မွန်ညီညွတ်ရေးပါတီ အမျိုးသမီးနှင့်လူငယ် ကိုယ်စားလှယ်လောင်းများကို ဦးစားပေးရွေးချယ်မည်

မွန်ညီညွတ်ရေးပါတီ အမျိုးသမီးနှင့်လူငယ် ကိုယ်စားလှယ်လောင်းများကို ဦးစားပေးရွေးချယ်မည်

ဂေထော
ရန်ကုန် – ၂၀၂ ဇန်နဝါရီ ၂၃

မွန်ညီညွတ်ရေးပါတီသည် လာမည့် ရွေးကောက်ပွဲ၌ ကိုယ်စားလှယ်လောင်းရွေးချယ်ရာမှာ ပါတီ၏မူဝါဒအရ အမျိုးသမီးနှင့် လူငယ်များကို ဦးစားပေးရွေးချယ်သွားမည်ဖြစ်သည်ဟုပါတီ၏ တွဲဘက်အတွင်းရေးမှူးက ဆိုသည်။

ပါတီ၌ ကိုယ်စားလှယ်လောင်းရွေးချယ်သည့်နေရာတွင် အမျိုးသမီးဖြစ်စေ၊ လူငယ်ဖြစ်စေ၊ လူကြီးဖြစ်စေ သတ်မှတ်ထားသည့် အရည်အချင်းနှင့် ပြည့်စုံရန် လိုအပ်ကြောင်းနှင့် သတ်မှတ်ထားသည့်အရည်အချင်းပေါ် တူညီခဲ့လျှင် လူငယ်နှင့်အမျိုးသမီးကို ဦးစားပေးရန် စဉ်းစားထားကြောင်း တွဲဘက်အတွင်းရေးမှူး(၁) နိုင်လယိတမက ရှင်းပြသည်။

“ရာခိုင်နှုန်းအနေနဲ့ ကျွန်တော်တို့သတ်မှတ်ထားတာ မရှိဘူး၊ လျှောက်ထားလာတဲ့လူငယ်၊ အမျိုးသမီး ပါတီဝင်အရေအတွက်နဲ့ အရည်အချင်းပေါ်မူတည်လိမ့်မယ်”ဟု ၎င်းက ပြောသည်။

ကိုယ်စားလှယ်လောင်းရွေးချယ်ရေးစိစစ်ရေးအဖွဲ့ကို ပါတီဥက္ကဌ ဦးဆောင်သည့်အဖွဲ့ဝင် ၁၆ ဦးဖြင့် ဇန်နဝါရီ ၁၂ ရက်နှင့် ၁၃ ရက်နေ့က ပြုလုပ်သည့် ဗဟိုအလုပ်မှုဆောင်ကော်မတီအစည်းအဝေးတွင် ဖွဲ့စည်းခဲ့သည်။

လက်ရှိတွင် မွန်ညီညွတ်ရေးပါတီ ဗဟိုကော်မတီအဆင့်တွင် အမျိုးသမီးပါဝင်မှု ၁၁ ရာခိုင်နှုန်းရှိပြီး အမျိုးသမီးများ နိုင်ငံရေးပါတီ၌ ပါဝင်မှုအားနည်းရသည့်အကြောင်းကို မွန်ညီညွတ်ရေးပါတီ၊ ဗဟိုအလုပ်မှုဆောင်အဖွဲ့၊ အမျိုးသမီးရေးရာမှူး မိလဝီဟန်က အခုလိုပြောသည်။

“နိုင်ငံရေးဝင်(လုပ်)ရင်လစာမရတဲ့အတွက် ကိုယ်ပိုင်အလုပ်ကနေ လှုပ်ရှားရတယ်၊ နိုင်ငံရေးက အမျိုးသမီးတွေနဲ့ မသက်ဆိုင်ဘူး၊ အမျိုးသမီးတွေက အိမ်တွင်းအလုပ်တွေကိုသာ ထိန်းသိမ်းကြီးကြပ်နိုင်ရုံပဲလို့ ခံယူထားတဲ့အတွက် နိုင်ငံရေးမှာ ပါဝင်မှုအားနည်းတယ်”ဟု မြင်မိကြောင်း သူကဆိုသည်။

အမျိုးသမီးများ နိုင်ငံရေးပါတီထဲ ပါဝင်နိုင်ရန် ပါတီအနေဖြင့် ကျေးရွာအဆင့်၊ မြို့နယ်အဆင့် ပူးပေါင်းဆောင်ရွက်၍ နိုင်ငံရေးအရည်အချင်းပြည့်မှီလာရန် ဖြည့်ဆည်းပေးခြင်း၊ စည်းရုံးလှုံဆော်ခြင်းများ လုပ်ဆောင်လျက်ရှိသည်ဟု မိလဝီဟန်က ဆိုသည်။

မွန်ညီညွတ်ရေးပါတီကို မွန်အမျိုးသားပါတီ(MNP)နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ(MNDP) နှစ်ခု ပူးပေါင်းတည်ထောင်ထားခြင်းဖြစ်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ၂၀၁၉ ခုနစ် ဇူလိုင်လအတွင်း ခွင့်ပြုပေးခဲ့သည်။
Photo by mon unity party- central


#dailynews


 

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."