အောင်ပိုင်
ဒီဇင်ဘာ ၉
ပိုမိုကောင်းမွန်သော လူ့အခွင့်အရေးကို အားပေးမြှင့်တင်နိုင်ရန်နှင့် ကာကွယ်စောင့်ရှောက်နိုင်ရန် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်အား ပြုပြင်ပြောင်းလဲမှုလုပ်ဆောင်စေရန် အကြံပြုချက်များပါဝင်သည့် အစီရင်ခံစာ တစ်စောင်ကို လူ့အခွင့်အရေးလှုပ်ရှားသည့် အရပ်ဘက်အဖွဲ့အစည်း ၂၀ က ယနေ့ ထုတ်ပြန်လိုက်သည်။
ယင်းအစီရင်ခံစာကို “အပြောလျှော့ပြီး အလုပ်ပိုလုပ်ပါ” ဟုအမည်ပေးထားပြီး မြန်မာနိုင်ငံ၌ ဒီမိုကရေစီ အဝန်းအဝိုင်း ကျဉ်းမြောင်းလာသည့် အခင်းအကျင်းတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ စွမ်းဆောင်ရည်အား ဆန်းစစ်သုံးသပ်ထားသည်ဟု အနှစ်ချုပ်တွင်ဖော်ပြထားသည်။
“လူ့အခွင့်အရေးကော်မရှင်စိစစ်ရွေးချယ်ရေး ဘုတ်အဖွဲ့မှာ ပြည်ထဲရေးက ပါဝင်နေတယ်။ လူ့အခွင့်အရေး ချိုးဖောက် မှုတွေက စစ်တပ်နဲ့ရဲက အများဆုံးဖြစ်နေတယ်။ လူ့အခွင့်အရေးဖောက်ဖျက်မှုတွေကို ကာကွယ်ဖို့ ကြိုးပမ်းသူတွေက အတိတ်သမိုင်းမှာ လူ့အခွင့်အရေးချိုးဖောက်သူတွေဖြစ်နေတယ်။ စိစစ်ရွေးချယ်ရေးဘုတ်အဖွဲ့ကို ပွင်းလင်းမြင်သာစွာ ဖြစ်ဖို့ပြုပြင်ရမယ်။” ဟု လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့မှ ကိုအောင်ဇော်ဦးက ပြောသည်။
လက်ရှိကော်မရှင်အဖွဲ့ဝင်များ၏ သက်တမ်းမှာ ၂၀၁၉ ခုနှစ် စက်တင်ဘာလကတည်းက ကုန်ဆုံးသွားသော်လည်း အသစ်ရွေးချယ်ရေးနှင့် ပတ်သက်၍ တရားဝင်ထုတ်ပြန်ကြေညာ အသိပေးခြင်း မတွေ့ရသေးဟု ကိုအောင်ဇော်ဦးက ပြောသည်။
အစီရင်ခံစာတွင် ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ် အစောပိုင်းကာလတွင် ဖြစ်ပွားခဲ့သည့် အဓိကဖြစ်ရပ်များကို ခြုံငုံသုံးသပ် ထားခြင်းဖြစ်ပြီး အစိုးရ၊ လွှတ်တော်၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်နှင့် နိုင်ငံတကာ အလှူရှင် အသိုင်းအဝိုင်းသို့ အကြံပြုတိုက်တွန်းချက် ၃၅ ချက် ပါဝင်သည်။
ယင်းအစီရင်ခံစာသည် အာရှဒေသ အမျိုးသားလူ့အခွင့်အရေးဌာနများဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ ကွန်ယက် (ANNI)၏ ၂၀၁၉ ခုနှစ် အစီရင်ခံစာမှ မြန်မာနိုင်ငံနှင့် ပတ်သက်သော အခန်းဖြစ်သည်။
အဆိုပါအစီရင်ခံစာနှင့် ပတ်သက်ပြီး လူ့အခွင့်အရေးကော်မရှင်သို့ တယ်လီဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာတွင် ပြန်လည် အကြောင်းပြန်မည်ဟုဆိုကာ အကြောင်းပြန်ခြင်းမရှိပါ။
#mawkun #magazine #chronicle #dailynews