ကလေးမြို့ – ၂၀၂၃ မတ် ၂၈ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ နွေဦးတော်လှန်ရေး တာဟန်းပင်မသပိတ်ခံတပ်ဖြိုခွင်းခံရခြင်း နှစ်နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ ဒေသတွင်းတစ်နေရာမှာ လူထုတရားဟောပြောပွဲကို ကလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ကလ.တ.က.သ)နဲ့ ပင်မသပိတ်တို့က ဦးဆောင်ကာ ဒီကနေ့ပြုလုပ်ခဲ့ပါတယ်။
အခမ်းအနားမှာ သွေးသစ္စာသီချင်းသီဆိုတာ၊ Kalay Civil Army ကပေးပို့တဲ့ ရုပ်သံမှတ်တမ်းကိုကြည့်ရှုတာ၊ သပိတ်တရားဟောတာ၊ ပင်မသပိတ်မှာပထမဆုံးကျဆုံးခဲ့တဲ့ မအားခူရဲ့အတ္ထုပ္ပတ္တိကိုဖတ်ကြားတာနဲ့ ကမ္ဘာမကြေဘူးသီချင်းသီဆိုတာတွေပြုလုပ်ခဲ့ကြပါတယ်။
“ကလေးမြို့ပင်မသပိတ်အနေနဲ့ နွေဦးနဲ့အတူ ရေးထိုးခဲ့တဲ့ ဒေသဆိုင်ရာသမိုင်းတွေကိုဆက်လက်ဖော်ထုတ်သွားမယ်၊ တော်လှန်ရေးကပေးတဲ့ သမိုင်းပေးတာဝန်ကို ဆက်လက်တိုက်ပွဲဝင်ထမ်းဆောင်သွားပါမယ်”လို့ ကလေးမြို့ပင်မသပိတ်ခေါင်းဆောင် ကိုဗိုက်ပူက မော်ကွန်းကိုပြောပါတယ်။
ကလေးမြို့လူထုဟာ နွေဦးတော်လှန်ရေးသမိုင်းမှာ လက်နက်ကိုင်ခုခံကာကွယ်ရေးကို စတင်ခဲ့တဲ့မြို့တစ်မြို့အဖြစ်မှတ်တမ်းတင်သလို ဒီနေ့ထိ သပိတ်တွေဟာလည်း ပျက်ရက်မရှိဆင်နွှဲနေတုန်းပဲလို့ သူကပြောပါတယ်။
ပျက်ရက်မရှိဘဲ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒဖော်ထုတ်နေတဲ့ ကလေးမြို့ပင်မသပိတ်ဟာ ဒီကနေ့ဆို ရက်ပေါင်း ၇၈၀ ရှိလာခဲ့ပါပြီ။
ဓါတ်ပုံ – CJ
#Dailynews

