ယောမင်းကြီးရဲ့ မွေးရပ်မြေ

ယောမင်းကြီးရဲ့ မွေးရပ်မြေ

မော်ကွန်းမဂ္ဂဇင်း အမှတ်စဉ် ၇၀ မှ Remembrance ဖြစ်ပါသည်

သန်းနိုင်ဦး ရေးသည်။

ကုန်းဘောင်ခေတ်နှောင်းပိုင်း ရတနာပုံနေပြည်တော်မှာ ယောမင်းကြီး ဦးဘိုးလှိုင်က ထင်ရှားတဲ့ ဝန်ကြီးတစ်ပါး ဖြစ်တယ်။ သူ့ခေတ်သူ့အခါက ခေတ်မီတဲ့ မင်းတစ်ပါး ဖြစ်တဲ့အပြင် အနေလှ အသေလှခဲ့သူဖြစ်တယ်။ သူကွယ်လွန်ချိန်မှာလည်း ဂူဗိမာန်နဲ့ ကျကျနန ဂူသွင်းမြှုပ်နှံခံရသူ ဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ အစောဆုံးအခြေခံဥပဒေဖြစ်တဲ့ ရာဇဓမ္မသင်္ဂဟကျမ်း၊ ကျန်းမာရေးအတွက် ဥတုဘောဇန သင်္ဂဟကျမ်း၊ ဗေဒင်ပညာနှင့် နက္ခတ္တပညာတို့ကိုဖော်ပြတဲ့ မဟာသုဇာတကကျမ်း၊ ခန္ဓာဗေဒကျမ်း ကို ဗုဒ္ဓနည်းကျကမ္မဋ္ဌာန်းတရားနှင့်ယှဉ်ပြီး ကာယာနုပဿနာကျမ်းကိုလည်းရေးခဲ့သူဖြစ်တယ်။

ခေတ်အမြင်ရှိတဲ့ ယောမင်းကြီးကို ယင်းတောဝန်ကြီး ဦးရွှေတုတ်နဲ့ မယ်ငြိမ်းတို့က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ရွာပုလဲရွာမှာ မြန်မာသက္ကရာဇ် ၁၁၉၁၊ နှောင်းတန်ခူးလဆန်း ၁၀ ရက် နံနက် ၃ နာရီမှာ မွေးဖွားခဲ့တယ်။ ဦးဘိုးလှိုင် ယောမင်းကြီးအဖြစ် ရောက်ရှိလာခဲ့တာက သူ့အစွမ်းအစကြောင့်လည်းပါသလို ဒီလိုရာထူးရာခံမျိုးအထိ တက်လှမ်းနိုင်အောင် စွမ်းဆောင်နိုင်ခဲ့တာ သူ့ပတ်ဝန်းကျင်ကြောင့်လည်း ပါဝင်တယ်။  ယောမင်းကြီးရဲ့ အဘိုး ဦးတောကဉာဏ်ပညာထက်မြက်သူ ယင်းတောရွာသားတစ်ယောက် ဖြစ်တယ်။ ကြီးပွားရာကြီးပွားကြောင်းအတွက် အမရပူရနေပြည်တော်မှာ သွားရောက်အမှုထမ်းတယ်။ ဦးတော အရွယ်ရောက်လာတော့ အိမ်ထောင်ဘက် ရွေးချယ်ရာမှာလည်း ရွှေပြည်ဝန်လက်ဝဲတော်မှူးရဲ့ သမီးနဲ့ လက်ထပ်ခဲ့တယ်။ ဦးတောနဲ့ ဇနီးမှာ သားတစ်ယောက် ထွန်းကားခဲ့ပြီး ထွားကျိုင်းလွန်းလို့ မောင်တုတ်လို့ အမည်တွင်ခဲ့တယ်။ မောင်တုတ်အရွယ်ရောက်လာတော့ ဓားရေးလှံရေးထူးချွန်ပြီး စစ်မှုထမ်းခဲ့လို့ စစ်သူကြီးရာထူး တက်လှမ်းခဲ့တယ်။ (ကိုးကား။  ။  မင်းယုဝေရေးတဲ့ ပထမမြန်မာများ)

ကုန်းဘောင်ခေတ်နှောင်းမှာ နှလုံးရည်၊ လက်ရုံးရည်နဲ့ ပြည့်ဝပြီး ခေတ်အမြော်အမြင်ရှိတဲ့ ယောမင်းကြီး ဦးဘိုးလှိုင်လို မြန်မာပညာရှိ မွေးဖွားခဲ့တဲ့ ရွာငယ်ဇနပုဒ်လေးကို စိတ်ဝင်စားတယ်။ ဦးဘိုးလှိုင်ရဲ့ ဇာတိက စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ရွာပုလဲဆိုတာကလွဲလို့ ဘယ်နားမှာရှိမှန်း ကျွန်တော်မသိဘူး။ ပါးစပ်ပါ ရွာရောက်မှာပဲ ဆိုတဲ့ထုံး နှလုံးမူပြီး အောက်တိုဘာလကုန်ပိုင်းမှာ မြောင်မြို့နယ်ဘက်ကို ခရီးထွက်ခဲ့တယ်။

ယောမင်းကြီး ဦးဘိုးလှိုင်ရဲ့ ဇာတိက စစ်ကိုင်းတိုင်း မြောင်မြို့နယ်၊ ရွာပုလဲဇာတိ။ မြောင်မြို့နယ်က မန္တလေး-မုံရွာ ကားလမ်းနံဘေး၊ မြင်းမူနဲ့ မုံရွာကြားက အညာမြို့လေးတစ်မြို့။ မြင်းမူမြို့ အလွန် အလ္လကပ္ပရွာကနေ အနောက်စူးစူးကို ဝင်ရတဲ့ မြို့ ဖြစ်တယ်။  အလ္လကပ္ပရွာက မန္တလေးမြို့ရဲ့ အနောက်မြောက်ယွန်းယွန်း မိုင် ၅၀ အကွာမှာ ရှိတယ်။ မြောင်မြို့က ကားလမ်းနံဘေးကနေ အတွင်းထဲကိုဝင်ရတဲ့ အညာမြို့ ဖြစ်ပြီး အေးချမ်းတိတ်ဆိတ်တယ်။ မြောင်မြို့က ဗိုလ်ချုပ်ကြေးရုပ်၊ မီးသတ်တပ်ဖွဲ့စခန်း၊ မြောင်သီရိ အားကစားကွင်း၊ မြို့နယ်တရားရုံး၊ ကြေးတိုင်နဲ့ မြေစာရင်းရုံး၊ အထက၊ ဆေးရုံစတဲ့ မြို့အင်္ဂါရပ်တွေနဲ့ ပြည့်စုံတဲ့ အညာမြို့လေး ဖြစ်ပေမယ့် ၂၁ ရာစု ရောက်သည့်တိုင် ကျေးလက် ရနံ့တွေ ထုံမွှမ်းနေဆဲ ဖြစ်တယ်။ မြို့လယ်လမ်းမတစ်လျှောက်မှာ သုတ်ထားတာ မကြာသေးတဲ့ ဖြူနီကြား ပလက်ဖောင်းတွေလည်း ရှိတယ်။

ယောမင်းကြီးဦးဘိုးလှိုင်ရဲ့ ရွာပုလဲရွာက မြင်းမူ-ပရိမ္မ (ကျန်စစ်သားဇာတိ) သွားတဲ့ ကားလမ်းနံဘေးက ကျောက်ရစ်ရွာကနေ တောင်စူးစူးကို ၁၀ မိုင်လောက် သွားရမှာပါ။ ကျောက်ရစ်ရွာက ရွာကြီးတစ်ရွာ ဖြစ်ပြီး အထက်တန်းကျောင်း၊ ကျေးလက်ကျန်းမာရေးဌာန၊ ရဲကင်းစခန်း၊ ဆံပင်ညှပ်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ဓာတ်ဆီဆိုင်၊ ကွမ်းယာဆိုင်၊ ထမင်းဆိုင်၊ အားကစား ကွင်းတွေနဲ့မို့ မြောင်မြို့နယ်ထဲက ရွာတွေထဲမှာ အတော်အတန် ဖွံ့ဖြိုးတဲ့ရွာလို့ ဆိုနိုင်တယ်။

မန္တလေးကနေ မြောင်မြို့နယ် ကျောက်ရစ်ရွာအထိသွားတဲ့ လမ်းက ကတ္တရာလမ်း ဖြစ်တယ်။ ကျောက်ရစ်ရွာရောက်ရင် ယောမင်းကြီး ဦးဘိုးလှိုင်ရဲ့ ဇာတိ ရွာပုလဲကို သွားဖို့ ဘုရားရှေ့က လမ်းအတိုင်း တောင်စူးစူးကို သွားရမှာ ဖြစ်ပါတယ်။ ရွာပုလဲလို့ သတ်မှတ်ထားပေမယ့် ဒေသခံတွေကတော့ ရပလဲ လို့သာ အသံ ထွက်ကြတယ်။ ရွာပုလဲကို သွားတဲ့ လမ်းတစ်လျှောက်မှာ ဘူးကိုင်း၊ ခေါင်းကွဲ၊ ပေါက်ချောင်း (သင်္ဂဇာဆရာတော်ဘုရားကြီး ဇာတိ) စတဲ့ အညာရွာတွေကို ဖြတ်ကြရတယ်။ တစ်ရွာနဲ့ တစ်ရွာ ကြားမှာ လယ်ကွင်းတွေ၊ ယာကွင်းတွေက စိမ်းစိုနေတယ်။

ရွာပုလဲရွာထိပ်မှာ ရွာဆိုင်းဘုတ်ကို ထည်ထည်ဝါဝါ ခံ့ခံ့ညားညား စိုက်ထူထားတယ်။ ရွာပုလဲရွာထဲကို မဝင်မီမှာ ရွာဦးထိပ်မှာ ရွှေရောင်ဝင်းဝင်းနဲ့ စေတီကို အဝေးက ဖူးမြော်နိုင်တယ်။ ရွာထဲက ဓာတ်တိုင်တွေမှာလည်း လျှပ်စစ်ကြိုးတွေ သွယ်တန်းထားတယ်။ ရွာလယ်လမ်းအတိုင်း ဝင်လာခဲ့ရင် ကွမ်းယာဆိုင်၊ ကုန်စုံဆိုင်တွေကို ရွာလယ်လမ်းတစ်လျှောက် မြင်တွေ့ရမှာ ဖြစ်တယ်။ ရွာပုလဲဂျန်းရှင်းမှာ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ရှိပြီး ဆိုင်နာမည်ကို မြစံပယ်လို့ အမည်ပေးထားတယ်။

Photo – Than Naing Oo   ရွာပုလဲအဝင်

လက်ဖက်ရည်ဆိုင်က ရွာလယ်မှာ ရှိတာမို့ ရွာရဲ့ အင်ဖော်မေးရှင်းစင်တာလို့ ဆိုနိုင်တယ်။ လက်ဖက်ရည်ဆိုင်ဝန်းကျင်မှာပဲ ကျူရှင်၊ ကိုယ်ပိုင်ကျောင်း၊ ကုန်စုံဆိုင်၊ ဆုထူးပန်ဓမ္မာရုံ၊ ထရန်စဖော်မာ၊ နိုင်ငံရေးပါတီ ဆိုင်းဘုတ်ချိတ်ထားတဲ့ အိမ်တွေ တွေ့ရတယ်။ ဆုထူးပန်ဓမ္မာရုံနဲ့ ကပ်လျက်မှာ ဉာဏ်တော် ၁၈ ပေ ဝန်းကျင်မြင့်တဲ့ ရွှေစေတီတစ်ဆူကို တည်ထားပါတယ်။ မြစံပယ်လက်ဖက်ရည်ဆိုင်က အညာရွာတွေမှာ တွေ့ရလေ့ရှိတဲ့ လက်ဖက်ရည်ဆိုင်ဒီဇိုင်းပါပဲ။ ကျွန်တော် ရွာပုလဲရောက်ချိန်မှာ မွန်းလွဲ ၂ နာရီ ဝန်းကျင်ရှိပြီ။ ကျွန်တော်ကိုယ်တိုင် လက်ဖက်ရည်သောက်ချင်စိတ် ဖြစ်ပေါ်လာတာရော၊ ရွာရဲ့ သတင်းပလင်း သိချင်တာရောကြောင့် လက်ဖက်ရည် ဝင်သောက်ဖြစ်တယ်။ အညာရွာလေးက လက်ဖက်ရည်က သောက်လို့ကောင်းတယ်။ ရွာပုလဲရွာလယ်က မြစံပယ်လက်ဖက်ရည်ဆိုင်ထဲမှာ ကျွန်တော်အပါအဝင် လက်ဖက်ရည်ဆိုင်ထိုင်သူ ၁၈ ယောက်တိတိ ရှိနေတယ်။ လက်ဖက်ရည်ဆိုင်နဲ့ တွဲလျက်မှာ ကွမ်းယာဆိုင်လည်း ဖွင့်ထားပါသေးတယ်။ ကျွန်တော်နဲ့ အခြားရွာသားတစ်ယောက်ကလွဲလို့ ယောကျာ်းသား ၁၆ ယောက်စလုံးက စကိုင်းနက်က လွှင့်တဲ့ မြန်မာဗီဒီယိုကားကို စိတ်ဝင်တစား ကြည့်နေကြတယ်။ တီဗီ မကြည့်တဲ့ အခြားရွာသားက လက်ကိုင်ဖုန်းကို အားသွင်းကြိုးနဲ့ ပလပ်ပေါက်မှာ အားသွင်းထားရင်း ဖုန်းကို သဲကြီးမဲကြီး ပွတ်နေတယ်။ လက်ဖက်ရည်ဆိုင်ထဲမှာ ရှိနေကြသူအားလုံးဟာ အလုပ်လုပ်နိုင်တဲ့အရွယ် Working Age တွေချည်းပါပဲ။ တောင်သူလုပ်ငန်းခွင် နားထားချိန်မို့လား၊ ထန်းတက်ပြီးလို့ အမောဖြေနေ ကြတာလား၊ တောလုပ်ငန်းသိမ်းချိန်မို့လား။ လက်ဖက်ရည်ဖိုး ရှင်းချိန်မှာ လက်ဖက်ရည်တန်ဖိုးက ကျွန်တော့ကို အံ့အားသင့် စေတယ်။ အညာဒေသက တောလက်ဖက်ရည်ဆိုင်လေးမှာ ဇွန်းတပ်ထားတဲ့ ရှယ်လက်ဖက်ရည်တစ်ခွက် ကျပ် ၂၀ဝ။

လက်ဖက်ရည်ဆိုင်က ထွက်ပြီး ရွာထဲကို လှည့်ပတ်ကြည့်ရှု ဖြစ်တယ်။ ရွာလယ်လမ်းအတိုင်း တောင်ဘက်ကို ဆက်လိုက်ရင်  ရွာပုလဲအထကကျောင်းကို ဒုတ်ဒုတ်ထိ ရောက်မှာ ဖြစ်တယ်။ ကျယ်ဝန်းလှတဲ့ ကျောင်းဝင်းကြီးထဲမှာ တစ်ထပ်အုပ်တိုက် ကျောင်းဆောင်တွေကို အစီအရီ ဆောက်လုပ်ထားတယ်။ ရွာပုလဲအထကရှေ့အရောက်မှာ ရွာလယ်လမ်းက တံတောင်ဆစ်ချိုး ညာဘက်ကို ကွေ့သွားတယ်။ ရွာလယ်လမ်းအတိုင်း ဆက်လိုက်သွားရင် ကျောင်းရဲ့ အနောက်တောင်ထောင့်မှာ ကျေးလက်ကျန်းမာရေးဌာန အဆောက်အအုံကို မြင်တွေ့ရမှာ ဖြစ်တယ်။ ရွာပုလဲကျေးလက်ကျန်းမာရေးဌာနက အာရ်စီတစ်ထပ် အဆောက်အအုံဖြစ်ပြီး သပ်သပ်ရပ်ရပ်ရှိတယ်။ ကျေးလက် ကျန်းမာရေးဌာနက ရွာတောင်ဖျားမှာ ရှိပြီး အနည်းငယ်ဆက်သွားရင် ရွာစည်းရိုးစပ်ကို ရောက်ပါပြီ။

စစ်ကိုင်းတိုင်း မြောင်မြို့နယ်ထဲက ယောမင်းကြီးဇာတိ ရွာပုလဲက မန္တလေးမြို့ရဲ့ အနောက်မြောက်ယွန်းယွန်း မိုင် ၈၀ ဝန်းကျင်အကွာမှာ ရှိတယ်။ မြစ်ရေဝင်တဲ့ အရပ်ဒေသဖြစ်ပြီး လယ်ယာကိုင်းကျွန်းလုပ်ကိုင်ကြသူတွေ နေထိုင်ကြတယ်။ တောင်သူယာလုပ်သူတွေအပြင် ရေလုပ်ငန်းနဲ့ အသက်မွေးသူတွေလည်း ရှိတယ်။ လူလတ်ပိုင်းအရွယ် ကိုဝင်းစိုးက ရေလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုတဲ့ ရွာပုလဲရွာသား ဖြစ်တယ်။ ကျွန်တော်နဲ့ တွေ့ချိန်မှာ ကိုဝင်းစိုးက ရွာလယ်လမ်းအတိုင်း ပိုက်တွေထမ်းပြီး လမ်းလျှောက်လာတယ်။ သူ့လှေဆိုက်ခဲ့တဲ့ ပေါက်ချောင်းရွာကို သွားဖို့ ရွာထဲက ထွက်လာခဲ့တာပါ။ ကျွန်တော့ ဆိုင်ကယ်နဲ့ လိုက်ခဲ့ဖို့ ကိုဝင်းစိုးကို ဖိတ်ခေါ်လိုက်တယ်။ ငါးဖမ်းပိုက်တွေ တပွေ့တပိုက်ကြီးနဲ့ ကျွန်တော့ဆိုင်ကယ်ပေါ် စွေ့ခနဲ တက်ထိုင်လိုက်တယ်။ ရွာပုလဲနဲ့ ပေါက်ချောင်းရွာသွား လမ်းတစ်လျှောက်မှာ ရွာပုလဲနဲ့ ပတ်သက်သမျှ ကျွန်တော် သိလိုတာတွေကို မေးခွန်းထုတ်လာခဲ့တယ်။ ကိုဝင်းစိုးကလည်း စိတ်လို လက်ရ ဖြေပေးတယ်။

“ကိုဝင်းစိုး၊ ခင်ဗျားတို့ရွာ အိမ်ခြေ များသားဗျ”

“သမခေတ်ကတည်းက သမဘုတ်အုပ် ၄၅၀ လောက် ရှိတာပဲဗျာ”

“ရွာမှာ အထကကျောင်းတွေ ဘာတွေနဲ့ပါလားဗျ”

“ကောင်စီခေတ်ကတည်းက အထက ဖြစ်နေပြီ။ နှစ် ၃၀ ကျော်တော့ ရှိရောပေါ့”

“မြေပဲခင်းတွေကတော့ စိမ်းစိုနေတာပဲနော်”

“တစ်ကိုယ်စွတ် နှစ်ကိုယ်စွတ်လောက် ရွာမှပါဗျာ။ မနှစ်က မိုးသီးနှံလည်း မရ၊ ဆောင်းသီးနှံလည်း မရတော့ တောင်သူတွေ ဝပ်ဆင်းသွားတာပဲ”

“ခင်ဗျားတို့ဒေသက မြစ်ရေဝင်လားဗျ”

“မြစ်မ (ဧရာဝတီမြစ်) ရေတက်တဲ့နှစ်တွေဆို အခု ကျွန်တော်တို့ စီးလာတဲ့ တာလမ်း ရေမြုပ်တာပဲ”

“ကလေးတွေကရော ဘာလုပ်ကြသလဲဗျ”

“သမီးလေးက မြေပဲခင်း ပေါင်းရှင်းလိုက်သွားတယ်”

“ကိုဝင်းစိုးရဲ့  ရေလုပ်ငန်းကရော ဝင်ငွေမဆိုးဘူး မဟုတ်လား”

“လေးငါးခြောက်ထောင်တော့ ဝင်တာပါပဲ”

Photo – Than Naing Oo  ရွာပုလဲလယ်က ယောမင်းကြီးယာဉ်လိုင်း ပြေးဆွဲရာ ကားဂိတ်

ကိုဝင်းစိုးစကားတွေထဲမှာ သူ့ဘဝဖြတ်သန်းမှုကလာတဲ့ ဒေသိယစကားတွေ ဖောဖောသီသီ သုံးနေတာ ကျွန်တော် သတိထားမိတယ်။ နောက်တစ်ခါ ရွာဘက်ရောက်ခဲ့ရင် သူ့အိမ် အလည်လာဖို့ ကျွန်တော့ကို ဖိတ်ခေါ်တယ်။ ကျွန်တော်ကလည်း နောက်တစ်ခါ လာဖြစ်ရင် သေချာပေါက် လာမှာဖြစ်ကြောင်း ပြောမိတယ်။

ကျွန်တော် ရွာပုလဲရောက်ချိန်က သီတင်းကျွတ်လပြည့်ကျော်မို့ တောင်သူတွေ ထွန်တုံးပိတ်ချိန်။ ဝီရိယကောင်းတဲ့ တောင်သူအချို့က လက်တွန်းထွန်စက်တွေနဲ့ ထယ်ရေးလိုက်နေ ကြတယ်။ ရွာပုလဲက မြစ်ရေဝင်တဲ့ဒေသမို့ ရေခံမြေခံကောင်းတယ်လို့ ဆိုနိုင်တယ်။ နွားစာလည်း ဖောဖောသီသီ ရှိပုံရတယ်။ ရွာပုလဲက နွားကြီးတွေဟာ ဝဖီးပြီး လှပကြော့ရှင်းနေတယ်။ မြေပဲ၊ နှမ်း၊ မတ်ပဲ၊ ပဲပုတ်တွေ စိုက်ပျိုးကြတယ်။

Photo – Than Naing Oo  ရွာလယ်က လက်ဖက်ရည်ဆိုင်မှာ ရွာပုလဲသားတွေ နေ့ခင်း အပန်းဖြေ အနားယူကြတယ်

ရွာပုလဲက လူဦးရေနှစ်ထောင်နီးပါးရှိတဲ့ ရွာကြီး။ ကျေးရွာ အတွင်းက လမ်းတွေကိုလည်း ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ထားတယ်။ မြောင်မြို့နယ်အတွင်းက အတွင်းကျကျ ရွာလေးဖြစ်ပေမယ့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လူထုဗဟိုပြုစီမံကိန်းရဲ့ အသီးအပွင့်တွေ ခံစားနေရတဲ့ ရွာလေး ဖြစ်ပါတယ်။ ဝ.၄ KVA လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းခြင်းလုပ်ငန်းကို ၂၀၁၈ မတ် ၅ ရက်မှာ လုပ်ငန်းစတင်နိုင်ခဲ့ပြီး ၂၀၁၈ ဇူလိုင် ၆ ရက်မှာ လုပ်ငန်းပြီးစီးခဲ့ပါတယ်။ ဓာတ်အားလိုင်း တိုးချဲ့ သွယ်တန်းခြင်းလုပ်ငန်းကို ၂၀၁၈ အောက်တိုဘာ ၁၉ ရက်မှာ စတင်နိုင်ခဲ့ပြီး ၂၀၁၈ ဒီဇင်ဘာ ၁၁ ရက်မှာ လုပ်ငန်းပြီးစီးကြောင်း ရွာလယ်လမ်းမမှာ ဆိုင်းဘုတ်စိုက်ထူထားပါတယ်။ အလားတူ ရွာတွင်းလမ်းဆုံတွေမှာ ကျောက်စီရေမြောင်း အဆင့်မြှင့်တင် ခြင်းတွေကိုလည်း လူထုဗဟိုပြု စီမံကိန်းထောက်ပံ့မှုနဲ့ ပြုလုပ်ထားတာ တွေ့ရပါတယ်။

ယောမင်းကြီးဦးဘိုးလှိုင် မွေးဖွားခဲ့တဲ့ မြောင်မြို့နယ် ရွာပုလဲမှာ ယောမင်းကြီးနဲ့ ပတ်သက်တဲ့ အထိမ်းအမှတ်တစ်ခုခု ရှိနိုင်မလား ရွာထဲမှာ ကျွန်တော် ရှာဖွေကြည့်မိတယ်။ ယောမင်းကြီးအမည်နဲ့ အမြန်ယာဉ်ငယ်လိုင်းတစ်ခု ရှိပြီး ယောမင်းကြီး စာကြည့်တိုက်လည်း ရွာပုလဲမှာ ဖွင့်လှစ်ထားတယ်။ တကယ်တော့ မြောင်မြို့နယ်ထဲက ရွာအများစုမှာ ရတနာနာမည်နဲ့ စာကြည့်တိုက်တွေ အမှတ်စဉ်တပ်ပြီး မှတ်ထားပေမယ့် ရွာပုလဲမှာတော့ ယောမင်းကြီးအမည်နဲ့သာ စာကြည့်တိုက် ဖွင့်လှစ်ထားပါတယ်။ အချိန်မရလို့ စာကြည့်တိုက်ဘက် မရောက်ခဲ့တာကြောင့် စာကြည့်တိုက်ကို ဘယ်လိုဆောက်ထားမှန်း မသိခဲ့ရဘူး။ ကျေးလက်ကျန်းမာရေးဌာနအနီးမှာ လယ်ဆည်ဝန်ကြီးဌာနရဲ့ နည်းပညာပြန့်ပွားရေးစင်တာရှိပြီး မြေစိုက်အဆောက်အအုံ ဖြစ်တယ်။ နည်းပညာပြန့်ပွားရေးစင်တာက ကျေးလက်က တောင်သူတွေအတွက် လယ်ယာစိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ အသိပညာ၊ အတတ်ပညာတွေ ဖြန့်ဝေဖို့ ရည်ရွယ်ခဲ့ပုံပါပဲ။ ဒါပေမဲ့ နည်းပညာ ပြန့်ပွားရေးစင်တာ အဆောက်အအုံသည်ပင် လေပြည်ထဲတွင် ငယ်ရုပ်မဆင်နိုင်တော့ဘဲ ရာသီဥတုနဲ့ အချိန်ကာလရဲ့ တိုက်စားမှုဒဏ်ခံနေရပြီ။

ကမ္ဘာပြားပြီလို့ တွင်တွင်အော်နေကြတဲ့ ခေတ်မှာ ယောမင်းကြီးရဲ့ ဇာတိ ရွာပုလဲ ဘယ်လိုအခြေအနေ ရှိနေပြီလဲ။ ရွာထိပ်က ကုန်စုံဆိုင်မှာ ထိုင်နေကြတဲ့ အမျိုးသမီးကြီးနှစ်ယောက် အညာနေကို အန်တုဖို့ ဝါးခမောက်ဆောင်းပြီး ထွက်လာကြတယ်။ သူတို့နှစ်ယောက်စလုံး ရှပ်အင်္ကျီလက်ရှည်တွေကို အပေါ် က ထပ်ပြီး ဝတ်ဆင်ထားကြပြီး ပါးပြင်မှာ သနပ်ခါးထူထူ လိမ်းထားကြတယ်။ ကျွန်တော် သူတို့ကို အမိအရ မေးခွန်းထုတ်မိတယ်။

“ဘယ်သွားကြမလို့လဲဗျ”

“မြေပဲခင်း ပေါင်းသွားရှင်းကြမလို့”

“ဒီနှစ် တောလုပ်ငန်းအခြေအနေ ဘယ်လိုရှိသလဲဗျ”

“ဟိုရက်ပိုင်းကတော့ မိုးရွာတယ်။ တစ်မိုးလောက်တော့ လိုဦးမယ်”

“ကျွန်တော်က အညာရွာတွေ မကြာခဏ ရောက်တယ်။ တချို့ ရွာတွေမှာ အရွယ်ကောင်းလူငယ်တွေ ပြည်ပထွက် အလုပ်လုပ်ကြတယ်။ ရွာပုလဲက လူငယ်တွေရော ပြည်ပထွက် အလုပ်လုပ်ကြသေးလား”

“ဒီရွာက ပြည်ပထွက် အလုပ်လုပ်တာ နည်းတယ်။ ဂျပန်မှာ နှစ်ယောက်နဲ့ ကိုရီးယားမှာ လေးယောက်လောက် အလုပ်လုပ်ကြတာတော့ ရှိတယ်”

Photo – Than Naing Oo  

ရွာပုလဲက အညာရွာဆိုပေမယ့် စည်စည်ကားကား သိုက် သိုက်ဝန်းဝန်းရှိတဲ့ရွာ ဖြစ်တယ်။ ရွာထဲမှာ ကုန်စုံဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ကွမ်းယာဆိုင်တွေရှိတဲ့အပြင် ကွန်ပျူတာစာစီစာရိုက်လုပ်ငန်း၊ ဖိတ်စာ၊ ယပ်တောင် စတဲ့ လုပ်ငန်းလုပ်ကိုင်သူပါရှိတယ်။ သာသနိက အဆောက်အအုံတွေလည်း ရွာထဲမှာ များပါတယ်။ အိမ်အချို့က သွပ်မိုးပြောင်ပြောင် မိုးထားတဲ့အပြင် နေအိမ်အများစုမှာ ရေလောင်းအိမ်သာ ဆောက်လုပ်ထားတယ်။

ကျွန်တော် ရွာပုလဲက ပြန်ထွက်တော့ ညနေစောင်းပြီ။ လယ်ယာလုပ်ငန်းခွင်ဝင်နေကြသူအချို့ ရေတင်နေတဲ့သူက တင်နေဆဲ။ နွားကျောင်းသားအချို့ နွားကျောင်းပြန်လာကြပြီ။ ရွာပုလဲက ကမ္ဘာ့ရွာထဲ အမီလိုက်နေပေမယ့် အေးအေးသက်သာပဲ လိုက်နေပုံရတယ်။ သူတို့ကြည့်ရတာ အေးအေးဆေးဆေးပဲ။ ဘဝ နေနည်းထိုင်နည်းအတွက် ရွာပုလဲသားတွေဆီက ကျွန်တော် သင်ယူရဦးမယ်။ နောင်လေးငါးဆယ်နှစ်အတွင်း ယောမင်းကြီး ဦးဘိုးလှိုင်လို ခေတ်အမြော်အမြင်ရှိတဲ့ မြန်မာပညာရှိ ရွာပုလဲက မထွက်ဘူး ဘယ်သူပြောနိုင်မှာလဲ။


#remembrance


အမျိုးအစား - အက်ဆေး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."