သပိတ်ကျင်း – ၂၀၂၃ ဩဂုတ် ၁၃ (မော်ကွန်း)
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်က စစ်ရှောင် ၁၀၀ ကျော်ဟာ ရာသီတုပ်ကွေးခံစားနေရပြီး ဆေးဝါးတွေလိုအပ်နေတယ်လို့ သပိတ်ကျင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
သပိတ်ကျင်းမြို့နယ်မှာ စစ်ရှောင်တစ်သောင်းကျော်ရှိနေပြီး စစ်ရှောင်တွေထဲက အသက် ၅၀ ကျော်၊ အသက် ၂၀ အောက်နဲ့ ၁၀နှစ်အောက် ကလေးတွေ တုပ်ကွေးခံစားနေရတာလို့ သပိတ်ကျင်း မြို့နယ် ပ.က.ဖ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
“အခုဖြစ်နေတာတော့ရာသီတုပ်ကွေးပါ၊ မိုးကအဆက်မပြတ်ရွာနေတော့ မိုးရွာထဲပြေးရတာဆိုတော့ဖြစ်ကြတာ၊ ဆေးဝါးမပြည့်စုံတာ၊ မိုးကတော့ရွာလိုက်တိတ်လိုက်ပဲ”လို့ သပိတ်ကျင်း ပ.က.ဖ တာဝန်ရှိသူကပြောပါတယ်။
စစ်ရှောင်တွေဟာ စစ်ရှောင်စခန်းတွေမှာမဟုတ်ဘဲ နီးစပ်ရာ ဆွေမျိုးသားချင်းတွေဆီမှာသွားရောက်တိမ်းရှောင်နေရတာကြောင့် ဆေးတပ်သားတွေကနေရာထိသွားရောက်ကုသမှုပေးနေတယ်လို့ ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ သပိတ်ကျင်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာတာကြောင့် မင်းကုန်း၊ ဆယ်ဇင်းကုန်း၊ လက်ပန်ကုန်း၊ ပေါ်တော်မှု၊ မတောင်၊ ကျောက်အိုက်၊ ချိုချင်မြိုင်၊ ဒေါမကြီး၊ ပိန်းအိုင်၊ ဝါးပိုးရုံစတဲ့ ကျေးရွာက စစ်ရှောင်တစ်သောင်းကျော်တိမ်းရှောင်နေရပါတယ်။
” မိုးရေထဲလှည်းတွေ ဘာတွေနဲ့ပြေးကြရတာ၊ တချို့လည်းကလေးလက်ဆွဲ ပြီးပြေးရတော့ ဘာမှမပါဘူး၊ မိုးရွာလည်းမိုးကာမပါဘဲ မိုးရေထဲအိပ်ရတော့ဖျားကြတာ၊ ဖျားတဲ့သူတော့များတယ် ၊မိုးကာမျှပေးဖို့လည်းမလောက်ဘူးလေ”လို့ ဆယ်ဇင်းကုန်းရွာကစစ်ရှောင်ဒေသခံတစ်ဦးကပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အခုနှစ် ဇူလိုင် ၂၉ရက်က သပိတ်ကျင်းမြို့နယ်ထဲ စစ်ကြောင်းထိုးလာပြီး မင်းကုန်း၊ ဆယ်ဇင်းကုန်း၊ လက်ပန်ကုန်း၊ ကျောက်အိုက်၊ ဝါးပိုးရုံရွာတွေကိုမီးရှို့ခဲ့ပါတယ်။
သပိတ်ကျင်းမြို့နယ်ထဲက စစ်ရှောင်တချို့ မနေ့ညကရွာတွေမှာပြန်အိပ်ကြပေမယ့် ဒီနေ့မနက်မှာ စစ်ကြောင်းထပ်ဝင်လာတာကြောင့် ထပ်မံစစ်ရှောင်နေရပါတယ်။
သပိတ်ကျင်းစစ်ရှောင်တွေအတွက် ဆေးဝါးတွေလိုအပ်နေပြီး ဆေးတပ်ဖွဲ့တွေမှာလည်း ဖျားနာသူများတဲ့အတွက်ဆေးမလုံလောက်ဘဲ လိုအပ်မှုတွေရှိနေတယ်လို့ သပိတ်ကျင်း ပ.က.ဖ ဆီက သိရပါတယ်။
ပုံစာ – သပိတ်ကျင်းနယ်က စစ်ရှောင်နေရပုံမြင်ကွင်း
ဓါတ်ပုံ – သပိတ်ကျင်း ပ.က.ဖ
#Dailynews

