ရန်ကုန် – ၂၀၂၄ နိုဝင်ဘာ ၂၉ (မော်ကွန်း)
အာရက္ခတပ်တော် (AA) ဟာ ရခိုင်ပြည်နယ်က ခရိုင်မြို့ကြီးတစ်ခုဖြစ်တဲ့ တောင်ကုတ်မြို့နယ်ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီလို့ မနေ့ကညပိုင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကစပြီး AA တပ်တွေဟာ စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး တစ်နှစ်ကျော်အတွင်း ချင်းပြည်နယ်က ပလက်ဝမြို့နယ်အပါအဝင် မြို့ပေါင်း ၁၂ မြို့ထိ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ။
တစ်နှစ်အတွင်းမှာ ပလက်ဝ၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲ၊ ဘူးသီးတောင်၊ သံတွဲနဲ့ တောင်ကုတ်မြို့တွေကို သိမ်းယူထားနိုင်ခဲ့တာပါ။
AA တပ်တွေဟာ တောင်ကုတ်မြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီရဲ့ တောင်ကုတ်မြို့ရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စွဲထားတဲ့ တပ်စခန်း ၁၀ ခုကို အခုလ ၄ ရက်ကနေ ၂၀ ရက်ထိ ၁၇ ရက်ကြာ ထိုးစစ်ဆင်ခဲ့ပြီး အခုလ ၂၄ ရက်မှာတော့ တောင်ကုတ်မြို့ကို အလုံးစုံထိန်းချုပ်ထားနိုင်ပြီလို့ AA သတင်းနဲ့ပြန်ကြားရေးက ထုတ်ပြန်ခဲ့တာပါ။
ဒါ့အပြင် တောင်ကုတ်မြို့နယ်မှာ စစ်ကောင်စီရဲ့ အဓိက စခန်းကြီးတွေဖြစ်တဲ့ စကခ (၅) တပ်မဌာနချုပ်နဲ့ စကခ (၅) လက်အောက်ခံတပ်ရင်းတွေဖြစ်တဲ့ ခမရ (၃၄၆) ၊ ခမရ (၅၄၄) စတဲ့ တပ်ရင်းဌာနချုပ်တွေကိုလည်း AA တပ်တွေက တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေပြီလို့လည်း အသိပေးထားပါတယ်။
တောင်ကုတ်မြို့နယ်ဟာ ရခိုင်ပြည်နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းကို ဆက်သွယ်ထားတဲ့ ကုန်းလမ်း၊ ရေလမ်းဆုံရာမြို့ဖြစ်ပြီး ပဲခူးတိုင်း ပြည်မြို့ကိုလည်း ကားလမ်းပေါက်တဲ့ ဒေသတွင်း အချက်အခြာကျတဲ့ နေရာမှာ တည်ရှိတာပါ။
AA တပ်တွေဟာ သိမ်းပိုက်ဖို့ ကျန်နေသေးတဲ့ မြို့တွေကိုလည်း ဆက်လက်သိမ်းပိုက်ဖို့ ထိုးစစ်ဆင်နေပြီး ဒီလပိုင်းထဲမှာ စစ်ကောင်စီရဲ့ လက်ကျန်မြို့တွေဖြစ်တဲ့ အမ်း၊ ဂွ၊ မြို့နယ်တွေနဲ့ မောင်တောမြို့နယ်မှာ တစ်ခုတည်းကျန်ရှိနေသေးတဲ့ နခခ (၅) တပ်စခန်းတွေကို အပြီးသတ်သိမ်းပိုက်ဖို့အတွက် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ဒီဒေသတွေမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။
မြို့နယ်ပေါင်း ၁၇ မြို့နယ်ရှိတဲ့ ရခိုင်ပြည်နယ်ထဲမှာ စစ်တွေ၊ ကျောက်ဖြူ၊ အမ်း၊ မာန်အောင်၊ ဂွ စတဲ့မြို့နယ်တွေပဲ စစ်ကောင်စီတပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေသေးတာပါ။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့အကြား နှစ်ချီကြာတဲ့ တိုက်ပွဲတွေကြောင့် နေ့ရပ်စွန့်ခွာရတဲ့ စစ်ဘေးရှောင်တွေလည်း မြင့်တက်နေပြီး ရခိုင်စစ်ဘေးရှောင်အရေအတွက် ခြောက်သိန်းထက်မနည်းရှိတယ်လို့ စစ်ဘေးရှောင်ကူညီနေသူတွေက ခန့်မှန်းထားပါတယ်။
ပုံစာ – တောင်ကုတ်မြို့နယ်ရဲ့ မြေပုံအညွှန်း
ဓါတ်ပုံ – AA Info Desk

