး ရေးဖူးခဲ့တယ်။ အဲ့ဒါတွေလည်း အခုလိုပဲ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးဝါရင့် ပုဂ္ဂိုလ်တွေ အခြားပြင်ပက ပညာရှင်တွေနဲ့ ပေါင်းပြီးရေးခဲ့တယ်။ ဒါပေမယ့် အဲ့ဒီဖွဲ့စည်းပုံ ထုတ်ပြန်မယ့်အချိန်က ၂၀၂၀ ရွေးကောက်ပွဲကမ်ပိန်းကာလနဲ့ တိုးတယ်။ ရွေးကောက်ပွဲပြီးသွားတော့လည်း အားလုံး ပါတီလုပ်ငန်းတွေနဲ့ အလုပ်ရှုပ်နေတဲ့ အချိန်မှာ နောက်ဆုံးတော့ အာဏာသိမ်းသွားတယ်။ ထုတ်လို့မရလိုက်ဘူး။ အဲ့ဒါကြောင့် အာဏာသိမ်းပြီးနောက်မှာ အဲ့ဒီဟာတွေကို PRCF အနေနဲ့ ပြန်စုစည်းပြီးတော့ ဖွဲ့စည်းပုံတစ်ခုကို ရေးတယ်ပေါ့။ ရေးပြီးတော့ ဒီဟာကို အခုပြည်ထောင်စုနေ့မှာ ထုတ်ပြန်တာဖြစ်တယ်။

ဒါက မူကြမ်းပါ။ ဒီမူကြမ်းကို အခြားသော နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ နောက်ပြီးတော့ အမျိုးသမီးအဖွဲ့တွေ၊ တွေ့သင့်တွေ့ထိုက်တဲ့ လူပုဂ္ဂိုလ်တွေနဲ့ တွေ့မယ်၊ တွေ့ပြီးဆွေးနွေးပြီးရင် သူတို့ဆီက အကြံဉာဏ်တွေနဲ့ ဒီဟာကို အကောင်းဆုံးဖြစ်အောင် ပြုပြင်မွန်းမံသွားမယ်။ ဖွဲ့စည်းပုံ တစ်ခုရေးတယ်ဆိုတာကတော့ အချိန်ကာလတစ်ခုနဲ့ လိုအပ်ချက်ရှိရင်တော့ပြင်ရမှာပဲ။ အဲ့ဒီကနေပြီးတော့မှ ဖွဲ့စည်းပုံအခြေခံဥပဒေကို နောက်ဆုံးအတည်ပြုတာကတော့ ပြည်သူတစ်ရပ်လုံးနဲ့ ဆိုင်တယ်။ အဲ့ဒီ အခြေအနေရောက်အောင်တော့ ကျွန်တော်တို့ အများကြီး အလုပ်လုပ်ရမှာပေါ့။

မော်ကွန်း – လက်ရှိ ဆရာတို့ ရေးဆွဲထားတဲ့ ဥပဒေကြမ်းမှာ ဗမာပြည်နယ်အပါအဝင် ရှစ်ပြည်နယ်မူကို အခြေခံထားပြီး ရေးထားတာလို့ ယူဆရပါတယ်။ အဲ့ဒီ အချက်တွေကို အခြားတိုင်းရင်းသားတွေ အဖွဲ့အစည်းတွေ လက်ခံလာအောင် ဘယ်လိုလုပ်ဆောင်သွားမှာလဲ။

ဦးမျိုးကျော် – သူတို့တွေနဲ့ ကျွန်တော်တို့ အများကြီးစကားပြောရမှာပေါ့။ ဥပဒေအပေါ်မှာ သူတို့အမြင် ကျွန်တော်တို့ အမြင်တွေပေါ့။ မြန်မာနိုင်ငံရဲ့ ဖြစ်တည်မှုနဲ့ ဘယ်လိုသွားလို့ရမလဲဆိုတာကတော့ ထပ်ပြီး ညှိကြရပါလိမ့်မယ်။ ဒါပေမယ့် စောစောကပဲ အချို့အဖွဲ့အစည်းတွေကလည်း သူတို့ဆီမှာလည်း ရေးနေတာရှိတယ်ဆိုပြီး ပြောတယ်။ အများစုကတော့ အဲဒီ့ထဲမှာ ပါနေတဲ့ ပုဂ္ဂိုလ်တွေကတော့ ပြောလာတာရှိတယ်။ အဲ့ဒါကတော့ အလွတ်သဘောပေါ့ဗျာ။ အဲ့ဒါကို တရားဝင်ဖြစ်အောင် ကျွန်တော်တို့ ဖွဲ့စည်းပုံရေးဆွဲရေးကော်မတီမှာ ပါတဲ့သူတွေ တရားဝင်ဆွေးနွေးတာတွေ လုပ်ဖို့ ရှိပါတယ်။

မော်ကွန်း – လက်ရှိမှာ တော်လှန်ရေးအင်အားစုတွေကလည်း ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်ထူထောင်ဖို့ဆိုတာမျိုး ပြောဆိုတာ ရှိပါတယ်။ လက်ရှိ ဆရာတို့ ထုတ်ပြန်လာတဲ့ ဥပဒေမူကြမ်းက အားလုံးကိုင်စွဲနိုင်တဲ့ ဥပဒေ ဖြစ်လာနိုင်မှာလား။ ဘယ်လိုပုံစံဖြစ်မှာလာလဲ။

ဦးမျိုးကျော် – ကျွန်တော်တို့က ဒီဟာက နောင်ဖြစ်လာမယ့် ဖက်ဒရယ်ပြည်ထောင်စုမှာ သုံးစွဲလို့ရအောင် ရေးဆွဲထားတာဖြစ်တယ်။ ဒါပေမယ့် တခြားမှာရေးနေတဲ့ဟာတွေကတော့ ကျွန်တော်တို့လည်း ကြားပါတယ်။ သိပါတယ်။ သူတို့ကတော့ ကြားကာလ အသွင်ပြောင်းကာလမှာ သုံးစွဲဖို့လောက်ပဲ ရေးဆွဲတာလို့ ကျွန်တော်တို့နားလည်ရပါတယ်။

မော်ကွန်း – အခုက မူကြမ်းအဆင့်ဖြစ်သွားပြီဆိုတော့ ဥပဒေအတည်ဖြစ်လာအောင် ဆက်ပြီး ဘယ်လိုတွေ လုပ်ဆောင်သွားမလဲ။

ဦးမျိုးကျော် – ကျွန်တော်တို့ စုဖွဲ့ထားတဲ့ ကော်မတီတွေလည်းရှိတယ်လေ။ အဲ့ဒီကော်မတီက မြန်မာ့နိုင်ငံရေးအခင်းအကျင်းမှာ ပါသင့်ပါထိုက်တဲ့သူတွေ၊ တော်လှန်ရေးခေါင်းဆောင်တွေလည်းရှိမယ်။ အခြားအဖွဲ့အစည်းတွေပေါ့ နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေကို ချပြပြီးတော့ သူတို့ဆီက အကြံဉာဏ်တွေကိုယူပြီးတော့ အများကြီးလုပ်ဆောင်သွားဖို့ရှိပါတယ်။ ဆွေးနွေးတာတော့ ပုံစံမျိုးစုံဖြစ်နိုင်ပါတယ်။ စကားဝိုင်းအနေနဲ့ ဆွေးနွေးတာလည်း ရှိနိုင်သလို၊ အဖွဲ့အစည်းတွေနဲ့ သွားပြီးတွေ့ဆုံတာတွေလည်း ရှိမှာပါ။ အကယ်၍ ဒီဖွဲ့စည်းပုံကို အချို့နေရာတွေမှာတော့ လူကိုယ်တိုင်သွားပြီး တွေ့ဆုံတာတို့ ဟောပြောတာတို့ စသည်ဖြင့်ပေါ့။ လူတွေလက်ခံနိုင်တဲ့ နည်းပေါင်းစုံကို သုံးသွားမှာပါ။

မော်ကွန်း – ပြီးခဲ့တဲ့ အာဏာသိမ်း သုံးနှစ်ပြည့်မှာပေါ့ တော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ NUG အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အချို့က ဘုံသဘောထားရပ်တည်ချက်တွေ ထုတ်ပြန်ထားတာရှိပါတယ်။ အခုဆရာတို့ ဖွဲ့စည်းပုံမူကြမ်းက သူတို့နဲ့ ကွဲလွဲမှုရှိသလား။ အဲ့ဒီ ရပ်တည်ချက်ကိုကော ဘယ်လိုသဘောထားရှိပါသလဲ။

ဦးမျိုးကျော် – အများစုကတော့ တူညီမှာပါ။ ကျွန်တော်တို့က ပင်လုံမူတွေနဲ့ ကတိကဝတ်တွေကို အခြေခံတယ်။ နောက်ပြီးတော့ FCDCC (ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း)ရေးဆွဲရေးနှင့် ညှိနှိုင်းမှုကော်မတီ) ရဲ့ ဒုတိယမူကြမ်းကိုလည်း အခြေခံထားတယ်။ နောက်ပြီးတော့ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံမူကြမ်းလည်း ရှိခဲ့တယ်။ အဲ့ဒါတွေအကုန်လုံးကလည်း ချိတ်ဆက်နေတယ်။ နောက်တစ်ခုက ဒီဖွဲ့စည်းပုံရေးတဲ့အခါမှာလည်း ဒုတိယအကြမ်မူကြမ်းရေးဆွဲရာမှာ ပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ အကြံဉာဏ်တွေ ရယူပြီးမှ ကျွန်တော်တို့က သူတို့တွေနဲ့ တွေ့ပြီးမှ ရေးတာဖြစ်တဲ့အတွက် သိပ်အများကြီးတော့ ကွဲလွဲစရာ မရှိဘူးလို့ ထင်ပါတယ်။

မော်ကွန်း – အခုထုတ်ပြန်လိုက်တဲ့ ဥပဒေမူကြမ်းကို ဘယ်လောက်အချိန်ယူပြီး ဆက်လက်လုပ်ဆောင်သွားမှာလဲ။

ဦးမျိုးကျော်- အချိန်ကာလကတော့ တိတိပပပြောဖို့ ခက်ပါတယ်။ နိုင်ငံရဲ့ အခြေအနေပေါ် မူတည်ပြီး တတ်နိုင်သလောက်တော့ အမြန်ဆုံးဖြစ်အောင် ကြိုးစားသွားမှာပါ။

မော်ကွန်း – နောက်ဆုံးမေးခွန်းအနေနဲ့ အခုထုတ်ပြန်လိုက်တဲ့ ဖွဲ့စည်းပုံအခြေခံမူကြမ်းက တိုင်းရင်းသားတွေအတွက် ဘယ်လို မျှော်လင့်နိုင်ပါသလဲ။

ဦးမျိုးကျော် – ကျွန်တော်တို့ မျှော်လင့်တာကတော့ ဒီပြည်ထောင်စုဆိုတာကတော့ တိုင်းရင်းသားတွေနဲ့ တိုင်းရင်းသားပြည်နယ်တွေကို စုထားတဲ့ ပြည်ထောင်စုဖြစ်တယ်။ အဲ့ဒီတော့ ပြည်ထောင်စုရဲ့ အာဏာဆိုတာ ပြည်နယ်သားတွေကနေပြီးတော့ ဆင်းသက်ရမယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့က ပြည်သူတွေရဲ့ လိုအပ်ချက် သူတို့တွေရဲ့ လိုအပ်ချက်တွေကို အတတ်နိုင်ဆုံးနဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားထားပါတယ်။ ဒီဖွဲ့စည်းပုံကို ကျွန်တော်တို့ ပြုပြင်မွန်းမံပြီးတော့ အတည်ဖြစ်လာမယ်ဆိုရင်တော့ ကျွန်တော်တို့နိုင်ငံမှာ အခုလိုဖြစ်နေတဲ့ စစ်ပွဲတွေ ရပ်သွားပါလိမ့်မယ်။ နိုင်ငံလည်း အတတ်နိုင်ဆုံး ငြိမ်းချမ်းတည်ငြိမ်ပြီးတော့ တိုးတက်လာမယ်လို့ ထင်ပါတယ်။

အမျိုးအစား - အင်တာဗျူး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."