မောင်တော- ၂၀၂၄ သြဂုတ် ၁၅( မော်ကွန်း)
အာရက္ခတပ်တော်(AA)နဲ့ စစ်ကောင်စီ အပြင်းအထန်စစ်ဖြစ်နေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်အတွင်းမှာ ဆန်ကြမ်းတစ်အိတ်ကို ကျပ်ခြောက်သိန်းအထိ ဈေးမြင့်လာတာကြောင့် စားဝတ်နေရေးအခက်အခဲ ဖြစ်လာနေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
အဲဒီဒေသမှာ တိုက်ပွဲတွေကြောင့် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်နေပြီး ဆန်အပါအဝင် တခြားကုန်စည်တွေနဲ့ ဆေးဝါးတွေပါ ပြတ်လပ်နေသလို ဈေးတွေမြင့်တက်နေတာလို့ ဒေသခံတချို့က ပြောပါတယ်။
” ပစ္စည်းဝင်မဲ့လမ်းကြောင်းတွေက ပိတ်နေတော့ ဈေးကတက်တယ်။ ဆန်တွေဆို ပိုဆိုးတယ်။ ထမင်းတစ်ခုတည်း စားနေရလည်း ဘာမှမဖြစ်ဘူးဆိုပြီး ဆန်တွေချည်း ဖိဝယ်လိုက်ကြတော့ ဈေးက တဟုန်ထိုးတက်သွားတယ်။ ဆန်တွေလည်း ရှာမရတော့ဘူး။ ငတ်တဲ့သူတွေ ငတ်နေကြပြီ။ တခြားပစ္စည်းတွေဆိုလည်း ပြတ်နေတာတွေ ရှိတယ်။ ရှိတဲ့ပစ္စည်းတွေကတော့ ပုံမှန်ဈေးထက် နှစ်ဆ၊ သုံးဆလောက် ဈေးတက်သွားတယ်” လို့ မောင်တောဒေသခံတစ်ဦးက ဒီနေ့ပြောပါတယ်။
မောင်တောမြို့နယ်ထဲမှာ ဆန်ကြမ်းတစ်အိတ်ကို ကျပ်ခြောက်သိန်းအထိ ဈေးပေါက်နေပြီ စားဆီ တစ်လီတာတစ်ဗူးကို ကျပ်ငါးသောင်းခွဲ၊ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူဆိုရင် တစ်ပိဿာကို ကျပ်ငါးသောင်းနဲ့ခြောက်သောင်းကြားအထိ ဈေးမြင့်နေတယ်လို့ ဒေသခံတချို့က ပြောပြပါတယ်။
ဒီဈေးနှုန်းတွေဟာ AA ထိန်းချုပ်ထားတဲ့ ရခိုင်မြောက်ပိုင်းက တခြားဒေသတွေထက် အဆများစွာ ပိုကြီးနေတာပါ။ AA ထိန်းချုပ်ဒေသတစ်ခုဖြစ်တဲ့ မြေပုံမြို့နယ်မှာဆိုရင် ဆန်ကြမ်းတစ်အိတ်ကို ကျပ် ၁၂၀,၀၀၀ ဝန်းကျင်ပဲ ဈေးရှိတာပါ။
စားကုန်တွေဈေးတက်နေသလို ဆေးဝါးတွေလည်း မောင်တောမှာ ဈေးတက်နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ တီဘီရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ ကျောက်ကပ်ရောဂါ၊ လေးဖက်နာရောဂါနှင့် တခြား နာတာရှည်ရောဂါတွေအတွက် သောက်ရတဲ့အရေးပေါ်ဆေးဝါးတွေဟာလည်း ရှာမရတော့ဘဲ ပြတ်လပ်နေတယ်လို့ သူတို့က ပြောပါတယ်။
” ကျွန်တော်ကိုယ်တိုင် ဆီးချိုရောဂါရှိတယ်။ ဆေးက ထပ်မဝယ်ရသေးဘူး။ ဆေးဆိုင်တွေမှာလည်း ဆေးဝါးတွေက မရှိတော့တာများတယ်။ ဆေးဝါးတစ်ခုတည်းကိုပဲ မှီဝဲနေရတဲ့ ရောဂါအခံရှိသူတွေအတွက် ဒီအခြေအနေက လုံးဝ အဆင်ပြေမနေဘူး” လို့ မောင်တောဒေသခံ နောက်ထပ်တစ်ဦးက ပြောပါတယ်။
တစ်ကျော့ပြန်ရခိုင်တိုက်ပွဲတွေစတဲ့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာကတည်းက ပြည်မဘက်ကနေ ရခိုင်ပြည်ကို ကုန်စည်ကူးသန်းမှု လမ်းကြောင်းတွေကို စစ်ကောင်စီကပိတ်ဆို့ထားတာ ဒီနေ့အထိပါ။ အဲဒီကတည်းက ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ စစ်ပွဲဒဏ်ကို ရခိုင်ဒေသခံတွေ အလူးအလဲခံနေရတာ ဖြစ်ပါတယ်။
လက်ရှိမှာ မြို့ပေါ်ကလွဲပြီး ကျန်တဲ့မောင်တောဧရိယာအများစုကို AA ကထိန်းချုပ်ထားပြီး မြို့တွင်းက စစ်ကောင်စီတပ်တွေကို ရှင်းလင်းဖို့ ကြိုးပမ်းနေဆဲဖြစ်ပါတယ်။ AA ထိန်းချုပ်ရာ ဘူးသီးတောင်မြို့နဲ့ မောင်တောကို ဆက်သွယ်ထားတဲ့ကားလမ်းကို စစ်ကောင်စီနဲ့ သူ့ရဲ့မဟာမိတ် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့တွေက စိုးမိုးထားတဲ့အတွက် အဲဒီလမ်းကို ဒေသခံတွေသွားလို့မရ ဖြစ်နေတယ်လို့ ဆိုကြပါတယ်။
” ဆွေမျိုးတွေရှိတဲ့ ဘူးသီးတောင်(မြို့)ဘက်ကို သွားဖို့ကလည်း ကားလမ်းတွေမှာ စစ်တပ်နဲ့ RSO- မွတ်ဆလင် လက်နက်ကိုင် အဖွဲ့(ROHINGYA SOLIDARITY ORGANIZATION-RSO/ ရိုဟင်ဂျာစည်းလုံးညီညွတ်ရေးအဖွဲ့) တွေက သေနတ်နဲ့ လိုက်ပစ်တာတွေ ရှိတယ်။ ဘယ်သူမှ မသွားရဲကြဘူး။ မြို့ထဲမှာ ပိတ်မိနေတုန်းကလည်း စစ်တပ်ကို ကြောက်ရ၊ မွတ်ဆလင် လက်နက်ကိုင်တွေကြောက်ရနဲ့ ငရဲကျနေသလို ဖြတ်သန်းနေခဲ့ရတယ်။ AA ဘက်ကလည်း လုံခြုံရေး အခြေနေအရ ဘယ်မှသွားလာခွင့် မပြုပေးသေးဘူး။ ဒီမှာနေရတာလည်း စားဝတ်နေရေးက လုံးဝ အဆင်မပြေပါဘူး။ ကုန်ဈေးနှုန်းဒဏ်နဲ့တင် မခံနိုင်ကြတော့ဘူး” လို့ မောင်တောဒေသခံ စစ်ရှောင်တစ်ဦးက ပြောပါတယ်။
AA ကတော့ မောင်တောမြို့ကို မတိုက်ခင်ကတည်းက ဒေသခံတွေကို ဘေးလွတ်ရာတိမ်းရှောင်ကြဖို့ ကြိုတင်သတိပေးတာတွေလုပ်ခဲ့ပေမယ့် မြို့ပေါ်နေသူအများစုဟာ တိုက်ပွဲဖြစ်လာတဲ့အခါ မြို့တွင်းမှာ ပိတ်မိခဲ့ကြပါတယ်။
မောင်တောမြို့ပေါ်က စစ်ကောင်စီရဲ့ နခခ(၅)မြို့သူကြီးတပ်စခန်းကို AA က ဆက်လက်ထိုးစစ်ဆင်နေသလို ပိတ်မိနေတဲ့ မြို့ပေါ်က ရခိုင်၊ ဟိန္ဒူနဲ့ မွတ်ဆလင်ဒေသခံတွေကို ကယ်ထုတ်ပေးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
မောင်တောမြို့ကို AA က သိမ်းပိုက်နိုင်ခဲ့ရင် မေယုမြစ်အနောက်ဘက်ကမ်းတစ်လျှောက်မှာ စစ်ကောင်စီ ကင်းစင်သွားမှာ ဖြစ်ပါတယ်။
ပုံစာ- မောင်တောမြို့နယ်ထဲက စစ်ကောင်စီစခန်းတစ်ခုကို သိမ်းယူနေတဲ့ AA တပ်ဖွဲ့ဝင်များ။
ဓါတ်ပုံ- AA Info Desk
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

