ဒုန်းတော-၂၀၂၁ ဒီဇင်ဘာ ၈ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ် ဒုန်းတောကျေးရွာမှာ စစ်ကောင်စီတပ်တွေရဲ့ မီးရှို့သတ်ဖြတ်ခံထားရတဲ့အလောင်း လေးလောင်း ဒီကနေ့မနက်ပိုင်းကထပ်မံတွေ့ရှိတယ်လို့ အမည်မဖော်လိုတဲ့ဒေသခံတစ်ဦးကပြောပါတယ်။
“ဒီနေ့ထပ်တွေ့တဲ့ဟာက အိမ်ထဲမှာမီးရှို့ခံရတာလေ။ အိမ်တစ်အိမ်မီးရှို့ခံရတာ အဲ့ထဲမှာသူတို့ကပုန်းနေတဲ့အချိန် မထွက်နိုင်တော့တာ။ နောက်ထပ်လေးယောက်ထပ်တွေ့တာ။မိန်းကလေးရောပါတယ်”လို့ အဲဒီဒေသခံကပြောပါတယ်။
အမျိုးသားသုံးဦးနဲ့ အမျိုးသမီးတစ်ဦးရဲ့မီးကျွမ်းနေတဲ့အလောင်းတွေ ထပ်မံတွေ့ရှိရတာလို့ဆိုပါတယ်။
မနေ့ကမုံရွာတစ်ဖက်ကမ်း ရွှေတောင်ဦးကုန်းပေါ်ကဆင်းလာတဲ့စစ်ကောင်စီတပ်တွေမိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ရွာထဲကိုစစ်ဆေးပြီး စစ်ကောင်စီတပ်တွေက ဒုန်းတောရွာသား ၁၁ ဦးကို ကြိုးတုတ်မီးရှို့သတ်ခဲ့ပါသေးတယ်။
အခုလက်ရှိမှာ ဒုန်းတောရွာခံတွေအပြင် ဒုန်းတောနဲ့အနီးတဝိုက်မှာရှိတဲ့ ဂုဏ်တော၊ ဘိန်းနွယ်ချောင်၊အုန်တုံပင်၊ကျေးစာကျ စတဲ့ရွာတွေအပါအဝင် ကျေးရွာ ၁၀ ရွာကျော်ကဒေသခံတွေထွက်ပြေးပုန်းရှောင်နေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒေသခံကာကွယ်ရေးအဖွဲ့ဖြစ်တဲ့ Salingyi GZ အဖွဲ့ကလည်း ည၇နာရီကနေမနက်၆နာရီအတွင်း မုံရွာ-ပုသိမ်လမ်းနဲ့ ဆားလင်းကြီး-ညောင်ပင်ကြီးလမ်းကိုအသုံးမပြုကြဖို့ သတိပေးထုတ်ပြန်ထားပါတယ်။
#Dailynews

