မုံရွာ-၂၀၂၃ အောက်တိုဘာ ၁၈ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီတပ် သင်္ဘောလေးစီးကို မနေ့နေ့လယ်ပိုင်းက ဒေသခံကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားတွေ အသေအပျောက်ရှိနိုင်တယ်လို့ တိုက်ခိုက်ခဲ့တဲ့ အဖွဲ့တစ်ခုဖြစ်တဲ့ Brave Heart Army- BHA က ပြန်ကြားရေးတာဝန်ရှိသူက မော်ကွန်းကိုပြောပါတယ်။
အဲဒီစစ်ကောင်စီတပ်သင်္ဘောတွေဟာ လက်နက်ခဲယမ်းတွေနဲ့ ရိက္ခာတွေသယ်ပြီး ဧရာဝတီမြစ်ကနေ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတာလို့ သူကပြောပါတယ်။
လက်ရှိအချိန်မှာတော့ တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်သင်္ဘောတွေဟာ မုံရွာမြို့နယ် အလုံ မင်းဒေါင့်ဆိပ်ကမ်းမှာဆိုက်ကပ်ထားပြီး မြစ်ကြောင်းအတိုင်း အထက်ကိုဆန်တက်မယ်လို့ ကြားသိထားရကြောင်းသူကဆက်ပြောပါတယ်။
စစ်ကောင်စီတပ်သင်္ဘောတွေဟာ တိုက်ခိုက်ခံရချိန်မှာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ မြစ်ကမ်းတလျှောက်က ရွာတွေကို ပြန်ပစ်ခတ်ခဲ့တယ်လို့ သူကဆိုပါတယ်။
“ဒီကောင်တွေ လက်နက်ငယ်တွေ၊ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်တယ်။ရွာတွေထဲတော့ကျတယ်။ ပြည်သူအထိအခိုက်တော့ မရှိဘူးဗျ။ ကျွန်တော်တို့ဘက်ကတော့ အထိခိုက် မရှိဘူးဗျ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်သင်္ဘောလေးစီးကို ဆားလင်းကြီးမြို့နယ် ပေါင်းဝရွာအနီးနဲ့ ရွှေကုန်းရွာအနီးတွေမှာ ဒေသခံကာကွယ်ရေးအဖွဲ့တွေက နှစ်ပွိုင့်ခွဲတိုက်ခိုက်ခဲ့တာလို့ BHA ကလည်း ဒီနေ့ သတင်းထုတ်ပြန်ထားပါတယ်။
အဲဒီတိုက်ခိုက်မှုကို မုံရွာခရိုင် တပ်ရင်း(၁၀) တပ်ခွဲ(၂) Chindwin Fighter Group (C.F.G)၊ Brave Heart Army – BHA တို့နဲ့ ဒေသခံ မဟာမိတ်အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
ပုံစာ-ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့စစ်ကောင်စီသင်္ဘောတွေကို ဒေသခံ ပကဖတွေ ပူးပေါင်းပြီး မနေ့ကနေ့လယ်ပိုင်းက တိုက်ခိုက်ခဲ့ကြပါတယ်။
ဓာတ်ပုံ-Brave Heart Army-BHA

