ပဋိပက္ခများ ပိုမိုပြင်းထန်လာသည့်အတွက် မြန်မာ့နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများအတွက် ကမ္ဘာ့ဘဏ်ဆက်လက်ကူညီမည်

အောင်ထူးနိုင်
ရန်ကုန် – ၂၀၂၀ မေ ၁၈(မော်ကွန်း)

မြန်မာနိုင်ငံ၏နိုင်ငံရေးနှင့် စီးပွားရေးပြောင်းလဲမှုများအတွက် ကမ္ဘာ့ဘဏ်အုပ်စုက ဖွံ့ဖြိုးရေးမဟာဗျူဟာ မူဘောင်အသစ် (၂၀၂၀-၂၀၂၃)အစီအစဉ်တွင် ပဋိပက္ခဒဏ်ခံရသည့်ဒေသများအပါအဝင် လူမှုပေါင်းစည်းပါဝင်ရေး (Social inclusion) နှင့် ငြိမ်းချမ်းရေးလုပ်ငန်းများအပေါ် အလေးအနက်ထားပြီးဆက်လက်ကူညီသွားမည်ဟု ဆိုသည်။

၂၀၁၁ အရပ်ဘက်အုပ်ချုပ်ရေးကူးပြောင်းချိန်မှစတင်ကာ လူမှုစီးပွားဘဝအခြေများတိုးတက်လာပြီး ဆင်းရဲနွမ်းပါးမှုနှုန်းများ ကျဆင်းသွားခဲ့သော်လည်း တိုးတက်မှုကိုမခံစားရသော ပြည်သူများစွာကျန်ရှိနေပြီး ၎င်းတို့ထဲမှသုံးပုံတစ်ပုံမှာ ပဋိပက္ခ ဒဏ်ခံစားရသော ဒေသများဖြစ်သည်ဟု မေ ၁၈ ရက်ကကမ္ဘာ့ဘဏ်၏ သတင်းထုတ်ပြန်တွင်ဖော်ပြသည်။

ရခိုင်ပြည်နယ်နှင့် အခြားဒေသအချို့တွင် ပဋိပက္ခများ ပြင်းထန်လာသည့်အတွက် ငြိမ်းချမ်းရေးရရှိရန် အဟန့်အတား ဖြစ်နေခြင်း၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ပြည်သူတိုင်းရရှိခံစားနိုင်ရန်နှင့် တန်းတူညီမျှပြီး တည်ငြိမ်အေးချမ်းသည့် အနာဂတ်အား တည်ဆောက်နိုင်ရန် ပြည်သူအားလုံးအတွက် ရင်းနှီးမြှုပ်နှံပေးရန် လိုအပ်မည်ဖြစ်သောကြောင့် အသွင်ကူးပြောင်းရေးလုပ်ငန်းများအား ဆက်လက်ကူညီသွားမည်ဟု ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနှင့် လာအိုနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး မစ်မာရီယန်ရှာမန်က အသိပေးပြောဆိုသည်။

ထို့ပြင် စွမ်းဆောင်ရည်ပြည့်ဝသည့် ဌာနဆိုင်ရာ အဖွဲ့အစည်းများ ပေါ်ပေါက်စေရန် မြှင့်တင်ဆောင်ရွက်သွားမည် ဖြစ်ပြီး ပဋိပက္ခဒေသများအပါအဝင် ဝေးလံနောက်ကျသည့် ဒေသများရှိ ဆင်းရဲနွမ်းပါးသူများပါမကျန် ဖွံ့ဖြိုးရေးကိုခံစားနိုင်စေရန် လုပ်ဆောင်သွားမည်ဟု ရှင်းပြသည်။

COVID -19 ရောဂါအရေးပေါ်တုန့်ပြန်မှု အစီအစဉ်တွင် မြန်မာနိုင်ငံအတွက်ချေးငွေ အမေရိကန် ဒေါ်လာသန်း ၅၀ ကိုလည်း ကမ္ဘာ့ဘဏ်ကပံ့ပိုးပေးထားသည်။

ထို့အပြင် ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအသင်းရန်ပုံငွေမှ အရင်းအမြစ်များကို ရယူခံစားခွင့်ရှိသည့် တိုင်းပြည်များတွင် ကပ်ရောဂါကျရောက်လာပါက ဘဏ္ဍာရေး ပံ့ပိုးမှုများ ဆောင်ရွက်နိုင်ရန် ကမ္ဘာ့ဘဏ်က တည်ထောင်ထားသည့် (Pandemic Emergency Financing Facility – PEF) မှလည်း မြန်မာနိုင်ငံ အတွက် ခွဲတမ်းအဖြစ် ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၈ သန်း ကို ရရှိမည် ဖြစ်သည်။ ထိုရန်ပုံငွေဖြင့် ပဋိပက္ခဒေသများတွင် နေထိုင်သည့် ပြည်သူများ အပါအဝင် ထိခိုက်ရန် ဖြစ်နိုင်ချေအများဆုံး ရှိသည့် ပြည်သူများအား ကူညီနိုင်ရန် ဆောင်ရွက်သွားမည်ဟု ဆိုသည်။

ဓါတ်ပုံ – ကောင်းထက်စံ
ရခိုင်ပြည်နယ်၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းတစ်ခု


#Dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."