“ဘယ်သူကိုပေးမလဲဆိုရင် အဘွားကြီးကိုပေးမယ်။ ဆိုတော့ အဘွားကြီးဆိုတာ ဘယ်သူမှန်းမသိဘူး။ ရှင်းရှင်းပြောရရင်တော့ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုပဲ ဆိုလိုတာဖြစ်မှာပေါ့။ ဒါပေမဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်က ချင်းပြည်နယ် မတူပီမြို့နယ်မှာလာမပြိုင်ဘူးလေ။ အဲဒါကို မဲရုံမှူးတွေကလည်း NLD ကိုပဲ တံဆိပ်တုံး ထုပေးခဲ့တာတွေလည်း ရှိခဲ့ဘူးတယ်”

“ဘယ်သူကိုပေးမလဲဆိုရင် အဘွားကြီးကိုပေးမယ်။ ဆိုတော့ အဘွားကြီးဆိုတာ ဘယ်သူမှန်းမသိဘူး။ ရှင်းရှင်းပြောရရင်တော့ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုပဲ ဆိုလိုတာဖြစ်မှာပေါ့။ ဒါပေမဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်က ချင်းပြည်နယ် မတူပီမြို့နယ်မှာလာမပြိုင်ဘူးလေ။ အဲဒါကို မဲရုံမှူးတွေကလည်း NLD ကိုပဲ တံဆိပ်တုံး ထုပေးခဲ့တာတွေလည်း ရှိခဲ့ဘူးတယ်”

ဦးငိုင်ဆာခ့်၊ ဥက္ကဋ္ဌ ၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(CNLD)

လာမယ့် အထွေထွေရွေးကောက်ပွဲမှာ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(CNLD) ဟာ တိုင်းနဲ့ပြည်နယ် လေးခုမှာ ဝင်ပြိုင်မှာပါ။ ကိုယ်စားလှယ်နေရာ ၅၇ နေရာအထိဝင်ပြိုင်မယ့်ဒီပါတီဟာ ယခင်က ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ (CNDP)၊ ချင်းတိုးတက်ရေးပါတီ (CPP) နဲ့ ချင်းဒီမိုကရေစီအဖွဲ့ချုပ် (CLD) ပါတီသုံးခု စုပေါင်းဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

လတ်တလောမှာ COVID-19 ရောဂါ ပျံ့ပွားနှုန်းမြင့်တက်နေတဲ့အတွက် အစိုးရက ကန့်သတ်ပိတ်ဆို့မှုတွေချမှတ်ထားစဉ် အတွင်း သူတို့ပါတီအနေနဲ့ ရွေးကောက်ပွဲဆိုင်ရာလှုပ်ရှားမှုတွေကို ဘယ်လိုလုပ်နေသလဲ၊ စိန်ခေါ်မှုနဲ့ အခက်အခဲ ဘာတွေရင်ဆိုင်နေရသလဲဆိုတာကို ပါတီရဲ့ဥက္ကဋ္ဌဖြစ်သလို ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ အမှတ်(၁) မဲဆန္ဒနယ်က ပြည်နည်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးငိုင်ဆာခ့်ကို ဆက်သွယ်မေးမြန်းထားတာတွေထဲက တစ်ချို့ကို ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။

စည်သူ – ဆက်သွယ်မေးမြန်းသည်။

မော်ကွန်း။ ။ ရွေးကောက်ပွဲကျင်းပဖို့ကလည်း တစ်လလောက်ပဲလိုတော့တယ်။ ကိုဗစ်ကလည်း အခုထိ မငြိမ်သေးတဲ့အတွက် စည်းကမ်းသတ်မှတ်ချက်တွေကို အောက်တိုဘာလကုန်အထိ အစိုးရက တိုးမြှင့်ထားတော့ တိုင်းရင်းသား‌ဒေသတွေမှာ မဲဆွယ်ရတာ ဘယ်လိုစိန်ခေါ်မှုတွေ ကြုံရလဲ။

ဦးငိုင်ဆာခ့် ။ ။ စိန်ခေါ်မှုက များတယ်။ ဒီဘက်မှာက တစ်နေရာနဲ့ တစ်နေရာ အလှမ်းဝေးတယ်။ လမ်းပန်းဆက်သွယ်ရေး ကလည်းမကောင်း။ ဆိုင်ကယ်ခရီးတောင် ရွှံ့ဗွက်တွေနဲ့ချော်တော့ ပြန်ပြန်လှည့်ရတယ်။ မသွားနိုင်ဘူး။ တွန်းနေရတာ များ တယ်။ အဲဒီလို ပင်ပင်ပန်းပန်း စည်းရုံးရေးတွေဆင်းတဲ့အခါကြတော့ ရွာတွေမှာ ကိုဗစ်ကြောင့် လူ ၅၀ ထက်လည်း ပိုစုလို့ မရဘူးလေ။ ကျွန်တော်တို့က အချိန်ကလည်း သိပ်အများကြီးမရဘူး။ ကျွန်တော်ရဲ့မဲဆန္ဒနယ်မှာဆိုရင် ရွာပေါင်း ၈၈ ရွာ ရှိတယ်။ ရက်ပေါင်း ၆၀ ပဲ ရတယ်ဆိုတော့ တစ်ညတစ်ရွာ အိပ်လို့တောာင်မရဘူး။ နေမကောင်းလို့၊ ပင်ပန်းလို့ နားတဲ့ ရက်ရှိတယ်။ သွားဖို့ အခက်အခဲလည်း ရှိတယ်။

ချင်းပြည်နယ် ကိုးမြို့နယ်မှာတော့ ကျွန်တော်လိုပဲ အားလုံးကြုံတွေ့နေရတယ်။ ပလက်ဝမြို့နယ်ကတော့ နည်းနည်း ပိုဆိုးတာက တိုက်ပွဲတွေဖြစ်နေတဲ့အတွက်ကြောင့် တစ်ချို့ရွာတွေ မသွားရဲတာရှိတယ်။ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း တွေကတော့ ချင်းတောင်လောက် လမ်းပန်းဆက်သွယ်ရေးမခက်ခဲဘူး။ ရောက်သွားပြန်တော့လည်း တစ်ချို့ရွာကြီးတွေမှာ အကန့်အသတ်က လူ ၅၀ ပဲ ဆိုတော့ ထိရောက်မှုမရှိဘူး။ ရွာတိုင်းမှာ စိန်ခေါ်မှုက လူစုတဲ့အခါမှာ လူပေါင်း ၁၀၀ လောက် စုလို့ ရရဲ့သားနဲ့ ၅၀ ကန့်သတ်ပြီး လုပ်လိုက်တဲ့အခါမှာ အစည်းအဝေးက အချိန်နှစ်ခါပေးရပြီလေ။ အစည်းအဝေး တစ်ကြိမ်လုပ်ရင် မေးခွန်းမေးမြန်းတာနဲ့ သုံးနာရီလောက်ကြာတယ်။ လူ ၁၅၀ လောက်ပြောရတဲ့ သုံးခါလောက် ခွဲပြောနေရတာပေါ့။ ဒီအခက်အခဲကတော့ အမတ်တိုင်းမှာ ကြုံနေရတယ်။

မော်ကွန်း။ ။ ဆန္ဒမဲပေးဖို့တောင်မှ တစ်ချို့ တိုင်းရင်းသားကျေးရွာတွေမှာ ရှင်းရှင်းလင်းလင်းမသိကြသေးတာကို မြေပြင်မှာ တွေ့ရတယ်။ ဒီပြဿနာကိုရော ဆရာတို့ ပါတီကိုယ်စားလှယ်လောင်းတွေ ဘယ်လိုဖြေရှင်းနေကြသလဲ။

ဦးငိုင်ဆာခ့် ။ ။ ဆန္ဒမဲပေးပုံပေးနည်းမှာ တော်တော်ကို Voter Education( မဲပေးခြင်းဆိုင်ရာအသိပညာ) ပေးဖို့ လိုတယ်။ Voter Education ပေးဖို့ဆိုရင် ဒီလက စနေကြပြီ။ ကျွန်တော်တို့လက်တွေ့မှာကြတော့ ချင်းပြည်နယ်မှာ၊ အရင်တုန်းက ၂၀၁၅ မှာ ဖြစ်ဖူးတာဆိုရင်၊ ဥပမာအားဖြင့် ယှဉ်ပြိုင်တဲ့လူက NLD က ပြိုင်တယ်ဆိုရင်၊ ယှဉ်ပြိုင်တဲ့ကိုယ်စားလှယ်ကို မဲပေးချင်တာ မဟုတ်ဘူး။ မဲရုံသွားတဲ့အခါ မဲရုံမှူးကမေးလိုက်ရင် ဘယ်သူကိုပေးမလဲဆိုရင် အဘွားကြီးကိုပေးမယ်။ ဆိုတော့ အဘွားကြီးဆိုတာ ဘယ်သူမှန်းမသိဘူး။ ရှင်းရှင်းပြောရရင်တော့ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုပဲ ဆိုလိုတာ ဖြစ်မှာပေါ့။ ဒါပေမဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်က ချင်းပြည်နယ် မတူပီမြို့နယ်မှာလာမပြိုင်ဘူးလေ။ အဲဒါကို မဲရုံမှူးတွေကလည်း NLD ကိုပဲ တံဆိပ်တုံး ထုပေးခဲ့တာတွေလည်း ရှိခဲ့ဘူးတယ်။

အဲဒီလို ထပ်မမှားဖို့အရေးကို ကျွန်တော်တို့က မဲကဒ်ပြားပုံစံကို ဖန်းတီးပြီးတော့ အတတ်နိုင်ဆုံးတော့ ဒီလိုမဲပေးရတယ် ဆိုပြီး လှုပ်ရှားမှုတွေရှိနေတယ်။ ဒါပေမဲ့ ရက်ပေါင်း ၃၀ က မလုံလောက်ဘူး။ ကျွန်တော်တို့ဆီမှာ နေ့လယ်ဆိုရင် စည်းရုံးလို့မရဘူး။ ညမှာပဲ လုပ်လို့ရတယ်။ ကျွန်တော်တို့ ရသလောက်လူခွဲပြီး လူငယ်တွေ၊ အမျိုးသမီးတွေကနေတစ်ဆင့် Voter Education ကို လုပ်နေရတဲ့ အနေအထားမှာ ရှိပါတယ်။

တစ်ချို့ အဘိုး၊ အဘွားတွေဆို မဲရုံထဲရောက်တဲ့အခါမှာ ကြောင်တယ်လို့ ပြောကြတယ်။ သူတို့ရဲ့ မဲပေးနိုင်မှု အနေအထား ကို လုပ်ပေးဖို့ လိုတယ်။ ကော်မရှင်က မဲပေးတဲ့ဟာကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ပေးရမယ်။ သူလည်း မလုပ်ပေးနိင်ဘူး။

နောက်တစ်ခုက အရပ်ဘက်လူမှုအဖွဲ့အစည်းတွေကလည်း လုပ်ပေးဖို့လိုတယ်။ အရပ်ဘက်လူမှုအဖွဲ့ အစည်းတွေက လည်း အခက်အခဲရှိနေတယ်။ COVID နဲ့ပတ်သက်ပြီး ခရီးထွက်ခွာခွင့်တွေ၊ Voter Education ပေးမယ့် အရပ်ဘက် အဖွဲ့အစည်းတွေ၊ ပါတီအဖွဲ့တွေ၊ လွတ်လွတ်လပ်လပ် ဆန္ဒရှိတိုင်း သွားလို့မရဘူး။ အဲဒီ အခက်အခဲတော့ ရှိတယ်။

မော်ကွန်း ။ ။ ကိုဗစ်ကလည်းဖြစ်နေတော့ မဲဆွယ်ရေးလုပ်ငန်းစဉ်တွေမှာ လက်ရှိအာဏာရပါတီ ကိုယ်စားလှယ် လောင်းတွေနဲ့ တစ်ခြားကိုယ်စားလှယ်တွေ မြေပြင်လူထုနဲ့ထိတွေ့မှုအပိုင်းမှာကွာဟချက် ဘယ်လိုမျိုးရှိသလဲ။ အားသာချက်၊ အားနည်းချက်တွေက ဘာတွေဖြစ်မလဲ။

ဦးငိုင်ဆာခ့် ။ ။ ယေဘုယျအားဖြင့်တော့ တအားကွာခြားမှု မရှိဘူး။ ဘယ်နေရာမှာသွားကွာလဲဆိုရင် လူစုတဲ့နေရာမှာတော့ သူတို့က အခွင့်အရေးပိုရတယ်။ ဥပမာ- လက်ရှိအာဏာရပါတီလွှတ်တော်ကိုယ်စားလှယ်ဟာ အခုမဲပြန်ဆွယ်ရင်၊ ကိုယ်စားလှယ်ပြန်ပြိုင်ရင်၊ သူက လူစုတဲ့နေရာမှာ ပါတီစည်းရုံရေးဆန်ဆန်မဟုတ်တော့ဘဲ ကျေးရွာအုပ်ချုပ်ရေးမှူး တွေကိုအသုံးပြုပြီးတော့၊ တစ်အိမ်တစ်ယောက် မပျက်မကွက်တတ်ပါ၊ လွှတ်တော်လုပ်ငန်းအတွေ့အကြုံတွေ ရှင်းဖို့ ရှိတယ်ဆိုတဲ့ပုံစံမျိုးပေါ့။ အစိုးရလုပ်ငန်းရှင်းလင်းတဲ့သဘောနဲ့ စည်းရုံးရေးခေါ်လိုက်ရင် လူကမဖြစ်မနေ တစ်အိမ် တစ်ယောက် တတ်ကြတယ်။

ကျွန်တော်တို့ ကျန်တဲ့ပါတီတွေကြတော့ ဘာဖြစ်သလဲဆိုရင် ပါတီအနေနဲ့ပဲ စည်းရုံးရေးလာတယ်ဆိုတဲ့သဘောပေါက်တဲ့ အခါကြတော့ ကျေးရွာတစ်ချို့မှာ ပါတီကအစုံရှိတယ်ဆိုရင်၊ ပါတီအစုံက တစ်ခြားလူတွေကတော့ သိပ်မလာကြတော့ဘူး။ အာဏာရတဲ့အစိုးရကျတော့ အစိုးရတာဝန်လိုလို၊ အတွေ့အကြုံရှင်းတယ်လိုလို၊ လာပြီး လေ့လာသလို၊ ဖွံ့ဖြိုးရေးပဲ လာလုပ်ပေးမလိုလို ပုံစံဖြစ်တဲ့အခါကြတော့ မဲဆန္ဒရှင်ပြည်သူတွေကို အုပ်ချုပ်ရေးမှူးက ပါတီစည်းရုံးရေး လာနားထောင်ပါဆိုတဲ့ ပုံစံမဟုတ်ဘဲနဲ့ လက်ရှိတာဝန်ရှိသူ ဘယ်သူလာတယ်ဆိုတာမျိုး ဆော်သြပေးလိုက်တဲ့အခါကျ တော့ အနည်းဆုံး တစ်အိမ်တစ်ယောက် တတ်ကြတာပဲလေ။ အဲဒီအပိုင်းမှာတော့ ကွာခြားမှုလေးတွေရှိနေတယ်။

ထူးခြားတာတစ်ခုရှိတယ်။ ကြံ့ခိုင်ရေးတုန်းက ကျွန်တော်သိသလောက် ရွေးကောက်ပွဲမတိုင်ခင် ခြောက်လလောက် အလိုမှာ သူတို့က အစိုးရတာဝန်နဲ့၊ လုပ်ငန်းနဲ့ ပြည်သူတွေကို ရောနှောတာတွေ ရပ်ဆိုင်းထားတာ ရှိတယ်။ နောက်တစ်ခု က တင်ဒါတွေ၊ ဘာတွေ မချတော့ဘူးပေါ့။

အခုဆိုရင် NLD အစိုးရက ဘာလုပ်သလဲဆိုရင် ချင်းပြည်နယ်အစိုးရက တင်ဒါချပေးဖို့ အောက်တိုဘာလအတွင်းမှာကို တင်ဒါတွေ ခေါ်နေတယ်။ ကုမ္ပဏီတွေကို ချပေးမယ်ဆိုတာမျိုး။ ဒါကလည်း သွယ်ဝိုက်သောနည်းနဲ့ စီးပွားရေးကုမ္ပဏီ လုပ်ငန်းရှင်တွေကို တစ်နည်းတစ်ဖုံအားဖြင့် မဲဆွယ်တဲ့သဘော နားလည်သွားနိုင်တယ်။ ဒီကိစ္စတွေမှာလည်း အများကြီး အတိုက်ခံပါတီတွေ၊ ပါတီငယ်တွေအတွက် အထိနာပြီးတော့ သူတို့အတွက်ကျတော့ အားသာ စေတာပေါ့။

မော်ကွန်း ။ ။ လာမယ့်ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေ အားကောင်းမယ်လို့ မူလက ခန့်မှန်းချက်တွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ COVID က ဖြစ်လာတော့ မူလခန့်မှန်းသလို အားကောင်းနိုင်ပါဦးမလား။ ဘယ်လိုမြင်သလဲ။

ဦးငိုင်ဆာခ် ။ ။ အနည်းအပါးတော့ ထိခိုက်နိုင်ပါတယ်။ ဒါပေမဲ့ တအားကြီးတော့ တိုင်းရင်းသားတွေရဲ့ အားကောင်းမှုကို ထိခိုက်လိမ့်မယ်လိုတော့ မယုံကြည်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပရိတ်သတ်ကတော့၊ မဲထည့်တဲ့ မဲဆန္ဒရှင်ကတော့ ဘာပဲဖြစ်ဖြစ် အပြောင်းအလဲကို ပြန်လိုချင်ကြတာလေ။ ဥပမာ ၂၀၁၅ တုန်းကတော့ ပြောင်းလဲချိန်တန်ပြီဆိုတာရယ်၊ NLD ဆိုရင် နှစ်ပေါင်း ၃၀ လောက် အတိုက်အခံနဲ့ နေခဲ့ရတယ်ဆိုတော့ သနားကြင်နာမှုနဲ့ မျှော်လင့်ချက်တွေ အရမ်းကြီးတယ်။ မဲကိုပုံအောပေးကြတယ်။ နောက်တစ်ခုက အများကြီးလုပ်နိုင်မယ်လို့ မျှော်လင့်ကြတယ်။

ဒါပေမဲ့ တကယ်အာဏာရတဲ့အခါမှာ တရားဥပဒေစိုးမိုးတဲ့အပိုင်းမှာကော၊ စီးပွားရေးတိုးတက်မှုအပိုင်းမှာကော တိုင်းရင်း သားလူမျိုးတွေအပေါ် ဂရုစိုက်မှုမှာကော၊ ဒါတွေက ဘာမှထိထိရောက်ရောက်လုပ်ပေးတာမရှိဘူး။ တိုင်းရင်းသား လူနည်းစုတွေဆို ပိုပြီးတော့တောင်လျစ်လျူရှုခံရတယ်လို့ ခံစားကြရတယ်လေ။ ဒါတွေကြောင့် တိုင်းရင်းသားတွေရဲ့ စိတ်ထဲမှာတော့ မခံချင်တဲ့စိတ်ရှိလာတယ်။ မခံချင်တော့ ကိုယ့်တိုင်းရင်းသားပါတီကို မဲပေးမယ်ဆိုတဲ့ စိတ်ကတော့ ရှိကြတယ်။

တခုပဲ COVID က အရမ်းမဆိုးရွားပဲ ပုံမှန်လေးဆိုရင် ပြဿနာကတော့ မရှိဘူး။ ရောဂါက ပိုပိုဆိုးလာရင်တော့ နည်းနည်း စည်းရုံးရေးခေါ်တဲ့အခါမှာတောင် ထိတ်လန့်နေကြတယ်။ လူငယ်တွေက လာချင်တယ်၊ မိဘတွေက မသွားနဲ့ဆိုတော့ မလာတာတွေလည်း ရှိတယ်။ ဒီထိခိုက်မှုတွေကြောင့် အများကြီး အကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်။

မော်ကွန်း။ ။ ကိုဗစ်က အထူးသဖြင့် ရန်ကုန်နဲ့ရခိုင်လိုနေရာတွေမှာ အဓိကပျံနှံ့နေပါတယ်။ ဒါကြောင့် တစ်ချို့သော နိုင်ငံရေးပါတီတွေက ရွေးကောက်ပွဲကိုရွှေ့ပေးဖို့ဆိုပြီး ပြောကြတာတွေရှိပါတယ်။ CNLD ရဲ့သဘောထားကရော ဘယ်လိုရှိပါသလဲ။

ဦးငိုင်ဆာခ့် ။ ။ မှန်တာပေါ့။ ဘယ်ဒေသမှာမဆို ဖြစ်ရင် ပြည်သူပဲခံကြရတာ။ တာဝန်ရှိတဲ့လူတွေကတော့ ကိုယ်ပိုင်ကားနဲ့ သွားပြီး ကာကွယ်လို့ရကြတယ်လေ။ ကျွန်တော်ပါတီက အစောကြီးကတည်းက COVID ရောဂါ ဒီလိုဖြစ်နေတဲ့အချိန်မှာ (ရွေးကောက်ပွဲကို) နောက်နည်းနည်း ဆုတ်ပေးပါ၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရဆိုရင် ဒီဇင်ဘာလ ၈ ရက်၊ ၁၅ ရက်၊ ၂၀ ရက် လောက် လုပ်ရင်လည်း ဘာပြဿနာမရှိဘူးလေ။ ထိခိုက်မှုဘာမှမရှိဘူး။

နံပတ်တစ် နောက်ကိုဆုတ်ပေးပါ။ နံပတ်နှစ်က ကျွန်တော်တို့ချင်းတောင်မှာ မိုးအရမ်းရွာနေတော့ မြေတွေပြိုတယ်။ ဆိုင်ကယ်လည်းသွားမရဘူး။ ရွှံ့ဗွက်တွေထဲမှာ အကြိမ်ကြိမ်လဲကြတယ်။ ကျေးရွာတွေရောက်တဲ့အခါမှာလည်း ညအိပ် တည်းရမှာ၊ အိမ်ရှင်တွေကို အားနာတယ်။ ဒီလိုမျိုးတွေရှိတာကြောင့် နိုဝင်ဘာလ ၁၅ ရက်လောက်ဆိုရင် မိုးနည်းနည်း ကုန်သွားပြီ။ ဒီဇင်ဘာလ ဒုတိယပတ်လောက်မှာ (ရွေးကောက်ပွဲကို) လုပ်မယ်ဆို ကျွန်တော်တို့အတွက် တန်းတူညီမျှမှုက ပိုရမယ်ပေါ့။ ဒါကိုလည်း တောင်းဆိုခဲ့တယ်။ ရခိုင်၊ ရန်ကုန်လိုမျိုးမှာ ကိုဗစ်ကြောင့် မဲဆွယ်ဖို့လည်း အခက်အခဲရှိတယ်။ လူတွေကလည်း အပြင်မထွက်ရဲဘူး။ ဘယ်သူမဆို ကူးမှာကြောက်တယ်။ ဒီလိုမျိုးအခြေအနေမှာ ဖြစ်နိုင်ရင် ဒီဇင်ဘာလ ၈ ရက်လောက် ရွှေ့လိုက်ရင် ဘာပြဿနာမှ မရှိဘူး။ ပါတီက နဂိုကတည်းက ဒီလို တောင်းဆိုခဲ့တာပါ။

မော်ကွန်း။ ။ ခန့်မှန်းကြတာက ကိုဗစ်ကူးစက်မှုမြင့်တက်နေချိန်မှာ ရွေးကောက်ပွဲသာကျင်းပခဲ့ရင် မဲရုံကိုလာပြီး မဲပေးတဲ့နှုန်း ကျဆင်းနိုင်တယ်လို့ တစ်ချို့က ဆိုကြတယ်။ မဲပေးသူနှုန်း တကယ်ကျဆင်းခဲ့ရင် တိုင်းရင်းသားပါတီတွေရဲ့ အောင်နိုင်ရေးအပေါ် သက်ရောက်မှု ဘယ်လောက်ရှိနိုင်သလဲ။

ဦးငိုင်ဆာခ့် ။ ။ လက်တွေ့မှာ ထိခိုက်မှုကတော့ ရှိမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ COVID အန္တရာယ်ကြောင့် လူထုက ကိုယ်ရဲ့ဆန္ဒ ဘယ်လောက်ပဲရှိရှိ အသက်အန္တရာယ်ကို ပိုဦးစားပေးရတာကိုး။ ဒါကြောင့် မဲထည့်တဲ့လူဦးရေက နည်းသွား လိမ့်မယ်။ အဲဒီအခါကျတော့ ပြည်သူလူထုရဲ့ဆန္ဒအစစ်အမှန် မဖြစ်လာမှာကို စိတ်ပူတယ်။

ဥပမာ- လူနည်းစုလောက်ပဲ လာနိုင်တယ်၊ မဲထည့်နိုင်တယ်ဆိုတာမျိုး ဖြစ်နေရင်တော့၊ ထက်ဝက်လောက်တောင် မဲမထည့်ဘူးဆိုရင် ရွေးချယ်မှုက အစစ်အမှန်မဟုတ်ဘူးဆိုတာ ဖြစ်လာနိုင်တယ်။ နောက်တစ်ခုက တိုင်းရင်းသားနယ်မြေ တွေမှာဆိုရင် COVID ကတစ်မျိုး၊ လမ်းပန်းဆက်သွယ်ရေးကတစ်မျိုး၊ တစ်ချို့ဆိုရင် ရွာတိုင်းမှာ မဲရုံမရှိဘူး။ တစ်ခြားရွာ သွားထည့်ရတာ။ သွားလာရေးကအစ ခက်ခဲတဲ့အတွက် တိုင်းရင်းသားဒေသတွေမှာဆိုရင် တိုင်းရင်းသားဆန္ဒ အစစ်အမှန် ကို မဖော်ပြနိုင်မယ့် အနေအထားမျိုးဖြစ်မှာကို ကျွန်တော်တို့က စိတ်ပူတယ်။ ရောဂါပိုဆိုးလာရင် သက်ကြီးပိုင်းတွေ မဲထည့်တာတွေ လျော့လာမယ်၊ ဒါကို စိတ်ပူတယ်။


#Interview

အမျိုးအစား - အင်တာဗျူး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."