ဗညားကျော်
ဒီဇင်ဘာ ၂
လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) လျှောက်ထားတင်ပြသည့် လယ်ပိုင်ရှင်(၁၄) ဦးထံမှ ငွေကျပ် သိန်းနှစ်ရာ တောင်းခံခဲ့သည့် မော်လမြိုင်မြို့နယ်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဒုဦးစီးမှူး ဦးဝင်းအောင်ကို အဂတိလိုက်စားမှုဖြင့် အမှုဖွင့်အရေးယူလိုက်ကြောင်း အဂတိတိုက်ဖျက်ရေး ကော်မရှင်က ယနေ့ထုတ်ပြန်သည်။
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အံဒင်ကျေးရွာအုပ်စုတွင် တပ်မတော်မှ ပြန်လည်စွန့်လွှတ်ခဲ့သည့် သိမ်းဆည်းခံလယ် ယာမြေ (၄၅၃)ဧကနှင့်ပတ်သက်၍ မူလလယ်ပိုင်ရှင်များက ပြန်လည်ရရှိရေး အဆင့်ဆင့်တိုင်ကြားခဲ့သည့်အပေါ် ယင်းဒုတိယဦးစီးမှူး ဦးဝင်းအောင်က တစ်ဧကလျှင် တစ်သိန်းနှုန်း ပေးပါက ပြန်လည်ပေးအပ်မည်ဖြစ်ကြောင်း ပြောဆို၍ လယ်ပိုင်ရှင် (၁၄) ဦး ထံမှ ပထမအကြိမ် ငွေကျပ် (၂၅) သိန်းနှင့် ဒုတိယအကြိမ် ငွေကျပ် (၂၅) သိန်း စုစုပေါင်း ငွေကျပ် သိန်း (၅၀)လက်ခံရယူခဲ့ခြင်းဖြစ်သည်ဟု ကော်မရှင်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းသို့ ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခဲ့သည့် ဒုတိယဦးစီးမှူးဦးဝင်းအောင်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ မွန်ပြည်နယ်၊ ရေးမြို့မရဲစခန်းတွင် ယနေ့ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်နေကြောင်း ကော်မရှင်ကထုတ်ပြန်သည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ အရ အဂတိလိုက်မှုကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ၁၀ နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ယင်းဥပဒေတွင် ဖော်ပြထားသည်။
#mawkun #magazine #chronicle #dailynews