မှုခင်းမျိုးစုံနဲ့ မလုံခြုံတော့တဲ့ မြို့ရန်ကုန်

မှုခင်းမျိုးစုံနဲ့ မလုံခြုံတော့တဲ့ မြို့ရန်ကုန်

ရန်ကုန် – ဩဂုတ် ၂၀၂၂ (မော်ကွန်း) 

ညရှစ်နာရီကျော်တဲ့အထိ သားငယ်ဖြစ်သူ အာကာမိုးကိုကို အိမ်ပြန်မရောက်သေးတဲ့အပြင် ဖုန်းအဆက်အသွယ်ပါမရလို့ ဒေါ်မို့မို့သင်းဟာ သားဖြစ်သူအတွက် မိုးချုပ်လေ သောကများလေဖြစ်နေပါတယ်။

ညကိုးနာရီဝန်းကျင်မှာတော့ သားကြီးဖြစ်သူကိုခေါ်ပြီး ကားတစ်စီးနဲ့ သားငယ်ရှိနိုင်မယ့်နေရာတွေကို လှည့်ပတ်ရှာဖွေခဲ့ပေမယ့် အရိပ်ယောင်တောင် မတွေ့ရပါဘူး။ ညနက်လာတဲ့အပြင် ကာဖျူးအမိန့်ရှိတာကြောင့် ည၁၂ ဝန်းကျင်အထိပဲ ရှာခဲ့ပြီး အိမ်ပြန်လာရပါတယ်။

သားဇောကြောင့် မနက်၅နာရီဝန်းကျင်မှာ ဒေါ်မို့မို့သင်းတစ်ယောက်တည်း မြို့အနှံ့ နောက်တစ်ခေါက် ထပ်ရှာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သားဖြစ်သူရဲ့ဖုန်းကိုဆက်သွယ်ရခဲ့ပါတယ်။ ဒါပေမယ့် ဖုန်းလက်ခံဖြေကြားပေးသူကတော့ သူ့သားငယ်မဟုတ်ပါဘူး။

“ဖုန်းကိုင်တော့ ကိုယ့်သားလေးထင်ပြီး အန်တီကဝမ်းသာပြီး သားလေးလား၊ အာကာလားမေးတာ။ လှိုင်သာယာ သောင်ကြီးရဲစခန်းက စခန်းမှူးပါတဲ့။ သားလေးဘာဖြစ်လို့လဲဆိုတော့ လှိုင်သာယာပြည်သူ့ဆေးရုံကြီးကို အခုလာခဲ့ပါတဲ့။ အခုကစိတ်ပူသွားပြီလေ။ ရန်ဖြစ်လို့ပဲလား၊ သူများရိုက်လို့လားပေါ့”လို့ ဒေါ်မို့မို့သင်းက အဲ့ဒီနေ့က အဖြစ်အပျက်ကိုပြန်ပြောပြပါတယ်။

ဆေးရုံရောက်သွားချိန်မှာတော့ သားဖြစ်သူရဲ့ မျက်နှာနဲ့နှုတ်ခမ်းမှာ အညိုမည်းစွဲဖူးယောင်နေပြီး နှာခေါင်းမှာလည်း သွေးစတချို့ရှိနေတဲ့အပြင် ဦးခေါင်းနောက်စေ့မှာ ကန့်လန့်ဖြတ်ရိုက်ခံထားရတဲ့ဒဏ်ရာနဲ့ အသက်မဲ့နေတဲ့ ခန္ဓာကိုယ်ကိုသာ မြင်လိုက်ရပါတယ်။

အသက်၂၃ နှစ်အရွယ် ကိုအာကာမိုးကိုကိုဟာ တောင်ဥက္ကလာပမြို့နယ်မှာရှိတဲ့ မာကျူရီအွန်လိုင်းရှော့ပင်းမောလ်က ဝန်ထမ်းတစ်ဦးဖြစ်ပြီး ဇူလိုင် ၆ ရက်ညနေပိုင်းရုံးဆင်းချိန် လုပ်ဖော်ကိုင်ဖက်တွေကို ဖယ်ရီကားကိုယ်တိုင်မောင်းပို့ပြီး အိမ်အပြန်မှာ လုယက်သတ်ဖြတ်ခံခဲ့ရတာပါ။

သူ့အလောင်းကို လှိုင်သာယာမြို့နယ် ကားလမ်းမဘေးတစ်နေရာမှာ မနက်အစောပိုင်း လမ်းသွားလမ်းလာတွေကမြင်တွေ့ခဲ့ကြတာပါ။ အသက်သေဆုံးတဲ့အထိ ထိုးကြိတ်ရိုက်နှက်ခံရပြီး အိုင်ဖုန်းတစ်လုံး၊ လပ်တော့တစ်လုံးနဲ့ ငွေကျပ်လေးသိန်းကျော်ပါသွားခဲ့တယ်လို့ ဒေါ်မို့မို့သင်းကပြောပါတယ်။

ဒီလိုအကြမ်းဖက်လုယက်မှုတွေဟာ ရန်ကုန်သာမက နိုင်ငံအနှံ့ မြို့ကြီးအများစုမှာပါ အဖြစ်များလာနေပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အလုပ်အကိုင်တွေရှားပါးကာ စီးပွားရေးတွေပိုမို ကြပ်တည်းလာကြတာကြောင့် ရန်ကုန်အပါအဝင် မြို့ကြီးအများစုက ပြည်သူတွေဟာ အကြမ်းဖက်လုယက်မှု၊ ဖောက်ထွင်းခံရမှု၊ ဓါးပြတိုက်မှု၊ ဆွဲကြိုး၊ ဖုန်း၊ ပိုက်ဆံအိတ်လုပြေးတာတွေကို မကြာခဏဆိုသလို ကြုံတွေ့လာကြရပါတယ်။

အခုလိုရာဇဝတ်မှုတွေ အဖြစ်များလာတာဟာ စစ်တပ်အာဏာသိမ်းလိုက်တာကြောင့်လို့ ဝါရင့်တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ထောက်ပြပါတယ်။

“အုပ်ချုပ်ရေးယန္တရား မြန်မာပြည်မှာပျက်ပြားသွားပြီ။ အုပ်ချုပ်ရေးယန္တရားပျက်တဲ့အခါကျတော့ စီးပွားရေးတွေကျပြီး စီးပွားပျက်တာပေါ့နော်။ စီးပွားပျက်တော့ ခိုးဆိုးနှိုက်တွေက တအားဖြစ်လာတယ်။ စားဝတ်နေရေးအရဖြစ်တယ်။ နောက်တစ်ခုက ခိုးဆိုးနှိုက်တွေကို ထောင်တွေမှာခါလိုက်တဲ့အတွက် ဒီကောင်တွေက ထောင်ဆိုတာရီစရာပဲ” လို့ ဦးကြီးမြင့်က ဆိုပါတယ်။

အမည်မဖော်လိုတဲ့ ဥပဒေပညာရှင်တစ်ဦးကလည်း အခုလိုထောက်ပြပါတယ်။ 

“ကုန်ဈေးနှုန်းကြောင့်ဖြစ်တဲ့ စားဝတ်နေရေးပြဿနာတွေ၊ လွတ်ငြိမ်းချမ်းသာတွေမှာ သာမာန်ခိုးဆိုးနှိုက်တွေကို အမှုသေးလို့သဘောထားပြီး အရေအတွက်များရင်ပြီးရော သေချာမစိစစ်ဘဲ လွှတ်တာတွေကြောင့်ဖြစ်တာပါ” 

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းထောင်အသီးသီးကနေ အကျဉ်းသားအများအပြား ပြန်လွတ်ခဲ့ပြီး လွတ်မြောက်လာသူတွေထဲက အများစုဟာ မူးယစ်ဆေးဝါးမှုနဲ့ ခိုးဆိုးလုယက် ရာဇဝတ်မှုကျုးလွန်သူတွေ ဖြစ်ပါတယ်။


လူစည်ကားတဲ့နေရာတွေမှာလည်း အတင့်ရဲကာ ရာဇဝတ်မှုတွေကို ကျူးလွန်လာကြပါတယ်
(Photo: Mawkun)

မော်ကွန်းကဇူလိုင်လ တစ်လအတွင်းမှာဖြစ်ပွားခဲ့တဲ့ ပစ္စည်းလုယက်ခံရမှု၊ လူသတ်လုယက်မှု၊ ဓားပြတိုက်မှု၊ ခိုးမှုနဲ့ နေအိမ်ဖောက်ထွင်းမှုတွေကို လက်လှမ်းမီသလောက်စုဆောင်းထားချက်တွေအရ ရန်ကုန်တစ်မြို့တည်းမှာတင် အကြမ်းဖက်လူသတ်လုယက်မှုသုံးမှု၊ ဓားနဲ့ထိုးလုယက်မှု ငါးမှု၊ ဓားပြတိုက်မှုနှစ်ခုအပါအဝင် ခိုးဆိုးလုယက်မှုပေါင်း ၁၉ မှုရှိခဲ့ပါတယ်။  

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တစ်နေ့တခြားများပြားလာတဲ့ခိုးဆိုးလုယက်မှုတွေနဲ့ ပတ်သက်ပြီး မှုခင်းအဖြစ်များတဲ့ လှိုင်သာယာ၊ အင်းစိန်၊ ရွှေပြည်သာနဲ့ တောင်ဒဂုံ စတဲ့ရဲစခန်းတွေကို ဆက်သွယ်မေးမြန်းပေမယ့် ဖြေကြားပေးခြင်းမရှိပါဘူး။

လက်ရှိအချိန်မှာ ခိုးဆိုးလုယက်သူတွေဟာ လူသူကင်းမဲ့တဲ့နေရာတွေတင် ရာဇဝတ်မှုကျူးလွန်ရုံတင်မကပဲ လူစည်ကားတဲ့နေရာတွေမှာလည်း အတင့်ရဲကာ ရာဇဝတ်မှုတွေကို ကျူးလွန်လာကြပါတယ်။

မလုံခြုံတော့တဲ့မြို့ရန်ကုန်

သင်္ဃန်းကျွန်းမြို့နယ်မှာနေတဲ့ ကိုဟိန်းထက်ဟာ ဇူလိုင် ၁၂ရက် ညနေပိုင်း ရုံးကနေအိမ်အပြန် ဈေးလမ်းအရောက် ဆိုင်ကယ်စီးလာတဲ့လူနှစ်ယောက်က ဈေးဝယ်နေတဲ့အမျိုးသမီးတစ်ဦးရဲ့ ဆွဲကြိုးကို လုပြီးထွက်ပြေးသွားပါတယ်။ ကိုဟိန်းထက်အပါအဝင် ဈေးထဲကမြင်လိုက်သူအများစု လိုက်ဖမ်းဆီးခဲ့ပေမယ့် မမီလိုက်ပါဘူး။ 

“ဖြစ်သွားတာအရမ်းမြန်တယ်။ ကိုယ့်မျက်စိရှေ့မှာတင် ဆိုင်ကယ်နဲ့လာလုတာ။ ဆွဲကြိုးနဲ့ပိုက်ဆံအိတ်ကိုလုတာ။ ဆွဲသီးတော့ပါသွားတယ်။ လူတွေဒီလောက်ရှုပ်တဲ့ဈေးမှာလာလုသွားတာ။ အခုကအပြင်သွားရင်တောင် ကိုယ့်ဖုန်းကိုယ်လက်မှာကိုင်ပြီးမပြောရဲလောက်အောင်ပဲဗျာ” လို့ ကိုဟိန်းထက်က အဲဒီနေ့ကဖြစ်စဉ်ကို ပြန်ပြောပြပါတယ်။

သင်္ဃန်းကျွန်းတစ်မြို့နယ်ထဲမှာတင် ဇူလိုင် ၂၃ ရက်က လူငယ်တစ်ဦး လမ်းလျှောက်ရင်းဖုန်းပြောနေချိန် ဓားနဲ့ထိုးခံရကာ ဖုန်းလုယက်ခံရပြီး ၃၁ ရက်မှာ အမျိုးသမီးတစ်ဦးလမ်းလျှောက်နေချိန် ဓားနဲ့ထိုးခံရပြီး ပစ္စည်းလုယက်ခံခဲ့ရပါတယ်။ သူတို့တွေရဲ့နောက်ဆက်တွဲအခြေအနေတွေကိုတော့ မသိရသေးပါဘူး။

ဒီလိုတွေဖြစ်ရတာဟာ ရဲတပ်ဖွဲ့က သူ့အလုပ်သူမလုပ်ဘဲ စစ်ကောင်စီကိုကာကွယ်ဖို့ပဲလုပ်နေရတာကြောင့် လို့ ဝါရင့်တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကဆိုပါတယ်။

“ရဲတပ်ဖွဲ့က ရဲအလုပ်တွေကို မလုပ်ရတဲ့အခါကျတော့ မြန်မာပြည်က ဘယ်လိုမှ ဥပဒေမစိုးမိုးနိုင်တော့ဘူး။ တရားဥပဒေပျက်နေပြီ။ ရဲကိုလာဘ်ထိုးလို့ရတယ်။ စစ်သားကလည်း ဘာမှမဟုတ်တော့ဘူးဆိုတာသိတယ်။ စစ်သားက သူတို့ခိုးဆိုးနှိုက်တွေကို အရေးမစိုက်ဘူး။ အဲဒါတွေကိုသူတို့လှည့်တောင်မကြည့်ဘူး။ စိတ်လည်းမဝင်စားဘူး” လို့ သူကပြောပါတယ်။

အမည်မဖော်လိုတဲ့ ဥပဒေပညာရှင်တစ်ဦးကလည်း “လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့လည်း သာမာန်လူမှုဘဝတွေမှာ ကြုံလေ့ရှိတဲ့ မှုခင်းတွေကို အရင်ကလို တင်းတင်းကြပ်ကြပ်ကိုင်တွယ်ဆောင်ရွက်ဖို့ထက် နိုင်ငံရေးကိစ္စတွေနဲ့ သက်ဆိုင်သူတွေဆီ အင်အားသုံးနေရတာကြောင့်လည်းပါတယ်” လို့ ဆိုပါတယ်။

ခိုးဆိုးလုယက်သူတွေဟာ တစ်ဦးတစ်ယောက်တည်းမဟုတ်ဘဲ အုပ်စုဖွဲ့ပြီး ရာဇဝတ်မှုတွေကျူးလွန်တာဖြစ်ပြီး ဝင်ရောက်ကူညီပေးသူတွေကို ရန်ပြုတဲ့ဖြစ်စဉ်တွေလည်း ရှိလာပါတယ်။


လူစည်ကားတဲ့နေရာတွေမှာလည်း အတင့်ရဲကာ ရာဇဝတ်မှုတွေကို ကျူးလွန်လာကြပါတယ်
(Photo: Mawkun)

ပြီးခဲ့တဲ့မေလ ၄ ရက်က ကမာရွတ်မြို့နယ် ဇေယျာသီရိလမ်းထိပ်မှာ တုတ်၊ဓားကိုင်ဆောင်ထားတဲ့ လူတစ်စုက အနှေးယာဉ်လုပ်သားတစ်ဦးကို ဝိုင်းဝန်းရိုက်နှက်ခဲ့တာကြောင့် သေဆုံးခဲ့ပါတယ်။ အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒေသခံတွေကိုမေးမြန်းကြည့်ရာမှာ မေလ ၃ ရက်က ဦးထွန်းလင်းခြံလမ်းမှာ ဖုန်းလုပြေးခဲ့သူကို အဲဒီအနှေးယာဉ်လုပ်သားက ကူညီဖမ်းဆီးပေးခဲ့တာကြောင့် နောက်တစ်ရက်မှာ တုတ်ဓားလက်နက်တွေနဲ့ အုပ်စုဖွဲ့လာရောက်ရိုက်နှက်ခဲ့ကြတာလို့ ဆိုကြပါတယ်။

“ဒီလိုဖြစ်စဉ်တွေက ခဏတိုင်းဖြစ်နေတာ၊ ကိုယ့်ရှေ့တစ်ခုခုဖြစ်ရင်တောင် ဝင်မကူညီရဲလောက်တဲ့အထိပဲ။ ဘာမှမလုံခြုံတော့လို့ သတိထားပြီးနေတာအကောင်းဆုံးပဲ”လို့ ရန်ကုန်မြို့တွင်းက ကွန်ပျူတာဆိုင်တစ်ခုမှာအလုပ်လုပ်နေတဲ့ ကိုထက်မြတ်က ပြောပါတယ်။

ပစ္စည်းလုခံရတာ၊ ဖောက်ထွင်းခိုးယူခံရတာ၊ ခါးပိုက်နှိုက်ခံရတာတွေအပြင် အကြမ်းဖက်လုယက်ခံရတာ ဓါးပြတိုက်ခံရတာတွေပါ လူမှုကွန်ယက်စာမျက်နှာတွေမှာ ကာယကံရှင်တွေရဲ့ရေးသားထားချက်တွေ နေ့စဉ်နဲ့အမျှ မြင်တွေ့လာရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း သိမ်ဖြူမှာဆိုင်ဖွင့်ထားတဲ့ ဇော်ဇော်မိုဘိုင်းဖုန်းဆိုင် ညပိုင်းဖောက်ထွင်းခံရပြီး  ဖုန်း ၈၈ လုံးနဲ့ ငွေကျပ်သိန်းနှစ်ဆယ်ကျော် စုစုပေါင်း တန်ဖိုးကျပ်သိန်းခြောက်ရာဝန်းကျင် ခိုးယူခံခဲ့ရတယ်လို့ သူတို့ရဲ့လူမှုကွန်ယက် စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။

မြို့လယ်ကလုယက်မှုများ

ရန်ကုန်မြို့လယ် ဆူးလေဘုရားမှာ တရားခွေဆိုင်ဖွင့်ထားတဲ့ အသက်ခုနစ်ဆယ်အရွယ်မရွှေစင်ရဲ့ဖခင်ကို မတ်လ ၉ရက် နေ့လည်ခင်းက အသက်၁၆နှစ်ဝန်းကျင်သာရှိတဲ့ လူငယ်တစ်ဦးက လမ်းခင်းနေတဲ့ အင်္ဂတေပြားနဲ့ရိုက်ကာ ပစ္စည်းလုယက်ဖို့ကြိုးစားခဲ့ပါတယ်။

အနီးပတ်ဝန်းကျင်ကလူတွေကူညီဖမ်းဆီးပေးခဲ့လို့ အသက်အန္တရာယ်မထိခိုက်ခဲ့တာပါ။ 

“ဆူးလေမြို့လယ်ခေါင်မှာဆိုင်ဖွင့်တာ လေးနှစ်ကျော်သွားပြီ၊ အခုဒီကာလကြီးမှာမှဖြစ်သွားတာ။ ပထမဆုံးအကြိမ် ကြုံဖူးခြင်းပဲ။ လုံခြုံမှုမရှိတော့တဲ့ နိုင်ငံမှာ လူကြီးတွေမပြောနဲ့ လူငယ်တွေတစ်ယောက်တည်းအပြင်သွားရင်တောင် အရမ်းသတိထားနေရပြီ” လို့ မရွှေစင်က ပြောပါတယ်။ 


မရွှေစင်အဖေရဲ့ဒဏ်ရာ
(Photo: မရွှေစင်ဖေ့စ်ဘွတ်)

လမ်းမတော်မြို့နယ်ထဲက ရပ်ကွက်နှစ်ခုမှာ ဇူလိုင် ၁၁ရက်ကလည်း ငွေလွှဲလုပ်ငန်းနှစ်ခု ဓားပြတိုက်ခံခဲ့ရပါတယ်။ ဇူလိုင် ၂၄ ရက်မှာလည်း လူစည်ကားရာနေရာတစ်ခုဖြစ်တဲ့ လသာမြို့နယ် ၁၉ လမ်းမှာ အမျိုးသမီးတစ်ဦးဆီက ဆွဲကြိုးဖြတ်လုပြေးသူတစ်ဦးကို အနီးနားရှိလူတွေဝိုင်းဝန်းဖမ်းဆီးခဲ့ရပါတယ်။

လူသတ်ဖို့လည်းဝန်မလေး

ခိုးဆိုးလုယက်သူတွေဟာ ပစ္စည်းရဖို့ လူသတ်ဖို့လည်းဝန်မလေးကြပါဘူး။ 

“သူတို့ကိုသေဒဏ်မပေးဘူးဆိုတာလည်းသိတယ်။ မကြာခင် လွတ်ငြိမ်းချမ်းသာခွင့် တစ်ခုခုနဲ့ ပြန်လွတ်လာမယ်ဆိုတာသိတယ်။ ပြန်လွတ်လာပြီးနောက်ထပ် ထပ်လုပ်လည်း ပြန်လွတ်မှာသိတယ်။ အဲဒါကြောင့်မို့ ဒီလိုလူသတ်သည်အထိအတင့်ရဲလာတာ” လို့ ဦးကြီးမြင့်ကထောက်ပြပါတယ်။

အာကာမိုးကိုကိုရဲ့မိခင်ဒေါ်မို့မို့သင်းက “ရန်ငြိုးရန်စလည်းမရှိဘဲနဲ့ ဘာဖြစ်လို့ကိုယ့်ကလေးကို သူတို့အဲ့လောက်ထိရိုက်သတ်လိုက်ရတာလဲ။ သူတို့လည်းလူအများကြီး ဟုတ်တယ်မဟုတ်လား၊ (ပစ္စည်းတွေ)အကုန်ယူသွားလိုက်လေ။ အစ်မဘာများပြောနိုင်မှာတုန်း။ အဲ့လောက်ကြီးရိုက်မသတ်လိုက်နဲ့လေ” လို့ သူကဝမ်းနည်းစွာနဲ့ ပြောပါတယ်။


ရိုက်နှက်လုယက်သတ်ဖြတ်ခံရတဲ့ မောင်အာကာမိုးကိုကို
(Photo: ဒေါ်မို့မို့သင်းဖေ့စ်ဘွတ်)

လက်ရှိအချိန်မှာတော့ သားဖြစ်သူကို အကြမ်းဖက်လုယက်သတ်ဖြတ်သွားသူအားလုံး ဖမ်းမိသွားပြီလို့ ဒေါ်မို့မို့သင်းက ပြောပါတယ်။ သုံးဦးကိုမှုခင်းဖြစ်ပြီး မကြာခင်ဖမ်းမိတာဖြစ်ပြီး အဓိကတရားခံနှစ်ဦးကိုတော့ ဩဂုတ်လ ဒုတိယအပတ်မှာဖမ်းမိခဲ့တာပါ။

အားကိုးမရတဲ့ရဲတပ်ဖွဲ့

မကြာသေးခင်က တောင်ဒဂုံမြို့နယ်မှာ ဓားထောက်ပစ္စည်းလုသူကို ရပ်ကွက်နေပြည်သူတွေဝိုင်းဖမ်းမိတာကြောင့် ရဲစခန်းကို ဖုန်းဆက်အကြောင်းကြားရာမှာ ရဲတပ်ဖွဲ့တွေရောက်မလာဘဲ စခန်းကိုပဲကိုယ်တိုင်လာပို့ဖို့ပြောတယ်လို့ ဝိုင်းဝန်းဖမ်းဆီးရာမှာပါဝင်ခဲ့သူတစ်ဦးက ပြောပါတယ်။

“အသက်အပိုမပါလို့ သူတို့မလာနိုင်ဘူးလို့ပြောတယ်”လို့ သူကဆိုပါတယ်။ 

စစ်တပ်အာဏာသိမ်းပြီးတစ်နှစ်ကျော်အကြာမှာ အရှိန်မြင့်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ မြို့ပြပြောက်ကျားအဖွဲ့တွေရဲ့တိုက်ခိုက်မှုတွေကြောင့် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲတွေကိုယ်တိုင် အပြင်ထွက်တဲ့အခါမှာ စစ်တပ်၊ရဲ စုပေါင်းပြီးသာ အပြင်ထွက်ကြတာကို နေ့စဉ်လိုလိုမြင်တွေ့လာရပါတယ်။

ဝါရင့်တရားလွှတ်တော်ရှေ့နေဦးကြီးမြင့်ကတော့ “တိုင်းပြည်ကပျက်နေပြီ။ ပြည်သူလူထုအရေးဘာမှ မဟုတ်တော့ဘူး။ သူတို့(ရဲတွေ)အသက်မသေဖို့ပဲ။ ပထမက (စစ်ကောင်စီ)ခိုင်းတာလုပ်ဖို့။ ဒုတိယက သူတို့အသက်မသေဖို့။ အဲဒါကလွဲပြီး ဘာမှစိတ်မဝင်စားတော့ဘူး” လို့ ဆိုပါတယ်။

မော်ကွန်းက လက်လှမ်းမီသလောက် စုဆောင်းထားချက်တွေအရ ၂၀၂၂ မတ်လကနေ ဇွန်လအတွင်း ရန်ကုန်တစ်မြို့တည်းမှာတင် ရဲစခန်းတွေတိုက်ခိုက်ခံရမှု ၁၁ ခုရှိကာ သေဆုံးမှုတွေလည်းရှိခဲ့ပါတယ်။

တရားဥပဒေမဲ့ခိုးဆိုးလုယက်မှုတွေ မကြာခဏဆိုသလိုဖြစ်လာတာကြောင့် ပြည်သူတွေအနေနဲ့ သတိထားပြီး တစ်ဦးနဲ့တစ်ဦး သတိပေးဖို့လိုတယ်လို့ ဦးကြီးမြင့်ကဆက်ပြောပါတယ်။

“အားလုံးကမလုံခြုံတော့ဘူး။ အိမ်တံခါးတွေသော့ခတ်။ လှေကားတံခါးတွေသော့ခတ်။ လမ်းသွားရင် နာရီ၊ဆွဲကြိုးတွေ ပတ်မသွားနဲ့။ ဖြစ်နိုင်ရင် အပြင်သိပ်မထွက်ကြနဲ့တော့။ အန္တရာယ်ရှိနိုင်တဲ့နေရာတွေကို မသွားနဲ့ပေါ့နော်။ ပြည်သူအချင်းချင်း ဖေ့စ်ဘွတ်ကဖြစ်စေ၊ အခြားဆက်သွယ်ရေးလမ်းကြောင်းကဖြစ်စေ သတိပေးဖို့လိုတာပေါ့။ စစ်အစိုးရကတော့ ဘာမှသတိပေးမှာမဟုတ်ဘူး။ အဲ့လိုဖြစ်ရင်ကြိုက်တယ်။ သူ့ဘက်ကိုလှည့်မလာတော့ဘူး”လို့ သူကပြောပါတယ်။

ပစ္စည်းလုခံရပြီး သားဖြစ်သူအသတ်ခံလိုက်ရတဲ့ ဒေါ်မို့မို့အတွက်တော့ သားဖြစ်သူကို ဘယ်တော့မှပြန်မတွေ့နိုင်တော့ပါဘူး။

“သားအတွက်ကတော့ အမြဲတမ်း မနက်ဆိုထမင်းဘူးထည့်ပေးရတာလေးတွေ၊ သူပြန်လာရင် မုန့်ဝယ်လာတာတွေ၊ အစ်မဘဝမှာ အဲဒါတွေမရှိတော့ဘူး။ အစ်မကတော့ ဘယ်လိုလုပ်ဖြေနိုင်မလဲ၊ ဖြစ်လည်းဖြစ်သွားပြီးပြီဆိုတော့ ကိုယ်ကတော့ သောကတွေနဲ့နေရပြီပေါ့”

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."