ရန်ကုန် – ၂၀၂၄ ဇွန် ၁၉ (မော်ကွန်း)
မြဝတီကိုသွားတဲ့ကားလမ်းတွေ မိုးရာသီမှာ လမ်းတွေပျက်နေတာကြောင့် ခက်ခက်ခဲခဲသွားလာနေရပြီး ရန်ကုန်ကနေမြဝတီ လူတစ်ဦးကို ကားခ ကျပ်နှစ်သိန်းခွဲကနေ သုံးသိန်းထိ ဈေးမြင့်တက်နေတယ်လို့ ခရီးသည်တင်ယာဉ်လိုင်းတချို့ဆီက သိရပါတယ်။
ဘားအံကနေ မြဝတီကိုသွားလာရာမှာ ဒေါနတောင်ပေါ်လမ်းဟောင်းကို အဓိကအားထားနေရပြီး အဲဒီလမ်းဟာ ယခုလဆန်းပိုင်းကစပြီး မိုးရွာသွန်းမှုတွေကြောင့် လမ်းတွေပျက်စီးနေတာပါ။
အဲဒီလမ်းကို ကားကြီးတွေ ဖြတ်သန်းလို့မရတော့ဘဲ ကားလေးတွေနဲ့ တစ်ဆင့်ဆီသွားလာနေရပြီး ပြီးခဲ့တဲ့လကုန်ပိုင်းက လူတစ်ဦးကို ကားခက ကျပ်တစ်သိန်းခွဲခန့်ရှိပေမယ့် အခုလက်ရှိမှာ အနည်းဆုံး နှစ်သိန်းခွဲထိမြင့်တက်သွားတယ်လို့ ရန်ကုန်-မြဝတီ ခရီးသည်တင်လိုင်းပြေးဆွဲသူတစ်ဦးက ပြောပါတယ်။
“ကားက တစ်ဆင့်ထဲတော့မရဘူး၊ တောလမ်းတွေကနေ အဆင့်ဆင့်စီးရတယ်။ အနည်းဆုံးက နှစ်သိန်းခွဲကနေ သုံးသိန်းထိပေါက်တယ်” လို့ ၎င်းက ပြောပါတယ်။
မြဝတီကနေ ရန်ကုန်ကို ကုန်ပစ္စည်းတင်ပို့ရာမှာလည်း အဲဒီဒေါနတောင်ကိုကျော်ဖို့ နှစ်ရက်ကနေ ငါးရက်နီးပါးထိ စောင့်ဆိုင်းရတယ်လို့ ကိုယ်တိုင်သွားလာနေတဲ့ ကုန်သည်တစ်ဦးက ပြောပါတယ်။
“အခုက ပစ္စည်းကို ဂိတ်ကိုပို့လိုက်ပြီဆိုရင် ချက်ချင်းထွက်မရသေးဘူး။ အရှေ့ကကားတွေ တက်တာကို အရင်စောင့်တာ နှစ်ရက်၊ သုံးရက်လောက်ကြာတယ်။ အဲဒီကနေ တက်သွားပြီ ကော့ကရိတ်၊ ဘားအံကို ကားပြန်ချိန်းထပ်ပို့ အဲဒီလို အဆင့်ဆင့်သွားရတော့ပေါ့။ ရန်ကုန်-မြဝတီကို ပစ္စည်းများရင်များသလောက် အနည်းဆုံး ငါးရက်ကနေ ၁၀ ရက်လောက်ကြာပါတယ်”လို့ ၎င်းက ပြောပါတယ်။
ရန်ကုန်-မြဝတီကို ဆက်သွယ်ထားတဲ့ အာရှလမ်းမကြီးဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းထဲက တိုက်ပွဲတွေကြောင့် ပိတ်ထားရတာဖြစ်ပြီး နောက်ထပ်လမ်းခွဲတစ်ခုဖြစ်တဲ့ ထို့ကော်ကိုးလမ်းပိုင်းကိုလည်း ယခုမိုးရာသီကာလမှာ ပိတ်လိုက်ရပါတယ်။
လက်ရှိမှာ မြဝတီကို ဒေါနတောင်ပေါ်လမ်းဟောင်းတစ်ခုကနေပဲ ဖြတ်သန်းသွားလာနေကြတာဖြစ်ပြီး အဲဒီလမ်းပိုင်းကလည်း တောင်ပေါ်အတက်နဲ့ အဆင်းကို တစ်ရက်စီခြားပြီး သွားလာခွင့်ပေးထားတာပါ။
အဲဒီလမ်းဟောင်းပေါ်မှာ ကုန်ပစ္စည်းတင်တဲ့ကားတွေဟာ ရွှံ့တွေကြားမှာ နေ့စဉ်နီးပါး တိမ်းမှောက်မှုတွေရှိနေပြီး ကုန်ပစ္စည်းလေလွင့်ဆုံးရှုံးတာလည်း နေ့စဉ်ဖြစ်နေတယ်လို့ ကုန်သည်တစ်ဦးက ပြောပါတယ်။
“ကားက လမ်းမှာတင်ပျက်သွားလို့ ဘေးကိုဆွဲချ၊ လယ်ထွန်စက်တွေနဲ့ဆွဲ၊ ဆင်နဲ့ဆွဲရတယ်။ ကုန်ပစ္စည်းပို့ရတာ တော်တော်ခက်ခဲပါတယ်။ လမ်းကလည်း စိတ်ချရမှုမရှိတော့ တော်တော်အရဲစွန့်ပြီး ပို့နေရတာ” လို့ ၎င်းကုန်သည်က ပြောပါတယ်။
အဲဒီလို ကုန်စည်စီးဆင်းတဲ့ လမ်းကြောင်းတွေ ခက်ခဲနေတာကြောင့် ကုန်ပစ္စည်းသယ်ယူစရိတ်တွေဟာ အရင်ပွင့်လင်းရာသီကထက် နှစ်ဆကျော်မြင့်တက်နေတဲ့အပြင် ထိုင်းဘတ်ဈေးမြင့်တက်မှု ငွေကြေးမတည်ငြိမ်မှုတွေကြောင့် ထိုင်းကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်းတွေလည်း မြင့်တက်လာတယ်လို့ ထိုင်းနိုင်ငံဘက်ကအလှကုန်နဲ့ အဝတ်အထည်တွေတင်သွင်းသူက ပြောပါတယ်။
“တန်ဆာခက အရင်ထက်သုံးဆလောက်တောင်ရှိမလားပဲ ပစ္စည်းက ကိုယ့်ဆီရောက်တဲ့အခါ ငွေဈေးက ထက်တက်တော့ အရှုံးပေါ်တာတွေလည်းရှိတယ်။ အခုက ရေကြောင်း၊ လေကြောင်းပို့ခတွေနဲ့ နယ်စပ်ကပို့တဲ့ ပို့ခက သိပ်တောင်မကွာဘူးဖြစ်နေတာ” ၎င်းက ပြောပါတယ်။
ကရင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး မြဝတီနယ်စပ်ကို ဆက်သွယ်ထားတဲ့ အဓိကကုန်သွယ်ရေးလမ်းဖြစ်တဲ့ အာရှလမ်းမကြီးတစ်လျှောက်မှာ တိုက်ပွဲတွေ လက်ရှိအချိန်ထိ ဆက်လက်ဖြစ်ပွားနေတာပါ။
ပုံစာ – ဒေါနတောင်ပေါ်လမ်းဟောင်းရဲ့ အခုရက်ပိုင်းမြင်ကွင်း
ဓာတ်ပုံ – THL Logistic

