အာဏာသိမ်းပြီး နှစ်နှစ်ကြာ ခရီးသွားလုပ်ငန်းခေါင်းမထောင်နိုင်တော့ပါ

ရန်ကုန် – ၂၀၂၃၊ ဇန်နဝါရီ ၃၁ (မော်ကွန်း)

စစ်တပ်ကအာဏာသိမ်းပြီး နှစ်နှစ်တာအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား ဆက်တိုက်ဖြစ်ပွားနေတဲ့ စစ်မီးအရှိန်တွေကြောင့် မြန်မာနိုင်ငံရဲ့ခရီးသွားလုပ်ငန်းပုံမှန်အတိုင်းလည်ပတ်ဖို့ဆိုတာ နောက်ထပ် ၁၀ နှစ်လောက်အချိန်ယူရဦးမယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဌဦးနောင်းနောင်းဟန်က မော်ကွန်းကိုပြောပါတယ်။

“ခရီးသွားလုပ်ငန်းပြန်ဦးမော့လာတယ်ဆိုတာကို ကိန်းဂဏန်းတွေနဲ့ကြည့်မယ်ဆိုတော်တော်ကြီးလိုပါသေးတယ်။ ဆိုလိုတာ ခရီးသည် ၄ ဒသမ ၃ သန်း ၂၀၁၉ တုန်းကရခဲ့တယ်။ ဒါပေမယ့်အဲ့ဒီ ၄ ဒသမ ၃ သန်း အခြေအနေကို ပြန်ရမှ ပုံမှန်အခြေအနေပြန်ဖြစ်မယ်ဆိုရင် ကျွန်တော်တို့ ၁၀ နှစ် လောက် ကြိုးစားရမယ့်သဘောမှာရှိပါတယ်။” လို့ ဦးနောင်းနောင်းဟန်ကပြောပါတယ်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ၂၀၁၉ မှာ နိုင်ငံတကာခရီးသွားဝင်ရောက်မှု ၄ ဒသမ ၃၆ သန်းရှိခဲ့ပြီး ၂၀၂၁ မှာ တော့ တစ်သိန်းသုံးသောင်းသာ ဝင်ရောက်တော့တယ်လို့ဖော်ပြထားပါတယ်။

အခုဆို ဟိုတယ်တွေ၊စားသောက်ဆိုင်တွေ အပါအဝင် လုပ်ငန်းတော်တော်များများ ပြန်ပြီးလည်ပတ်လာ ရုံရှိသေးပြီး ၂၀၁၉ ထက်စာရင် ၁၀ ရာခိုင်နှုန်း ကနေ ၂၀ ရာခိုင်နှုန်းအထိပဲရှိ သေးတယ်လို့ဆိုပါတယ်။

ဟိုတယ်လုပ်ငန်း
မေမြို့၊ကလော၊ပြင်ဦးလွင်၊ပုဂံ၊ချောင်းသာ၊ငွေဆောင်နဲ့ငပလီ လို့ နေရာမျိုးတွေမှာ ပိတ်ထားရတဲ့ဟိုတယ်လုပ်ငန်းရဲ့ ၃၀ ကနေ ၄၀ ရာခိုင်နှုန်းထိပြန်ဖွင့်လာကြတယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းထံမှသိရပါတယ်။ ပြန်ဖွင့်တဲ့ တစ်ချို့ဟိုတယ်တွေဆိုရင် အခန်းအပြည့်မလည်ပတ်တော့ပဲ ထက်ဝက်လောက်သာဖွင့်ပြီးလည်ပတ်နေကြတယ်လို့ဆိုပါတယ်။

“ခရီးသည်တွေလုံးဝမလာကြတော့တဲ့ ဒေသတွေမှာဆိုရင် အကြာကြီးပိတ်ထားရတဲ့ ဟိုတယ်တွေအများကြီးပါ။ ဟိုတယ်လုပ်ငန်းကလည်းအတော်လေးထိခိုက်သွားခဲ့တယ်။ တစ်နိုင်ငံလုံးဟိုတယ်လုပ်ငန်းရဲ့ ၁၀ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းထိပဲလည်ပတ်တော့တဲ့သဘောရှိတယ်။” လို့ ဦးနောင်းနောင်းဟန်ကပြောပါတယ်။

ဧည့်လမ်းညွှန်
ကိုဗစ်ကပ်ဘေးအပြင် စစ်တပ်ကအာဏာသိမ်းပြီး နှစ်နှစ်တာအတွင်း ပြည်တွင်း၊ပြည်ပခရီးသွားတွေရှားလာတာနဲ့အမျှ စားဝတ်နေရေးအရ ရပ်တည်ရခက်ခဲလာပြီး ဧည့်လမ်းညွန်အများစုအလုပ်လက်မဲ့ဖြစ်သွားခဲ့ရတယ်လို့ဆိုပါတယ်။ တစ်ချို့ကြတော့ တစ်ခြားအသက်မွေးဝမ်းကြောင်းတွေဆီကူးပြောင်းလုပ်ကိုင်နေကြပြီလို့ ဦးနောင်းနောင်းဟန်ကပြောပါတယ်။

မြန်မာနိုင်ငံမှာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက အသိမှတ်ပြုလိုင်စင်ထုတ်ပေးထားတဲ့ဧည့်လမ်းညွှန် တစ်သောင်းနီးပါးရှိပြီးအဲဒီထဲကမှ ၉၀ ရာခိုင်နှုန်းနီးပါးသော ဧည့်လမ်းညွှန်တွေဟာ အခုထိ လုပ်ငန်းခွင်ထဲပြန်ဝင်မလာနိုင်ကြသေးဘူးလို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းထံမှသိရပါတယ်။

ခရီးသွားလုပ်ငန်း
လက်ရှိမှာ ပြည်တွင်းခရီးစဉ်တွေထက်စာရင် ပြည်ပခရီးစဉ်တွေကို ပိုပြီးရောင်းရတယ်လို့ ခရီးသွားလုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။ ပြည်တွင်းခရီးသွားလုပ်ငန်းကိုကြည့်မယ်ဆိုရင် စစ်ရေးအခြေအနေတွေမတည်ငြိမ်သေးတာကြောင့် အကန့်အသတ်တွေရှိနေတယ်လို့ ဆိုပါတယ်။

“ခရီးသွားလုပ်ငန်းအတွက်အခုချိန်မှာအကြီးဆုံးစိန်ခေါ်မှုကတော့ လုံခြုံရေးနဲ့ဒေသအတွင်းတည်ငြိမ်ရေးပါပဲ။ လုံခြုံရေးကောင်းရင်ခရီးသည်ကသွားတာပဲ။ ဥပမာ အောက်တိုဘာလအတွင်း ကျိုက်ထီးရိုးမှာ ဖြစ်သွားတယ်။ ချက်ချင်းအဲဒီ့နေရာမှာရပ်သွားတယ်။ တစ်ခြားနေရာတွေသွားကြတယ်။လုံခြုံရေးဘက်ကပြဿနာချိုးဖောက်မှုရှိပြီ ဆိုရင်ခရီးသည်တွေရပ်သွားတာပဲ။” လို့ ခရီးသွားလုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး နှစ် နှစ်တာ အတွင်းမှာ နိုင်ငံ့စီးပွါးရေးကဏ္ဍအသီးသီး အဘက်ဘက်မှကျဆင်းခဲ့ပြီး ခရီးသွားလုပ်ငန်းဟာဆိုရင်လည်း ကြီးမားတဲ့ အခက်အခဲအကြပ်အတည်း ကိုရင်ဆိုင်နေရတယ်လို့ သုံးသပ်ကြပါတယ်။
Photo: Mawkun


#Dailynews

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."