ရန်ကုန် – ၂၀၂၄ နိုဝင်ဘာ ၁၁ (မော်ကွန်း)
အာရက္ခတပ်တော်ရဲ့ ထိုးစစ်ဟာ ရခိုင်ပြည်နယ်တောင်ပိုင်းက သံတွဲ-ဂွ ကားလမ်းပေါ်မှာရှိတဲ့ ဆပ်သွားမြို့ထိ ရောက်ရှိလာပြီး အခုရက်ပိုင်းမှာ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဂွဒေသခံတချို့က ပြောပါတယ်။
ဆပ်သွားတိုက်နယ်မှာရှိတဲ့ ဆားချက်ကလေး၊ ဆားချက်ကြီးကျေးရွာလမ်းပိုင်းတွေမှာ ပြီးခဲ့တဲ့ရက်ပိုင်းတွေကစပြီး မြေပြင်တိုက်ပွဲတွေဖြစ်လာနေကာ စစ်ကောင်စီကလည်း စစ်သင်္ဘောတွေ လေကြောင်းပစ်ကူတွေနဲ့ တိုက်ခိုက်နေတယ်လို့ ဒီအခြေအနေကိုသိတဲ့ ဒေသခံတချို့က ပြောပါတယ်။
“ပင်လယ်ပြင်မှာ ဒီစစ်သင်္ဘောတွေကတော့ တစ်ချက်တစ်ချက်ပစ်တယ်။ ဂွမှာ လက်နက်ကြီးစခန်းတွေလည်းထိုင်ထားတော့ အဲဒီကနေ လှမ်းလှမ်းပစ်နေတာပေါ့။ မြေပြင်မှာတော့ AA က တဖြည်းဖြည်းတိုးလာတယ်လို့ ပြောရမယ်” လို့ ၎င်းဒေသခံက ပြောပါတယ်။
ဒီတိုက်ပွဲတွေကြောင့် သံတွဲ-ဂွ ကားလမ်းတစ်လျှောက်မှာရှိတဲ့ ကမ်းခြေရွာတွေက ဒေသခံထောင်နဲ့ချီ စစ်ဘေးရှောင်နေကြပြီး ဒီဒေသတွေမှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေလည်း ပြတ်တောက်နေတာပါ။
“ အဲဒီနားကရွာတွေကတော့ ဘယ်သူမှမရှိတော့ဘူး။ ဒီဘက် ဂွကိုပြေးတဲ့သူပြေးသွားပြီ။ တချို့လည်း AA ဘက်မှာ စစ်ရှောင်စခန်းတွေသွားခိုတဲ့သူခိုပေါ့။ ရွာလုံးကျွတ်မရှိကြတော့ဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
သံတွဲမြိုကို AA တပ်တွေ သိမ်းပိုက်ထိန်းချုပ်ပြီးနောက်မှာ ရခိုင်တောင်ဘက်အစွန်ပိုင်းမြိုဖြစ်တဲ့ ဂွမြိုနယ်ထဲကို AA တပ်တွေ ပြီးခဲ့တဲ့ လပိုင်းကစပြီး ထိုးစစ်ဆင်တိုက်ခိုက်လာပါတယ်။
ဧရာဝတီတိုင်းရဲ့ ဝင်ပေါက်တစ်ခုဖြစ်ပြီး ဗျူဟာအရ အရေးပါတဲ့ ဂွတောင်ကြားလမ်း မကျရေးအတွက် စစ်ကောင်စီဟာ ကြည်း၊ ရေ၊ လေ အင်အားသုံးခုခံနေတာပါ။
ဒါ့ပြင် ဂွကနေ ဧရာဝတီတိုင်းဘက်ကိုသွားတဲ့ ရိုးမတောင်ကြားလမ်းတွေမှာလည်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးတွေ တပ်ဆင်ထားပြီး လမ်းတစ်လျှောက်မှာလည်း စစ်ကောင်စီတပ်တွေ အင်အားဖြည့်တင်းနေတယ်လို ဒီမြေပြင်မှာ သွားလာနေတဲ့ ဒေသခံတချို့က ပြောပါတယ်။
ရခိုင်ပြည်နယ်က စစ်ကောင်စီတပ်ရဲ့ လက်ကျန်တပ်တွေအခြေစိုက်ထားတဲ့ အမ်း၊ တောင်ကုတ်နဲ့ ဂွမြိုနယ်တွေကို AA တပ်တွေ ဒီရက်ပိုင်းအတွင်း ဆက်လက်ထိုးစစ်ဆင်နေပြီး ဒီမြို့နယ်တွေမှာ နှစ်ဖက်တိုက်ပွဲတွေ ဆက်ရှိနေပါတယ်။
ပုံစာ – ဂွစစ်ဘေးရှောင်များ
ဓာတ်ပုံ – MML

