မတ် ၃၁ တွင်ကျင်းပမည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့်ရွေးကောက်ပွဲအတွက် မဲစာရင်း အချိန်မီရရှိနိုင်ရေးနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း ယနေ့ပြုလုပ်သော စည်ပင်သာယာရေးကော်မတီရွေးကောက်ပွဲ ဆိုင်ရာသတင်းစာရှင်းလင်းပွဲတွင် စည်ပင်သာယာရွေးကောက်ပွဲကော်မရှင်က ပြောကြားသည်။
“ အချိန်ကတော့ကပ်နေပြီ ။ ကျွန်တော်လည်းဒါကို တအားစိုးရိမ်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ရွေးကောက်ပွဲတစ်ခု ရဲ့ အသက်ဟာမဲစာရင်းပဲ” ဟု စည်ပင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးအောင်ခိုင်က ဆိုသည်။
စည်ပင်သာယာရွေးကောက်ပွဲအတွက် မဲစာရင်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရက ကောက်ယူမည့် လူဦးရေစာရင်းပေါ် တွင်အခြေခံပြီး ရပ်ကွက်အလိုက်၊ မြို့နယ်အလိုက်မဲစာရင်း ပြုစုရမည်ဖြစ်သည့်အတွက် လူဦးရေစာရင်းကို ဖေဖော်ဝါရီလ ၇ ရက်နေ့ နောက်ဆုံးထားပြီး ရွေးကောက်ပွဲကော်မရှင်မှ ရရှိရန် ပြောကြားထားသည်ဟု ဦးအောင်ခိုင်က ဆိုသည်။
သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က “အတိအကျဆိုတာကတော့ အထွေထွေရွေးကောက်ပွဲမှာတောင်မှ သိပ်ပြီးမလွယ်ဘူးလေ။ ရွေးကောက်ပွဲကိုလည်း သိပ်ပြီးအချိန်မဆိုင်းချင်တော့တာ ကြောင့် မဲစာရင်းပြုစုဖို့ကိစ္စကို သိပ်ပြီးအချိန်အကြာကြီးမယူတော့တာပေါ့။ ပြည့်စုံဖို့တော့မလွယ်ပေမယ့် ရတဲ့အချိန် အတွင်းမှာ အကောင်းဆုံးဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်” ဟုဆိုသည်။
ယခင်စည်ပင်ဥပဒေအရ အိမ်ထောင်စုတစ်စုလျှင် တစ်ဦးသာမဲပေးခွင့်ရရှိခဲ့သော်လည်း အသစ်ပြဌာန်းလိုက်သည့် ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီဥပဒေအရ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း မဲပေးခွင့်ရရှိမည်ဖြစ်သည်။
မတ်လကုန်တွင်ကျင်းပမည့် စည်ပင်ရွေးကောက်ပွဲတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင်နေရာ အတွက် ၆ ဦး၊ စည်ပင်သာယာနယ်နိမိတ်အတွင်းမြို့နယ် ၃၃ ခု အတွက် စည်ပင်သာယာရေး ကော်မ တီဥက္ကဌတစ်ဦးစီနှင့် အဖွဲ့ဝင် ၂ ဦးစီ စုစုပေါင်း ကိုယ်စားလှယ် ၁၀၅ ဦးကို ရွေးကောက်တင်မြှောက်မည်ဖြစ်ပြီး ရွေးချယ်ခံကော်မတီဝင်များ၏ သက်တမ်းသည် အစိုးရသက်တမ်းအတိုင်း နှစ်နှစ်နီးပါးကြာ တာဝန်ထမ်းဆောင်ခွင့် ရရှိမည်ဖြစ်သည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင် ၆ ဦးအနက် တစ်ဦးကို ကော်မတီဝင် အချင်းချင်း လျို့ဝှက် ဆန္ဒ မဲပေးပြီး ဒုတိယမြို့တော်ဝန်အဖြစ် ရွေးချယ်ရမည်ဖြစ်သည်။
ပြီးခဲ့သည့် အစိုးရလက်ထက်တွင်ပြုလုပ်ခဲ့သည့်စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲမှတက်လာသည့် ကိုယ်စား လှယ်များသည် အစိုးရသစ်လက်ထက်တွင် တာဝန်ပြီးဆုံးခဲ့ပြီးနောက် ရွေးကောက်ခံကိုယ်စားလှယ် မရှိသည်မှာ နှစ်နှစ် ရှစ်လကျော် ကြာမြင့်နေပြီဖြစ်သည်။