ရန်ကုန် – ၂၀၂၃ စက်တင်ဘာ ၄ (မော်ကွန်း)
တရုတ်နိုင်ငံနယ်စပ် မူဆယ်မြို့ကနေ ယာယီနယ်စပ်ဖြတ်ကျော်ခွင့်ကတ်နဲ့ တရုတ်နိုင်ငံထဲဝင်ရောက်ခွင့်ကို ဒီနေ့မနက်ပိုင်းမှာ စတင်ခွင့်ပြုလိုက်တယ်လို့ မူဆယ်ဒေသခံတွေဆီကသိရပါတယ်။
တရုတ်နိုင်ငံကိုသွားရောက်မယ့်သူတွေဟာ မူဆယ်မြို့က နယ်စပ်ဂိတ်တွေဖြစ်တဲ့ နန်းတော်ဂိတ်၊ ဆင်ဖြူဂိတ်နဲ့ မန့်ဝိန်းဂိတ်တွေမှာ ယာယီနယ်စပ်ဖြတ်သန်းခွင့်ကတ် Temporary Border Pass (TBP) ပြုလုပ်ရမှာဖြစ်တယ်လို့ မူဆယ်မြို့ခံ ကမ်းလက်လူမှုကူညီရေးအသင်းက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
“အခုချိန်ဆိုရင်တော့ ဝင်ဖို့ထွက်ဖို့စောင့်နေတဲ့သူတွေ တော်တော်များတယ်၊ အဲ့ဒီအတွက် ကတ်လုပ်ဖို့ တန်းစီတာတွေတော့ များပါတယ်။ ဒီမနက်ပိုင်းတင် လူကတော့ထောင်ချီသွားတယ်” လို့ သူကပြောပါတယ်။
အဆိုပါ နယ်စပ်ဖြတ်သန်းခွင့်ကတ်ကိုင်ဆောင်သူတွေကို တရုတ်နိုင်ငံ ရွှေလီ၊ ဂျယ်ခေါင် စတဲ့ မြို့ဧရိယာတွေအတွင်း ခြောက်ညအိပ်ခုနှစ်ရက် နေထိုင်ခွင့်၊ သွားလာလည်ပတ်ခွင့်ရရှိမယ်လို့ ဆိုပါတယ်။
ကတ်ပြုလုပ်လိုသူတွေအနေနဲ့ မှတ်ပုံတင်မူရင်းနဲ့ လာရောက်လုပ်ဆောင်ရမှာဖြစ်ပြီး ကတ်အတွက် မြန်မာငွေ ၂,၀၀၀ ကျပ် ကျသင့်မယ်လို့ သိရပါတယ်။
လက်ရှိ နယ်စပ်ဂိတ်ဝင်ရောက်ခွင့်ပြုမှုက မြန်မာနိုင်ငံဘက်ကပဲ ဝင်ရောက်ခွင့်ကို ခွင့်ပြုပေးထားတာဖြစ်ပြီး တရုတ်နိုင်ငံမှာ ယခင်ရောက်ရှိနေသူတွေအနေနဲ့ နှစ်နိုင်ငံအစိုးရရဲ့ ပြည်တော်ပြန်အစီအစဉ်အနေနဲ့ ပဲ လက်ခံပေးထားတယ်လို့ မူဆယ်ဒေသခံတစ်ဦးက ပြောပါတယ်။
“တရုတ်ပြည်ဘက်က ပြန်ထွက်လာဖို့အတွက် ခွင့်ပြုတာတော့ မရှိသေးဘူး၊ ပြည်တော်ပြန် အစီအစဉ်ပဲရှိသေးတယ်။ အရင်တုန်းက ဝင်ထားတဲ့သူတွေကိုလည်း ထွက်ခွင့်ပြုပြီးတော့ ပြန်ဝင်ခွင့်ပြုရင်တော့ ပိုကောင်းတာပေါ့။ အခုတော့ အဲ့ဒီလိုတော့ မရှိသေးဘူး။ ပြည်တော်ပြန်အစီအစဉ်နဲ့ ပြန်လွှတ်တာတွေပဲ ရှိသေးတယ်” လို့ ၎င်းကပြောပါတယ်။
တရုတ်နိုင်ငံ ရွှေလီနဲ့ ဂျယ်ခေါင်မြို့တို့မှာ အလုပ်ကြမ်းသမား လိုအပ်ချက်တွေကြောင့် ပြန်ဖွင့်ပေးလိုက်တယ်လို့ ကြားသိရပြီး မြန်မာနိုင်ငံဘက်က အလုပ်အကိုင်လိုအပ်နေသူတွေ ဝင်ရောက်လာတယ်လို့ မူဆယ်နယ်စပ်ကုန်သွယ်ရေးလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။
“အရင်က ကုန်စည်တွေပဲတင်ခွင့်ပေးထားတာပေါ့၊ အခုကတော့ ဖြတ်သန်းသွားလာခွင့် ယာယီနေထိုင်ခွင့် ပေးလိုက်တဲ့သဘောပေါ့၊ ရွှေလီ၊ ဂျယ်ခေါင်မှာ အလုပ်သမားလိုအပ်ချက်တွေကြောင့် ဖွင့်ပေးလိုက်တယ်လို့ သုံးသပ်လို့ရတယ်။ ဥပဒေအတိုင်းဆိုရင်တော့ အဲ့ဒီကတ်နဲ့ အလုပ်လုပ်လို့တော့မရဘူး၊ ဒါပေမယ့် ဒီမှာတော့ အရင်တည်းက ယာယီဖြတ်သန်းခွင့်ကတ်နဲ့ ဝင်လိုက်ထွက်လိုက် အလုပ်လုပ်နေတဲ့ မြန်မာတွေ အများကြီးရှိတယ်။ အခုလည်း အလုပ်သမားရုံးမှာလည်း လူတွေအများကြီးပဲ” လို့ ၎င်းက ပြောပါတယ်။
နှစ်နိုင်ငံ နယ်စပ်ဂိတ်တွေကနေ ဖြတ်သန်းသွားလာခွင့်ကို ကိုဗစ်ဖြစ်ပွားခဲ့တဲ့ ၂၀၂၀ အတွင်းက ယာယီပိတ်ထားခဲ့တာဖြစ်ပြီး သုံးနှစ်ကျော်အကြာမှာ ပြန်ဖွင့်ပေးလိုက်တာဖြစ်ပါတယ်။
ပုံစာ – ဒီနေ့မနက်ပိုင်းမှာ ယာယီဖြတ်သန်းခွင့်ကတ်တွေ ပြုလုပ်ပေးနေပုံ
ဓာတ်ပုံ – ကမ်းလက် လူမှုကူညီရေးအသင်း (မူဆယ်)
#Dailynews

