ဓါတ်ပုံ-Khaung Hsu Thar
မုံရွာ – ၂၀၂၁ ဇွန် ၂၁ (မော်ကွန်း)
စစ်ကိုင်းတိုင်း မုံရွာမြို့မှာ ဒီကနေ့ ဇွန်လ ၂၁ရက်နံနက်ပိုင်းက မုံရွာမြို့ရဲ့ ပင်မသပိတ်စစ်ကြောင်းဟာ မြို့လယ်မီးပွိုင့်အထိတက်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။
မုံရွာပင်မဆိုင်ကယ်သပိတ်စစ်ကြောင်းဟာ မြို့လယ်မီးပွိုင့်မှာ ရပ်တန့်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံတွေကို ဟစ်ကြွေးခဲ့ပါတယ်။
“မုံရွာဟာသွေးမအေးဘူး အချိန်အခါတခုအတွက် စောင့်ပြီး ပြင်ဆင်နေတာဖြစ်တယ်။
စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေကြားကနေ ရုန်းထွက်ပြီး နေ့စဉ်ရက်ဆက်မပြတ် အာဏာရှင်ကိုဆန့်ကျင် တော်လှန်နေကြတာဖြစ်ပြီး အခါအခွင့်သင့်ရင် သင့်သလို မုံရွာမြို့ရဲ့ လမ်းမကြီးတွေထက်ကို ချီတက်ပြီး သပိတ်မှောက်ဆန့်ကျင်နေတာဖြစ်တယ်” လို့ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေကို မုံရွာက စစ်အာဏာရှင်ဆန့်ကျင်ရေးလူငယ်တွေ မကြာခဏခံခဲ့ရပြီး ကိုဝေမိုးနိုင်အပါအဝင် တက်ကြွလှုပ်ရှားသူတွေ ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။
#Dailynews

