ရန်ကုန်-၂၀၂၅ ဇူလိုင် ၁၈ (မော်ကွန်း)
ထိုင်းနိုင်ငံနဲ့ ထိစပ်နေတဲ့ နယ်စပ်ဒေသသုံးပုံတစ်ပုံခန့်ကို ကရင်အမျိုးသားအစည်းအရုံး(KNU)ထံ စစ်ကောင်စီလက်လွှတ်ခဲ့ရပြီလို့ ပဋိပက္ခစောင့်ကြည့်လေလာတဲ့ ISP-Myanmar အဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
မြန်မာ-ထိုင်း ထိစပ်နေတဲ့ နယ်မြေကီလိုမီတာ ၂,၄၀၀ ကျော်အနက် KNU က ကီလိုမီတာ ၈၀၀(မိုင် ၅၀၀ ) ခန့်ကို သိမ်းပိုက်ထားပြီးဖြစ်တယ်လို့ ဖော်ပြပါတယ်။
ထိုင်း-မြန်မာ အဓိကနယ်စပ်ကုန်သွယ်ရေးမြို့ မြဝတီကနေ မိုင် ၃၀ အကွာလောက်မှာရှိတဲ့ နယ်စပ်မျဉ်းအနီးက ဥကရစ်ထစခန်းကို ဒီလ ၁၂ ရက်မှာ KNU က အလုံးစုံသိမ်းပြီးနောက် နယ်မြေပိုင်ဆိုင်မှုပိုတိုးလာတာလည်းဖြစ်ပါတယ်။ ဝေါလေဗျူဟာစခန်းကိုသာ ရှင်းထုတ်နိုင်ရင် ထိုင်း-ကရင် နယ်စပ်ဒေသမှာ စစ်ကောင်စီကင်းစင်သွားမှာဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးကတည်းက KNU ရဲ့ စစ်ဆင်ရေးတွေဟာ ပြည်မဘက်ကို တိုးချဲ့ဖို့ထက် နယ်စပ်ဒေသကို ထိန်းချုပ်ဖို့ ပိုကြိုးပမ်းတာကိုတွေ့ရတယ်လို့ ISP-Myanmar က ဖော်ပြပါတယ်။ ဒါဟာ ဗျူဟာမြောက်အရေးပါပြီး လက်နက်ကိုင်အဖွဲ့ တွေအတွက် နယ်မြေတည်ဆောက်နိုင်ဖို့၊ အရင်းအမြစ်စုစည်းနိုင်ဖို့၊ ဒေသတွင်းနယ်စပ်ကုန်သွယ်ရေးနဲ့ နှစ်နိုင်ငံနယ်စပ်လုံခြုံရေးတွေမှာ အရေးပါမှုကို တိုးမြှင့်နိုင်ဖို့ အခရာကျတယ်လို့ ISP-Myanmar က သုံးသပ်ပါတယ်။
၂၀၂၁ တစ်ကျော့ပြန်စစ်တပ်အာဏာသိမ်းလိုက်တဲ့နောက်ပိုင်း ကရင်ပြည်နယ်ထဲမှာ KNU ရဲ့ ထိန်းချုပ်မှုက နယ်မြေရဲ့ ၆၀ ရာခိုင်နှုန်းကျော်အထိရှိလာနေပြီး ပဲခူးတိုင်းအရှေ့ခြမ်း၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းထဲက ထိန်းချုပ်ဧရိယာတွေပါထည့်ပေါင်းရင် ပိုများပါတယ်။
လက်ရှိမှာ ထိုင်း-မြန်မာ ကုန်သွယ်ရေး အဓိကလမ်းကြောင်းတွေဖြစ်တဲ့ ရန်ကုန်-မြဝတီ၊ ရန်ကုန်-ထီးခီးလမ်းပိုင်းတွေကို KNU က ထိန်းချုပ်ထားပြီး စစ်ကောင်စီနယ်စပ်ကုန်သွယ်ရေး ရပ်တန့်နေတာဖြစ်ပါတယ်။
ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံက ရှမ်းပြည်နယ်၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့နဲ့ နယ်နိမိတ်ချင်းထိစပ်နေတာ ဖြစ်ပါတယ်။
ပုံစာ- ဒီလ ၁၂ ရက် သိမ်းလိုက်တဲ့ ဥကရစ်ထစခန်းမှာတွေ့ရတဲ့ KNU တပ်ဖွဲ့ဝင်တချို့
ဓါတ်ပုံ- KNU

