အောင်ထူးနိုင်
ရန်ကုန်၊ ၂၀၂၀ ဇွန် ၂၃
ယခုနှစ်အတွင်း လူကုန်ကူးမှုဖြစ်ပွားနှုန်းမှာ ယခင်နှစ်ထက် ထက်ဝက်ကျော် လျှော့ကျခဲ့သည်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ မေလအထိ ငါးလတာကာလနှင့် ၂၀၂၀ ဇန်နဝါရီလမှ မေလအထိ ငါးလတာကာလအား မော်ကွန်းက နှိုင်းယှဉ်ကြည့်ရာတွင် လျော့ကျနေသည်ကို တွေ့ရခြင်းဖြစ်သည်။
၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ မေလအထိ လူကုန်ကူးမှု ၁၀၄ မှု ရှိပြီး လူကုန်ကူးခံရသူ ၁၄၁ ဦးနှင့် လူကုန်ကူးသူ ၃၀၅ ဦးဖြစ်သည်။
၂၀၂၀ ခုနှစ် ဇန်နဝါရီလမှ မေလအထိ လူကုန်ကူးမှု ၄၃ မှု ရှိပြီး လူကုန်ကူးခံရသူ ၇၇ ဦးနှင့် လူကုန်ကူးသူ ၁၁၁ ဦး ဖြစ်သည်။
ယမန်နေ့က နေပြည်တော်တွင်ပြုလုပ်သည့် ပြည်သူ့အတွက် စတုတ္ထတစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်ထဲရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးခိုင်ထွန်းဦးက လူကုန်ကူးမှု ၁၉၁၊ လူကုန်ကူးခံရသူ ၂၄၇ ဦးနှင့် လူကုန်ကူးသူ ၅၇၀ ဦးကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်ဟု ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးလူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီးခင်မောင်ကြွယ်က လူကုန်ကူးမှု “အဓိကသွားတာကလည်း တရုတ်ပြည်ဖြစ်နေတယ်၊ တရုတ်မှာကလည်း လောလောဆယ် Corona Virus ကိစ္စနဲ့ ဖြစ်နေတယ်၊ အသွားအလာတွေ မဖြစ်ဘူး၊ ပွဲစားတွေ သွားလို့မရဘူးဆိုတဲ့အခါကြတော့ ဒီဟာကြောင့်လည်း ဖြစ်တာရှိမယ်” ဟု ပြောသည်။
တစ်နိုင်ငံလုံးတွင် နှစ်စဉ် လူကုန်ကူးမှု ၂၀၀ ကျော်ရှိပြီး ၎င်းတို့ထဲမှ ၇၀ ရာခိုင်နှုန်းကျော်မှာ တရုတ်ပြည်သို့ ကူးခံရခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
၂၀၁၉ ဇန်နဝါရီမှ ဒီဇင်ဘာအထိ လူကုန်ကူးမှု ၂၂၅ မှု တရားစွဲဆိုနိုင်ခဲ့သည်ဟု ၂၀၁၉ တရားရုံ းနှစ်စဉ်အစီရင်ခံစာတွင် ဖော်ပြထားသည်။
ယင်းအစီရင်ခံစာတွင် ရှမ်းပြည်နယ်သည် လူကုန်ကူးမှု ၆၄ မှုဖြင့် ပထမအများဆုံးဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးသည် ၆၂ မှုဖြင့် ဒုတိယအများဆုံးဖြစ်သည်ဟု ဖော်ပြထားသည်။
#Dailynews