ရန်ကုန်-၂၀၂၅ ဇူလိုင် ၂၃ (မော်ကွန်း)
အာရက္ခတပ်တော် (AA) က ရိုဟင်ဂျာလူမျိုးစုတွေအပေါ် စစ်ရာဇဝတ်မှုကျူးလွန်နေတာကြောင့် နိုင်ငံတကာရာဇဝတ်ခုံရုံး (International Criminal Court – ICC) က စုံစမ်းစစ်ဆေးပေးဖို့ ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့အစည်း Fortify Rights က ဒီနေ့ ထုတ်ပြန်တောင်းဆိုပါတယ်။
ရခိုင်ပြည်နယ်အနောက်မြောက်ဒေသက ရိုဟင်ဂျာလူမျိုးစုတွေအပေါ် ပြည်နယ်ရဲ့ နယ်မြေအများစုကို ထိန်းချုပ်ထားတဲ့ AA က ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကိုမှတ်တမ်းတင်ထားတယ်လို့လည်း Fortify Rights က ဆိုပါတယ်။
” ရက္ခိုင့်တပ်တော်က ရိုဟင်ဂျာတွေကို နေရာအနှံ့မှာပြန်ပေးဆွဲတာတွေ၊ ရက်စက်စွာ ညှဉ်းပန်းနှိပ်စက်တာတွေနဲ့ သတ်ဖြတ်တာတွေအတွက် တာဝန်ရှိပါတယ်။ တချို့ဆို ခေါင်းဖြတ်သတ်ဖြတ်ခံရတာတွေကိုလည်း တွေ့ခဲ့ရပါတယ်။ ဒါတွေက စစ်ဥပဒေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေတာပဲဖြစ်ပါတယ်” လို့ အဲဒီအဖွဲ့ရဲ့ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေး အထူးတာဝန်ခံ Ejaz Min Khant (ဧဂျက်ဇ်မင်းခန့်)က ပြောပါတယ်။
AA ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုအထောက်အထားတွေကို ပြီးခဲ့တဲ့နှစ်နဲ့ ဒီနှစ်အတွင်း AA လက်ကလွတ်လာတဲ့ အသက်ရှင်နေသူတွေနဲ့ မျက်မြင်သက်သေ ရိုဟင်ဂျာ ၃၉ ဦး(အမျိုးသမီး ရှစ်ဦးပါဝင်) ကို ဒီနှစ် ဧပြီလကနေ ဇူလိုင်လအထိ တွေ့ဆုံမေးမြန်းကာ သက်သေရခဲ့တာလို့ Fortify Rights က ထုတ်ပြန်ပါတယ်။
” နိုင်ငံတကာ ရာဇဝတ်ခုံရုံးအနေနဲ့ ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေသော ပြင်းထန်တဲ့ရာဇဝတ်မှု ကျူးလွန်သူများကို တရားစွဲဆိုခွင့်အာဏာရှိပြီး၊ ရက္ခိုင့်တပ်တော်အတွင်းမှ ရာဇဝတ်မှုကျူးလွန်တဲ့ တရားခံများကိုလည်း စုံစမ်းစစ်ဆေးကာ တရားစွဲဆိုသင့်ပါတယ်” လို့ Ejaz Min Khant က ပြောပါတယ်။
Fortify Rights ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ AA ဘက်က တုန့်ပြန်တာမျိုး မတွေ့ရသေးပေမယ့် ယခင်ကတော့ ဒီလိုပြောဆိုချက်တွေကို AA တာဝန်ရှိသူတွေက ငြင်းခဲ့ဖူးပါတယ်။ AA ဟာ ချင်းပြည်နယ်တောင်ပိုင်းက ပလက်ဝအပါအဝင် ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါး ထိန်းချုပ်ထားပြီး စစ်ကောင်စီတပ်တွေဟာ ကျောက်ဖြူ၊ စစ်တွေမြို့နဲ့ ပင်လယ်ထဲက မာန်အောင်ကျွန်းပေါ်မှာသာ အခြေစိုက်နိုင်တော့တာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်ထဲမှာ ပြီးခဲ့တဲ့အရပ်သားအစိုးရခေတ်တုန်းက ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ပတ်သက်လို့ အဲဒီတုန်းကအစိုးရဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ ထိပ်တန်းခေါင်းဆောင်တွေနဲ့ လက်ရှိအာဏာသိမ်းထားတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် စစ်ခေါင်းဆောင်တွေကို ဖမ်းဆီးပေးဖို့ ရိုဟင်ဂျာအရေးဆောင်ရွက်သူတွေက နိုင်ငံတကာရာဇဝတ်ခုံရုံး (International Criminal Court-ICC) ထံ တိုင်ကြားထားပြီး လက်ရှိမှာ အမှုကြားနာနေတဲ့ ကာလ ဖြစ်ပါတယ်။
လက်ရှိအာဏာသိမ်းခေါင်းဆောင် စစ်ကောင်စီတပ်ကြောင့် ၂၀၁၇ အတွင်းမှာ ရခိုင်ပြည်နယ်၊ ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တောဒေသက သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခိုလှုံခဲ့ရပါတယ်။
ပုံစာ- ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါးကို သိမ်းထားတဲ့ AA တပ်ဖွဲ့ဝင်တချို့ ကို ရခိုင်-ဧရာဝတီနယ်စပ်ဒေသမှာ ဒီနှစ် ဇန်နဝါရီလကတွေ့ရစဉ်
ဓါတ်ပုံ- AA Info Desk

