၂ဝ၁၈၊ ဖေဖော်ဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၄)မှ Postcard ဖြစ်ပါသည်။
သက်ဦးမွန် ရေးသည်။
စစ်တွေလေဆိပ်ကို ခြေချလိုက်တာနဲ့ လေနုအေးရဲ့ အထိအတွေ့က ရန် ကုန်ရဲ့ ပူနွေးတဲ့လေထုနဲ့ ကွာခြား လှတယ်။ ကျွန်တော်တို့အဖွဲ့ ခရီးသည် နားနေဆောင်ထဲ မဝင်ရသေးခင် လေယာဉ်ဘေးမှာ အဖွဲ့လိုက် ဓာတ်ပုံရိုက်ဖို့ လုပ်နေတုန်းမှာပဲ ယူနီဖောင်းဝတ် ရဲတစ်ယောက် အနားကပ်လာပြီး ““မီဒီယာသမား ၂၅ ယောက် ပါလာတာလား၊ ဘယ်သူခေါင်းဆောင်တာလဲ””လို့ မေး ပါတယ်။
ကျွန်တော်က လူအတိအကျမသိကြောင်းနဲ့ ခေါင်းဆောင် ကို သိချင်ရင် သွားမေးဖို့သာ ပြောပြီး အဲဒီနေရာက ထွက်လာခဲ့ပါတယ်။ သတင်းရထားတာလား၊ လုံခြုံရေးအတွက် ကြိုတင် အကြောင်းကြားထားတာလား မသိပါဘူး။ စိတ်ထဲတော့ ဘဝင် မကျသလို ခံစားလိုက်ရပါတယ်။
ဒီခရီးစဉ်က ပြည်တွင်းမီဒီယာတိုက်တွေက သတင်းထောက်တွေကို ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသ မြန်မာသတင်းမီဒီယာကောင်စီကနေ စီစဉ်ပို့ဆောင်ပေးတဲ့ ခရီးစဉ်ပါ။ ဇန်နဝါရီ ၆ ရက်ကနေ ၁၀ ရက်ထိ ငါးရက် ကြာတဲ့ ခရီးစဉ် ဖြစ်ပါတယ်။ လိုက်ပါတဲ့သူ အားလုံးပေါင်း ၂၉ ဦးပါ။
ခရီးစဉ်မစခင် တစ်ရက်အလိုမှာ မောင်တောကို လိုက်ပါ မယ့်သူတွေကို ရန်ကုန်က သတင်းမီဒီယာကောင်စီရုံးခန်းကို ဖိတ်ခေါ်ပြီး မီဒီယာကောင်စီက တာဝန်ရှိသူတွေက ခရီးစဉ်ကိစ္စကို ရှင်းလင်းပြောကြားကြတယ်။ သွားရမယ့်ခရီးစဉ်က အ်္တရာယ် များကြောင်း၊ လူအုပ်စုမကွဲဖို့နဲ့ လုံခြုံရေးသတိရှိဖို့ မှာကြားခဲ့ပါ တယ်။ (လျှို့ဝှက်ခရီးစဉ်ဖြစ်တဲ့အတွက် ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဘယ် နေရာတွေ ရောက်တယ်၊ ဘယ်နေရာ အမှတ်တရဆိုပြီး ဓာတ်ပုံ တွေ မတင်ကြဖို့ မှာကြားပါတယ်။ အဲဒီအချိန်မှာပဲ ဖေ့စ်ဘွတ်ခ် ပေါ်မှာ သတင်းထောက်တစ်ယောက်က ခရီးစဉ်ကိစ်္စ ရေးတင် ထားတာ တွေ့လိုက်ရပါတယ်။)
သတင်းစာဆရာတွေကို စစ်တွေမြို့ ပင်လယ်ကမ်းစပ်နား က စစ်တွေဟိုတယ်မှာ နှစ်ယောက်တစ်ခန်းနေဖို့ နေရာချထား ပေးပါတယ်။ ရောက်ရောက်ချင်း ဗိုက်ဆာလာတာကြောင့် အထုပ်အပိုးတွေချပြီး အတူပါလာတဲ့ ကိုမြတ်ကျော်သူ၊ ကိုမြတ် သီဟမောင်နဲ့ ဟိုတယ်က ဆိုင်ကယ်တစ်စီးငှားပြီး ထမင်းစား ထွက်ခဲ့တယ်။
မြို့ပေါ်မှာတော့ လူအသွားအလာမပြတ်ဘူး။ ဆိုင်ကယ် တွေ၊ ကားတွေနဲ့ ခပ်ရှုပ်ရှုပ်ပဲ။ ဖုန်းဆိုင်တွေ ၊ အဝတ်အထည်ဆိုင် တွေနဲ့ မြို့တော်စစ်တွေက ဖုန်တထောင်းထောင်းထနေတယ်။ လောကနန်္ဒာဘုရားဘေးက ထမင်းဆိုင်မှာ စားသောက်ပြီးတော့ ပင်လယ်ကမ်းနားကို ထွက်လာခဲ့တယ်။ ကျွန်တော့်မိတ်ဆွေ တစ် ဦးကိုလည်း ခေါ်ထားတာကြောင့် ကမ်းနားက ခုံတန်းလျားလေး တစ်ခုမှာ ထိုင်စောင့်နေခဲ့တယ်။
ဟေမန်ရာသီရဲ့ နေမင်းက ဘင်္ဂလားပင်လယ်ထဲကို မေး တင်ငိုက်မျဉ်းစပြုနေပြီ။ ကမ်းနားတစ်လျှောက် လေညင်းခံသူ တွေနဲ့ လမ်းလျှောက်နေသူအချို့ကို အနွေးထည်ကိုယ်စီနဲ့ တွေ့ရ တယ်။ နေမင်းကွယ်တော့ အအေးက ပိုလာတယ်။ ပင်လယ်ထဲက တိုးဝှေ့တက်လာတဲ့ လေအေးတွေက ဝတ်ထားတဲ့ အင်္ကျီတွေထဲ အတင်းတိုးဝင်ပြီး အသားထဲထိအောင် အေးစိမ့်သွားတယ်။
ခဏနေတော့ ချိန်းထားတဲ့ မိတ်ဆွေရောက်လာတယ်။ ကျန်းမာလား၊ အလုပ်အကိုင် အဆင်ပြေလား မေးဖြစ်တယ်။ အလုပ်အကိုင် အဆင်ပြေပေမယ့် အရင်လို စစ်တွေမှာ နေရတာ မပျော်တော့ကြောင်းနဲ့ မကြာခင် ရန်ကုန်ကို ပြောင်းလာတော့ မယ်လို့ ဆိုတယ်။
သူနဲ့ စကားတွေပြော၊ ညစာစားသောက်ပြီး ဟိုတယ် ပြန် လာခဲ့တယ်။ မောင်တောကို မနက် ၇ နာရီထွက်မယ်လို့ ခရီးစဉ်ကို အစီအစဉ်ဆွဲတဲ့ သတင်းမီဒီယာကောင်စီဝင် ကိုခိုင်မြတ်ကျော်က အသိပေးထားလို့ အထုပ်အပိုးတွေ ပြင်ထားလိုက်ပြီး စောစော အိပ်လိုက်တယ်။
လုံခြုံစိတ်ချစွာ မောင်တောသို့
ဇန်နဝါရီ ၇ ရက်၊ မနက် ၇ နာရီထိုးတော့ မနက်စာစားပြီး ဟိုတယ်က ထွက်လာခဲ့ကြတယ်။ ကျွန်တော်တို့ ယာဉ်တန်းရဲ့ ရှေ့ မှာ ရဲကားတစ်စီး တွေ့ရတယ်။ လုံခြုံရေးအတွက် စီစဉ်ထားတာ ဖြစ်ပါတယ်။
ကားမှန်အပြင်ဘက်ကို လှမ်းကြည့်တော့ မြူတွေဆိုင်းနေတယ်။ နေမင်းရဲ့ ရောင်စဉ်နုနုတွေက မြူတွေကြား ထိုးဖောက်ဖို့ အားယူနေတုန်းပဲ။ နှင်းစက်တွေကလည်း မြက်ပင်တွေမှာ တွဲလွဲ ခိုနေကြတယ်။ ဆောင်းရာသီကို အခုမှ နဖူးတွေ့ ဒူးတွေ့ ကြုံရပါတယ်။
လေးဆယ့်ငါးမိနစ်လောက် မြူနှင်းတွေကို ဖြတ်ပြီးတဲ့အခါ စစ်တွေမြို့ပြင် အနောက်ယွန်းယွန်းမှာရှိတဲ့ ရေချမ်းပြင်စက်လှေ ဆိပ်ကို ရောက်ပါတယ်။ စက်သံ၊ လူသံတွေနဲ့ လှေဆိပ်က အစောကြီးနိုးနေပါပြီ။ မနက်စောစောမှာ လူတွေ တရုန်းရုန်း၊ ရဲတွေလည်း ပါတာကြောင့် လှေဆိပ်က လူတွေက ကျွန်တော်တို့ လူစု ကို ဝိုင်းကြည့်နေကြပါတယ်။
လူက များတဲ့အတွက် စက်လှေသုံးစီး ခွဲစီးရတယ်။ တစ်စီး မှာ ရဲတစ်ယောက်စီလည်း ပါတယ်။ လူ ၁၅ ယောက်လောက် ဆံ့ တဲ့ စက်လှေကြီးတွေပါ။ အငူမော်စက်လှေဆိပ်ကို တစ်နာရီနီးပါး စီးရတယ်။ အငူမော်စက်လှေဆိပ်ရောက်တော့ ရဲတွေက အသင့် ကြိုနေတာကို တွေ့ရတယ်။
ကမ်းပေါ်တက်လိုက်တော့ ပါဂျဲရိုးနဲ့ Surf ကားတွေ တန်းစီ ရပ်ထားတာ တွေ့ရတယ်။ ကားမှန်ရှေ့တွေမှာလည်း Prsess Council ဆိုပြီး စာရွက်အဖြူတစ်ရွက် ကပ်ထားတယ်။ မေယု တောင်ကြောနဲ့ ဘင်္ဂလားပင်လယ်ကြားက ကျောက်ကြမ်းလမ်း အတိုင်း ကားနဲ့ မောင်တောထိ တိုက်ရိုက်သွားမှာပါ။ ကားခက တစ်နေ့ကို ကျပ်တစ်သိန်းခွဲ ဈေးရှိတယ်လို့ ကားဆရာက ပြောပြတယ်။
ကားတစ်စီးကို လူလေးယောက်စီးရတယ်။ ယာဉ်တန်း ရှေ့ဆုံးနဲ့ နောက်ဆုံးမှာ လုံခြုံရေးအတွက် ရဲကားတစ်စီးစီရှိတယ်။ ဒီလိုလုံခြုံရေးအပြည့်နဲ့ သတင်းယူရတာဟာ ကျွန်တော့်အတွက် ပထမဆုံးပဲ။ စိတ်ထဲမှာ လုံခြုံမှုကို ခံစားရပေမယ့် တစ်ဖက်မှာလည်း သတင်းယူတဲ့အခါ လွတ်လွတ်လပ်လပ် ယူခွင့်ရပါ့မလားလို့ တွေးမိတယ်။
လမ်းမှာ ပထမဆုံး တွေ့ရတာက မောင်တောထိ ကွန်ကရစ် လမ်းခင်းနေတဲ့ လုပ်ငန်းခွင်ပါပဲ။ Asia wallကုမ္ပဏီ က ပြီးခဲ့တဲ့နှစ် ၁၀ လပိုင်းက စခင်းနေတာဖြစ်တယ်လို့ ကားဆရာက ပြောပြတယ် ။
လမ်းလုပ်သားတွေ၊ ကုမ္ပဏီဝန်ထမ်းတွေနဲ့ မြေတူးတဲ့ ကားကြီးတွေကို တွေ့ရပါတယ်။ ယခင်ကထက် လမ်းပန်းဆက်သွယ်ရေး ကောင်းလာမယ်ဆိုရင် ဒေသဖွံ့ဖြိုးလာပြီး ပဋိပက္ခဖြစ် ဖို့ အခွင့်အလမ်းနည်းသွားမှာပဲလို့ တွေးလိုက်မိတယ်။
အရင်က ကျောက်ကြမ်းလမ်းကို မြေသားထပ်ဖို့ထားလို့ ဖုန်တထောင်းထောင်းထနေတယ်။ သွားတဲ့ လမ်းတစ်လျှောက် လမ်းဘေးဝဲယာမှာ နှစ်ရွာကျော် သုံးရွာကျော်လောက်ဆိုရင် ရဲတစ်ယောက်ကျ မတ်တတ်ရပ်ပြီး မောင်တောရောက်တဲ့အထိ လုံခြုံရေးယူပေးထားတာကိုလည်း တွေ့ရပါတယ်။
နာရီဝက်လောက် ကားမောင်းလာတော့ ဒုံးပိုက်ရွာမှာ ဆယ့်ငါးမိနစ်လောက် ကားရပ်ပေးတယ်။ ပြီးခဲ့တဲ့နှစ် သြဂုတ်လ တုန်းက ကင်းစခန်း ၃ဝ တစ်ပြိုင်တည်း အတိုက်ခံရတုန်းက ဒီရွာက ရဲစခန်းလည်း ပါဝင်ခဲ့ပါတယ်။ ရွာခံတစ်ယောက်ကို မေးကြည့်တော့ လာတိုက်တဲ့နေ့တုန်းက ဘင်္ဂါလီစကားနဲ့ ကြွေးကြော်သံ တွေ ကြားရပြီး သေနတ်သံတွေလည်း ကြားရကြောင်းနဲ့ ရွာကိုတော့ ဝင်မတိုက်သွားဘူးလို့ ပြောပြပါတယ်။ အခုအချိန်မှာတော့ အေးအေးချမ်းချမ်းပါပဲ။ ရွာထိပ်မှာလည်း စာကြည့်တိုက်ဖွင့်ပွဲ တစ်ခုလုပ်နေတာကို တွေ့ရပါတယ်။
မီးလောင်ထားတဲ့ ရွာပျက်များ
အဲဒီကထွက်လာတော့ ချိန်ခါလီကျေးရွာကို ရောက်လာတယ်။ အဲဒီရွာက စပြီးတော့ မီးလောင်ထားတဲ့ ကျေးရွာတွေကို စတွေ့လာရတယ်။ မီးလောင်ထားတဲ့ ရွာတွေက မွတ်ဆလင်ရွာတွေဖြစ်ကြောင်း ကားဆရာက ပြောပြတယ်။ မီးကျွမ်းနေတဲ့အိမ် တိုင်တွေကတော့ မည်းနက်ပြီး ထိုးထိုးထောင်ထောင် ဖြစ်နေတယ်။ တချို့တိုင်တွေဆို နွယ်ပင်တွေတောင် တက်နေပြီ။
ကြမ်းခင်းပေါ်မှာလည်း သံသေတ္တာတွေနဲ့ ကွဲကြေပျက်စီး နေတဲ့ အိုးခွက်ပန်းကန်အချို့ကိုတွေ့ရတယ်။ အိမ်မိုးသွပ်ပြားတွေ ကလည်း တွန့်လိမ်နေပြီး သံချေးအထပ်ထပ်နဲ့ပါ။ မီးသင့်ထားတဲ့ အုန်းပင်တွေကလည်း အသက်ငင်နေတဲ့ လူမမာအိုကြီးတွေလိုပဲ။ အုန်းလက်တွေက ဖြူရော်နေပြီး ငိုက်စိုက် ငိုက်စိုက်နဲ့ လေတိုက် တိုင်းယိမ်းထိုးနေကြတယ်။
အုန်းပင်တွေကို ခုတ်လှဲနေကြတာကိုလည်း တွေ့ရပါတယ်။ ထင်းအဖြစ် အသုံးပြုဖို့ ခုတ်ထားတာလို့ ကားဆရာက ရှင်းပြပါတယ်။ အိမ်တွေရဲ့ပတ်လည်မှာ ခြံစည်းရိုးသဖွယ် ခပ်စိပ်စိပ်စိုက် ထားတဲ့ ကွမ်းသီးပင်တွေ မီးသင့်ထားတာလည်း တွေ့ရပါတယ်။
ယခင်တစ်ခေါက်ရောက်တုန်းက မြင်ကွင်းတွေကို ပြန်မြင်ယောင် မိတယ်။
အရင်က ဒီမီးလောင်ထားတဲ့ ရွာတွေမှာ လူသွားလူလာ မပြတ်ဘူး။ လည်ပင်းရှည် ဘင်္ဂလားဒန်အိုးလေးတွေနဲ့ ရေခပ်နေသူတွေ၊ ဆိုင်းထမ်းနဲ့ဈေးရောင်းနေသူတွေ၊ ပြေးလွှားဆော့ကစား နေကြတဲ့ ကလေးငယ်တွေ၊ မီးခိုးတလူလူနဲ့ ချက်ပြုတ်ပြင်ဆင် နေကြပုံတွေက မျက်စိထဲ အစီအရီ ပြန်ပေါ်လာတယ်။
အခုတော့ လူမပြောနဲ့ ခွေးတစ်ကောင် ကြောင်တစ်မြီးတောင် မရှိတော့ဘူး။ မီးလောင်ပြင်တွေ ဖြစ်ကုန်ပြီ။ တစ်စပြင် အလားခြောက်ကပ်တိတ်ဆိတ်သွားပြီ။ လယ်ကွက်လေးငါးကွက် စာ အကျော် ဘင်္ဂလားပင်လယ်ထဲက လှိုင်းရိုက်သံသဲ့သဲ့ကို တောင်ကြားနေရတယ်။
အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် တပ်မတော်နဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေက နယ်မြေရှင်းရေး လုပ်ဆောင်ခဲ့ပါတယ်။ ကုလသမဂ္ဂအဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်အရ မွတ်ဆလင် ခြောက်သိန်းကျော်ဟာ ဘင်္ဂလားဒေရှ့်နိုင်ငံကို ထွက်ပြေးသွားခဲ့ကြတယ်လို့ဆိုပါတယ်။
လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch)ကလည်း အဲဒီတိုက်ခိုက်မှုဖြစ်ခဲ့တဲ့ဒေသမှာ ၂၀၁၇ သြဂုတ်၂၅ ရက်မှ စက်တင်ဘာ၂၅ ရက်အတွင်း ကျေးရွာပေါင်း ၂၈၈ ရွာ မီးရှို့ခံခဲ့ရတယ်လို့ ထုတ်ပြန်ခဲ့ပြီး အဲဒီကျေးရွာ တွေကို နယ်မြေ ရှင်းလင်းရေးလုပ်ခဲ့တဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မီးရှို့ခဲ့တာလို့ စွပ်စွဲပြောဆိုထားပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်တွေ မှာတော့ မီးလောင်ခံထားရတဲ့ ရွာတွေဟာ ဗျွှဗ အကြမ်းဖက်သမားတွေက မီးရှို့တာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
ကိုးတန်ကောက်ရွာအဝင်နားရောက်တော့ လမ်းရဲ့ ညာဘက်အခြမ်းမှာ သွပ်မိုးအပြာနဲ့ အိမ်အလုံး ၂၀ လောက် တွေ့ရတယ်။ ရွာသစ်တည်ထားတာ တစ်လပဲ ရှိသေးတယ်။ ဒီမှာနေတဲ့ သူတွေက သံတွဲမြို့ဘက်ကနေ ပြောင်းလာတဲ့သူတွေလို့ နေထိုင် သူတွေက ဆိုတယ်။ အိမ်ထောင် ၂၅ စု ရှိပါတယ်။
စစ်တွေမှာ ရုံးစိုက်ထားတဲ့ အနောက်ဘက်ဒေသ ရခိုင်အမျိုးသားနယ်မြေ ပြန်လည်တည်ဆောက်ရေး အထောက်အကူ ပြုကော်မတီရဲ့ အစီအစဉ်နဲ့ ပြောင်းရွှေ့လာကြသူတွေပါ။
နေစရာပေးမယ်၊ အိမ်ပေးမယ်၊အလုပ်အကိုင်ပေးမယ် ဆိုတဲ့အတွက် ဒီကို ပြောင်းရွှေ့ လာတာဖြစ်တယ်လို့ အဲဒီရွာသစ် က လူတွေက ရှင်းပြတယ်။ လက်ရှိနေရာအသစ်မှာတော့ စားဝတ်နေရေးနဲ့ အလုပ်အကိုင်တွေ ခက်ခဲနေသေးတယ်လို့ ပြောကြ တယ်။ အိမ်တွေလည်း ထပ်ဆောက်နေတာကို တွေ့ရပါတယ်။
ကိုးတန်ကောက်က ရသေ့တောင်မြို့နယ် အဆုံးပဲ။ အဲဒီ နောက်တစ်ရွာ သဝန်ချောင်းကနေ စပြီး မောင်တောမြို့နယ် အပိုင်ထဲ ရောက်ပါပြီ။ ကားလမ်းတစ်လျှောက် သတိပြုမိတာကတော့ ဖုန်းတာဝါတိုင်တွေ ထောင်ထားတာပါ။ မောင်တောအထိ လမ်းတစ်လျှောက် ဖုန်းလိုင်းမိပါတယ်။ ယခင်က လိုင်းမိတဲ့နေရာရှားပြီး မမိတဲ့ နေရာတွေ များပါတယ်။
ပြောင်းလဲသွားတဲ့ အင်းဒင်
သဝန်ချောင်းကျော်ရင်တော့ အင်းဒင်ဆိုတဲ့ ကျေးရွာရှိပါ တယ်။ မွတ်ဆလင်နဲ့ရခိုင် တစ်ဖက်စီ နေခဲ့ကြတဲ့ ရွာကြီးပါ။ ဒီရွာ က ကျွန်တော့်အတွက် အမှတ်တရတွေ အများကြီးရှိနေတဲ့ရွာပါ။ ဘာကြောင့်လဲဆိုတော့ ဒီရွာအကြောင်းကို ဆောင်းပါးနှစ်ပုဒ် ရေးသားခဲ့ဖူးလို့ပါပဲ။
ယခင်က အင်းဒင်ရွာမှာရှိတဲ့ ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်ဆလင်တွေဟာ စီးပွားရေးအရ တစ်ဖက်နဲ့ တစ်ဖက် အပြန် အလှန် အမှီသဟဲပြုခဲ့ကြပါတယ်။ ရခိုင်တွေပိုင်တဲ့ လယ်ယာတွေ မှာ ဘင်္ဂါလီတွေ အလုပ်လုပ်နေကြတာလည်း ရှိပါတယ်။ တစ်ဖက် မှာလည်း ဘင်္ဂါလီတွေရှာဖွေလာတဲ့ ငါး၊ ပုစွန်တွေကို ရခိုင်တွေက ဝယ်ယူအားပေးကြတယ်။
အဲဒီရွာမှာ မွတ်ဆလင်ဦးရေက ငါးထောင်ကျော်ရှိပြီး ရခိုင် တိုင်းရင်းသားတွေက ၈၅၀ ဝန်းကျင်သာရှိတယ်လို့ ကျေးရွာ အုပ် ချုပ်ရေးရုံးက စာရင်းတွေမှာ ဖော်ပြထားတယ်။ မွတ်ဆလင်ငါး ယောက်မှာ ရခိုင်တိုင်းရင်းသား တစ်ယောက်သာ ရှိတဲ့သဘောပါ။ ရွာမြောက်ပိုင်းမှာ မွတ်ဆလင်တွေ နေကြပြီး ရွာတောင်ပိုင်းမှာရခိုင်တိုင်းရင်းသားတွေ နေထိုင်ပါတယ်။
ထူးခြားတာက ရခိုင်နဲ့ မွတ်ဆလင်စုပေါင်းနေတဲ့ အဲဒီရွာ ဟာ ၂၀၁၂ ပဋိပက်္ခတုန်းက နှစ်ဖက်လူမှုအသိုင်းအဝိုင်းကြား တစ်ဖက်နဲ့ တစ်ဖက် ယုံကြည်မှုတည်ဆောက်နိုင်ခဲ့ပြီး ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ နေနိုင်ခဲ့ကြတာပါ။ အဲဒီအကြောင်းကို ၂၀၁၅ – ဇွန် ထုတ် မော်ကွန်းမဂ်္ဂဇင်းအမှတ် – ၂၄ မှာ “အင်းဒင်ရွာကပေးတဲ့ ငြိမ်းချမ်းရေး၏သင်ခန်းစာ” အမည်နဲ့ သတင်းဆောင်းပါးအဖြစ်ဖော်ပြခဲ့ပါတယ်။ အဲဒီဆောင်းပါးကို ရန်ကုန်သတင်းစာကျောင်း (့ဲှ) က ဆုရွေးချယ်ခဲ့တာကြောင့် ပိုပြီး အမှတ်တရဖြစ်စေခဲ့ တာပါ။
ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်က ဖြစ်သွားတဲ့ ပဋိပက်္ခမှာတော့ ငြိမ်း ချမ်းမှု ပျက်ပြားသွားပါတော့တယ်။ ဒီအကြောင်းကိုလည်း “မငြိမ်းချမ်းတော့တဲ့ အင်းဒင်ရွာလေး” အမည်နဲ့ ၂၀၁၇ – စက်တင် ဘာထုတ် မော်ကွန်းမဂ်္ဂဇင်းအမှတ် – ၅၀ မှာ ထပ်ရေးသားခဲ့ရ ပါတယ်။
ဒီလို အဖြစ်အပျက်တွေနဲ့ ရင်းနှီးကျွမ်းဝင်ခဲ့ရတဲ့ အင်းဒင် ရွာကို ရောက်လာပါပြီ။ ရွာထဲဝင်ဝင်ချင်းတွေ့ရတာက သစ်သား ကို ပေါင်ကွပ်ပြီး သွပ်ဆူးကြိုးတွေနဲ့ လုပ်ထားတဲ့ အရံအတားတွေ ပါ။ လမ်းပေါ်မှာ ဘယ်ညာချထားတဲ့အတွက် ကားတွေက ကွေ့ ဝိုက်ပြီး ဝင်ရပါတယ်။
အချိန်က မနက် ၁၁ နာရီခွဲပါပြီ။ ထမင်းစားနားဖို့ ကား ရပ်လိုက်ပါတယ်။ ကားပေါ်က ဆင်းဆင်းချင်း အင်းဒင်ကို အငမ်း မရ ကြည့်မိတယ်။ ကျွန်တော်ရောက်ခဲ့ဖူးတဲ့ အင်းဒင် မဟုတ် တော့ဘူး။ သူစိမ်းပြင်ပြင် ဖြစ်နေပြီ။ အင်းဒင်မှန်းသိစေမယ့် အမှတ်လက်္ခဏာတစ်ခုဖြစ်တဲ့ အင်းဒင်ရဲစခန်းကိုသာ မတွေ့ ခဲ့ရင် ကျွန်တော် မှတ်မိမယ် မထင်ပါဘူး။
ယခင်က ဒီရဲစခန်းရှေ့နဲ့ ဘေးတစ်လျှောက်က ကုန်စုံဆိုင် တွေ ဆံပင်ညှပ်ဆိုင်တွေ၊ ထမင်းဆိုင်တွေနဲ့ စည်ကားနေခဲ့တာ။ အိမ်တွေကလည်း ခပ်စိပ်စိပ်ပဲ။ ကျွန်တော် အင်တာဗျူးခဲ့တဲ့ အင်း ဒင်ကျေးရွာ မွတ်ဆလင်ဘက်က ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆွေ ယောတူဆောင် အိမ်ကို လှမ်းကြည့်လိုက်တော့ မီးလောင်ထားတဲ့ နေရာကိုပဲ တွေ့ရပါတယ်။
သူက အင်းဒင်ကျေးရွာ ငြိမ်းချမ်းမှုမှာ အဓိကပါဝင်ဆောင် ရွက်ခဲ့သူ ဖြစ်ပါတယ်။ မွတ်ဆလင်တွေဘက်ကို ထိန်းသိမ်းပြီး ရခိုင်တွေကိုလည်း စိုးရိမ်မှုမရှိဖို့ သတင်းစကားပါးခဲ့သူပါ။ ပြီးခဲ့တဲ့ နှစ်က ဖြစ်ပွားတဲ့ဖြစ်စဉ်မှာ အကြမ်းဖက်သမားတွေရဲ့ အဖမ်းခံ လိုက်ရတယ်လို့ သတင်းကြားရပါတယ်။
မကြာသေးခင်ကလည်း ဒီရွာကသုသာန်မှာ အမည်မသိ အလောင်းဆယ်လောင်း တွေ့တာနဲ့ ပတ်သက်ပြီး စုံစမ်းမှုတွေ ပြု လုပ်နေတုန်းပါပဲ။
( စစ်တွေမြို့ကို ပြန်ရောက်တဲ့ ဇန်နဝါရီ ၁၀ ရက် ညနေပိုင်း မှာတော့ တွေ့ရှိခဲ့တဲ့ အလောင်း ၁၀ လောင်းဟာ အကြမ်းဖက် သမားတွေ ဖြစ်ပြီး ဖမ်းဆီးရမိတဲ့အချိန်က နယ်မြေမှာ အကြမ်း ဖက်တိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားနေတာကြောင့် ၎င်းင်း အကြမ်းဖက်သမား ၁၀ ဦးကို ရဲစခန်းသို့ လက်ဆင့်ကမ်းပို့ဆောင် နိုင်တဲ့ အခြေအနေ မရှိတဲ့အတွက် ၎င်းင်းတို့ကို သုသာန်သို့ ခေါ် ဆောင်သတ်ဖြတ်ရန် ဆုံးဖြတ်ခဲ့တာကို စစ်ဆေးတွေ့ရှိခဲ့ပါတယ် လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ ဖေ့စ်ဘွတ်ခ် စာမျက် နှာမှာ သတင်းထုတ်ပြန်ထားပါတယ်။
ဆက်လက်ပြီး သတ်ဖြတ်ခဲ့သူတွေထဲမှာ အင်းဒင်ကျေးရွာ သားအချို့ ပါဝင်ပြီး ပါဝင်ပတ်သက်နေတဲ့ ရွာသားတွေ၊ ထိတွေ့ တိုက်ခိုက်မှုစည်းမျဉ်းများ (Rules of Engagement) ကို ချိုး ဖောက်ခဲ့တဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များနဲ့ ဖြစ်စဉ်တွင် တိုက်ရိုက် ပါ ဝင်ပတ်သက်မှု မရှိပေမယ့် ကွပ်ကဲရန် တာဝန်ရှိသူတွေကိုလည်း ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ထုတ် ပြန်ခဲ့ပါတယ်။)
ထမင်းဆိုင်ကနေ ပင်လယ်ကမ်းခြေဘက်ကို လှမ်းကြည့်မိ တော့ လှေတွေ ကမ်းပေါ်မှာ ပြန့်ကျဲနေတာကို တွေ့ရပါတယ်။ မွတ်ဆလင်တွေ ပစ်ထားခဲ့ကြတဲ့ လှေတွေလို့ ထမင်းဆိုင်က ဒေသခံတစ်ဦးက ပြောပြပါတယ်။ မီးလောင်ပြင်တွေအကြောင်း ကို မေးကြည့်တော့ မွတ်ဆလင်တွေက သူတို့အိမ်တွေကို မီးရှို့ပြီး ထွက်ပြေးသွားကြတယ်လို့ဆိုပါတယ်။
အင်းဒင်မှာ တစ်နာရီလောက်ရပ်နားပြီး ထွက်လာခဲ့ကြပါ တယ်။ အင်းဒင် မွတ်ဆလင်ရွာအထွက်မှာ မီးလောင်ထားတဲ့ ဟိုင်းလပ်ကားတစ်စီးကို တွေ့ရပါတယ်။ အဲဒီကလွန်တော့လမ်းရဲ့ ညာဘက်အခြမ်းမှာ ရခိုင်ရွာကို လှမ်းတွေ့ရပါတယ်။ စေတီတစ်ဆူ နဲ့ ရွာထိပ်က ဘုန်းကြီးကျောင်းကို လှမ်းမြင်ရပါတယ်။ စိတ်ထဲ ကနေ အင်းဒင်ကို လှမ်းနှုတ်ဆက်လိုက်ပါတယ်။
အနိဋ္ဌာရုံတွေထဲက ကမ်းသာယာများ
အင်းဒင်ကထွက်ပြီး နာရီဝက်လောက်ကြာတော့ ပင်လယ် ကမ်းစပ်မှာ အဆောက်အအုံတွေ တန်းစီဆောက်လုပ်နေတာကို တွေ့ရပါတယ်။ ကျောက်ပန်္ဒူရွာနားက ကျောက်ပန်္ဒူကမ်းခြေပါ။ ကျောက်ပန်္ဒူဆိုတဲ့ အဓိပ်္ပာယ်က မြန်မာလို ကျောက်ဆေးအိုးလို့ အဓိပ်္ပာယ်ရပါတယ်။ ပင်လယ်ထဲက ဆေးအိုးပုံသ္ဌာန် ကျောက် တုံးကို အစွဲပြုပြီး ခေါ်ဝေါ်ကြတာပါ။ ခရီးသွားတွေ လာရောက် လည်ပတ်ဖို့ ကမ်းခြေကို အဆင့်မြှင့်တင်နေတာလို့ ဒေသခံတွေ က ပြောပြတယ်။ သတင်းစာဆရာအဖွဲ့တွေ ကမ်းခြေမှာ ဓာတ်ပုံ ဆင်းရိုက်ကြပါတယ်။ လာရောက်လည်ပတ်သူတွေကိုလည်း တွေ့ ရတယ်။
ကျောက်ပန်္ဒူက အထွက်မှာ ရွာပျက်တွေကို ခပ်စိပ်စိပ် တွေ့လာရတယ်။ တချို့ ရွာပျက်တွေမှာ ဘတ်ဟိုးကားတွေနဲ့ အပျက်အစီးတွေကို ရှင်းလင်းနေတာကိုလည်း တွေ့ရပါတယ်။ ဥဒေါင်းကျေးရွာမရောက်ခင် ဥဒေါင်းတံတားကို ဖြတ်ရတယ်။ အဲဒီကနေ ကွန်ကရစ်လမ်းက စပါတယ်။ မောင်တောအထိပါ။ တံတားရဲ့ အောက်မှာ လှေပျက်တွေက အပုံလိုက် ကမ်းပေါ်တင် နေကြတယ်။
စီးလာတဲ့ကားတွေက ဥဒေါင်းကျေးရွာထဲကို ဝင်လိုက် တယ်။ ရွာက တော်တော်ကြီးတယ်။ ရဲစခန်း၊ ဆေးခန်း ၊ ရေခဲစက်၊ အထက်တန်းကျောင်း၊ ဈေးရုံတစ်ခုနဲ့ အုတ်နဲ့ အခိုင်အမာဆောက် ထားတဲ့ အဆောက်အအုံတွေကို တွေ့ရတယ်။ အခိုင်အမာရွာကြီး တစ်ရွာပါပဲ။ ငါးဖမ်းပိုက်တွေ ပြန့်ကျဲနေတာကိုလည်း တွေ့ရ ပါတယ်။
ထူးခြားတာတစ်ခုက မီးလောင်တဲ့အိမ်တွေထက် အိမ်တွေ အလုံးလိုက် ကျိုးပဲ့ပျက်စီးနေတာကို ပိုတွေ့ရတယ်။ မုန်တိုင်း တစ်ခု ခပ်ကြမ်းကြမ်း ဝင်ရောက်သွားသလိုပဲ မြင်မြင်သမျှ ဖရိုဖရဲ ဖြစ်နေပါတယ်။ လူသူလေးပါး ကင်းမဲ့နေပြီး ရွာလယ်လမ်းတစ် လျှောက် ကျွန်တော်တို့ စီးလာတဲ့ကားသံက လွှမ်းမိုးထားတယ်။ ဆင်းပြီး ဓာတ်ပုံရိုက်ချင်ပေမယ့် ကားမရပ်ပါဘူး။ ရှေ့က ဦး ဆောင်သွားတဲ့ လုံခြုံရေးကားနောက်ကိုသာ မျက်ခြည်မပြတ် တန်းစီပြီး လိုက်နေတာကို တွေ့ရတယ်။
ရွာလယ်လမ်းကနေ ၁၅ မိနစ်လောက် မြေသားလမ်း ခပ် ကြမ်းကြမ်းကို ဖြတ်သန်းပြီးတဲ့အခါမှာတော့ အလယ်သံကျော် ကမ်းခြေကို ရောက်ပါတယ်။ လေတဖြူးဖြူးနဲ့ အနားယူလို့ ကောင်းတဲ့ နေရာတစ်ခုပဲ။ ကမ်းခြေမှာ ကြိုတင်စီစဉ်ထားတဲ့ အတိုင်း အမောပြေ အုန်းရည်သောက်ကြတယ်။ သြင်္ကန်ကာလ ဆိုရင် ဒီကမ်းခြေက လူတိုးလို့မပေါက်ဘူးလို့ ဒေသခံတစ်ဦးက ရှင်းပြတယ်။
ကမ်းခြေက ပြန်ထွက်တော့ ညနေသုံးနာရီထိုးတော့မယ်။ နောက်ထပ်ဝင်တဲ့ ရွာက မြိုတိုင်းရင်းသားတွေကို နေရာချထား ပေးတဲ့ ရွာသစ်ပါ။ ယခင် သူတို့က မေယုတောင်ပေါ်မှာ နေကြ တာပါ။ ပဋိပက်္ခဖြစ်တဲ့အခါ တောင်ပေါ်မှာနေတဲ့ သူတို့တိုင်းရင်း သားတွေက အစိုးရကို သတင်းပေးတယ်လို့ဆိုပြီး အကြမ်းဖက် သမားတွေက မြိုတိုင်းရင်းသားရှစ်ဦးကို သတ်ပစ်ခဲ့တယ်လို့ မြို တိုင်းရင်းသား ရွာလူကြီး ဦးစံထွန်းက ရှင်းပြပါတယ်။ အသတ်ခံရ တဲ့အထဲ သူ့သားတစ်ဦးလည်း ပါသွားတယ်လို့ ဆိုတယ်။
ဒီရွာကို သူတို့ရောက်တာ နှစ်လပဲ ရှိပါသေးတယ်။ တောင် ပေါ်မှာနေစဉ်က လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေးနဲ့ ပညာ ရေးကိစ်္စတွေမှာ နိမ့်ကျတယ်လို့ ဆိုပါတယ်။ ဆေးခန်းကိုသွားဖို့ ဝါးဖောင်တွေနဲ့ ချောင်းရိုးတွေထဲက စုန်ဆင်းလာရတယ်လို့ ဆိုပါ တယ်။ လက်ရှိ ဒီရွာမှာ လူဦးရေသုံးရာနီးပါး ရှိပြီး အိမ်ထောင်စု ၅၁ စု ရှိပါတယ်။ တောင်ပေါ်က မြိုသုံးရွာစလုံးကို စုပြီး အစိုးရက နေရာချပေးထားတာ ဖြစ်တယ်လို့ ရွာလူကြီးက ရှင်းပြပါတယ်။
ဒဏ်ရာများနဲ့ မောင်တော
မြိုရွာကထွက်လာတော့ လေးနာရီစွန်းစွန်းဖြစ်နေပါပြီ။ လေးနာရီခွဲမှာတော့ မောင်တောမြို့အဝင်လမ်းကို ရောက်လာ ပါတယ်။ မြို့အဝင်နားက မြို့သူကြီးဆိုတဲ့ရွာကတော့ ပြာကျနေ ပါပြီ။ မြို့အဝင်မုခ်ဦးကတော့ ဆေးတွေ ကွာကျလို့ အရောင်ပြယ် လွင့်နေပြီ။ “မောင်တောမြို့၊ ရခိုင်ပြည်နယ်၏ နယ်စပ်မြို့တော်”ဆိုပြီး ရေးထားတဲ့ တြိဂံပုံစံမုခ်ဦး အပေါ်ပိုင်းလည်း မရှိတော့ဘူး။
ယခင်က မြို့ထဲဝင်တာနဲ့ ဆိုင်ကယ်တွေ၊ ကားတွေ တဝီဝီ သွား လာနေတာကို ရှောင်တိမ်းမောင်းခဲ့ရတာ။ လမ်းဘေး လက်ဖက် ရည်ဆိုင်တွေမှာလည်း လူတွေကအပြည့်။ အခုတော့ လူက ရှင်း နေတယ်။ ပဋိပက်္ခဖြစ်စဉ်ကြောင့် မောင်တောရဲ့ လူဦးရေ ထက် ဝက်နီးပါး လျော့နည်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြို့ထဲမှာ မွတ်ဆလင်တွေ များပါတယ်။ ဈေးဆိုင်အများစု က မွတ်ဆလင်ဆိုင်တွေပါ။ တချို့ဆိုင်တွေက ပိတ်ထားတယ်။ ပိတ်ထားတဲ့ ဆိုင်ခန်းတံခါးတွေမှာ အနည်းဆုံး သော့သုံးလုံးက နေ လေးငါးခြောက်လုံးအထိ သံတန်းတွေနဲ့ တန်းစီခတ်ထား ကြပါတယ်။
ကျွန်တော်တို့ရောက်သွားချိန်မှာ ဆိုင်ခန်းတွေ ပိတ်ဖို့ ပြင် နေကြပါပြီ။ ညမထွက်ရ အမိန့်ထုတ်ထားတဲ့အတွက် စောစော သိမ်းနေကြတာ ဖြစ်ပါတယ်။ ယခင်ရောက်ခဲ့တုန်းကလည်း ည မထွက်ရ အမိန့်ထုတ်ထားပေမယ့် မြို့က တက်ကြွနေခဲ့တာ။ ယခု မြင်နေရတဲ့ မြို့နဲ့ တခြားစီပဲ။
မြို့ထဲကနေ ဖြတ်ပြီး ကညင်ချောင်း စီးပွားရေးဇုန်တည် ဆောက်ရေးလုပ်ငန်းခွင်ကို ဝင်တယ်။ မြို့ရဲ့ အနောက်ဘက်မှာရှိတဲ့ နယ်စပ်အဝင်အထွက်ဂိတ်ကိုလည်း ခဏဝင်ပါတယ်။ မနက် ၇ နာရီကနေ မရပ်မနား ခရီးနှင်ခဲ့ရတာ ညနေ ၆ နာရီထိုးတဲ့အခါ လူက ငြီးစီစီနဲ့ ပင်ပန်းလာပါတယ်။ ပါလာတဲ့ အသက်ကြီးတဲ့ သူတွေတော့ ဘယ်လိုနေမယ် မသိဘူး။
နောက်ထပ် သွားတဲ့နေရာကတော့ နယ်စပ်စည်းရိုး ကာရံ ထားတဲ့ နေရာပါ။ စည်းရိုးမှာ ဓာတ်ပုံရိုက်ကြပါတယ်။ စည်းရိုးရဲ့ ဟိုဘက်က နတ်မြစ်မှာ ကြက်ဥနှစ်ရောင် နေလုံးကြီးက ငုပ်လျှိုးစ ပြုနေပါပြီ။ လေကလည်း တဟူးဟူး တိုက်နေတဲ့အခါ အအေး ဒဏ်က ပိုကဲလာတယ်။ စစ်တွေထက် မောင်တောက အအေးပို ပါတယ်။
နယ်စပ်စည်းရိုးကနေ ပြန်ထွက်လာခဲ့တယ်။ ဦးဥတ်္တမလမ်း ပေါ်က တည်းခိုခန်းသုံးခုမှာ လူစုခွဲပြီး ညအိပ်ဖို့ ပြင်ကြပါတယ်။ တည်းခိုခန်းက ခပ်နုံ့နုံ့ပါပဲ။ မောင်တောမှာ ဟိုတယ်မရှိပါဘူး။ မိုတယ်တစ်ခုတော့ တွေ့ပါတယ်။ မွတ်ဆလင်တစ်ဦး ပိုင်တာဖြစ် ပြီး အခု ပိတ်ထားတယ်လို့ ကားဆရာက ရှင်းပြတယ်။
တည်းခိုခန်းရောက်ရောက်ချင်း ရေချိုးဖို့ ပြင်ရတယ်။ ရာသီဥတုကလည်းအေးစိမ့်နေပြီ။ ဒါကြောင့် သွေးပူနေတုန်း ခပ်မြန်မြန်ပဲ ရေခဲတမျှ အေးစက်နေတဲ့ ရေကို ဝုန်းဒိုင်းကျဲချိုး လိုက်တယ်။ ရေချိုးလိုက်ရတော့ ပင်ပန်းနွမ်းနွယ်မှုတွေ တစ်ဝက် လောက် ပြေလျော့သွားတယ်။ ညစာကိုတော့ တည်းခိုခန်းဘေး က ထမင်းဆိုင်မှာ စီစဉ်ပေးထားပါတယ်။ ခပ်စပ်စပ်ချက်ထားတဲ့ ရခိုင်ဟင်းလျာတွေက ပင်ပန်းမှုအရှိန်နဲ့ တော်တော် စားမြိန်ပါတယ်။
ညစာစားပြီး ပြန်ထွက်လာတော့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု ရောက်နေတာကို တွေ့ရပါတယ်။ သတင်းမီဒီယာ ကောင်စီက လူကြီးတွေကို လာနှုတ်ဆက်တာလို့ သိရပါတယ်။ အင်တာဗျူးလို့တော့ မရပါဘူး။ စစ်တွေပြန်ရောက်တဲ့အခါ ထပ်မံ တွေ့ဆုံပြီး အင်တာဗျူးကြဖို့ ပြောပြီး ပြန်ထွက်ခွာသွားပါတယ်။
မောင်တော မြောက်ပိုင်းသို့
ဇန်နဝါရီ ၈ ရက် ၊ မနက် ၆ နာရီ။ တည်းခိုခန်း ဝရန်တာက နေ လှမ်းကြည့်မိတော့ အပြင်ဘက်မှာ မှောင်နဲ့ မည်းမည်းပဲ။ လျှပ်စစ်မီးက ညခြောက်နာရီကနေ မနက်ခြောက်နာရီထိပဲ ပေး ထားတယ်။ လူသူလေးပါး မတွေ့ရသေးဘူး။ တည်းခိုခန်းရဲ့ ရှေ့ ဘယ်ဘက်မျက်စောင်းထိုး မီးဖိုထားတဲ့နေရာတစ်ခုမှာ မီးလှုံနေ တဲ့ လူနှစ်ယောက်လောက်ကို ဝိုးတဝါး လှမ်းတွေ့ရတယ်။ အိပ်ရာ ထ နောက်ကျတဲ့ မောင်တောပါပဲ။
တည်းခိုခန်းကနေ ၇ နာရီခွဲလောက်မှာ စထွက်လာခဲ့ပါ တယ်။ ကားပေါ်ရောက်တော့ မောင်တောမြောက်ဘက်အခြမ်းက ကျီးကန်းပြင်၊ ကြိမ်ချောင်း၊ တောင်ပြိုလက်ဝဲစတဲ့ ရွာတွေကို သွားမယ်လို့ သိရတယ်။ မနေ့က လာခဲ့တဲ့ အငူမော်-မောင်တော ကားလမ်းတစ်လျှောက်က မောင်တောတောင်ဘက်ပိုင်းပါ။ မောင်တောမြို့ကို ဗဟိုပြုပြီး တောင်ခြမ်း၊ မြောက်ခြမ်းနှစ်ခု သတ် မှတ်ထားပါတယ်။
တောင်ပိုင်းတစ်ခွင်တော့ ရောက်ခဲ့ဖူးပေမယ့် မရောက်ဖူး သေးတဲ့ မြောက်ပိုင်းဒေသကို သွားရမယ်ဆိုတော့ ရင်ခုန်မိတယ်။ စစ်တွေ မရောက်ခင် တစ်ရက်ကပဲ မောင်တောမြောက်ပိုင်း တောင်ပြိုလက်ဝဲက ဆင်းလာတဲ့ ယာဉ်တန်း ကားမိုင်းဆွဲခံရပြီး ခုနစ်ဦး ဒဏ်ရာရခဲ့ပါတယ်။ ဗျွှဗ အဖွဲ့ကလည်း ပြန်လည်တိုက် ခိုက်တော့မယ်လို့ ဇန်နဝါရီ ၆ ရက်က လောလောလတ်လတ် ကြေညာချက် ထုတ်ထားပါတယ်။
အစိုးရရဲ့ ဝါဒဖြန့်ချိရေးသတင်းစာဖြစ်တဲ့ မြန်မာ့အလင်းမှာ လည်း ကောင်စီက ဦးစီးပြီး မောင်တောဒေသကို မီဒီယာတိုက် ဘယ်နှခုက သတင်းသမားတွေ ဘယ်နှဦး သွားနေပါတယ်ဆို တာလည်း သတင်းတက်လာပါတယ်။ လျှို့ဝှက်ခရီးစဉ် လိုက်ပါနေ တဲ့ကျွန်တော်တို့တောင် ဘယ်နေရာဝင်မယ်မှန်း ကြိုမသိရပေ မယ့် အပြင်မှာတော့ သတင်းက ပြန့်နေပါပြီ။
မောင်တောမြို့က ထွက်လာပြီး သုံးမိုင်စစ်ဆေးရေးစခန်းမရောက်ခင် လမ်းဆုံမှာ ကြိမ်ချောင်းသို့ဆိုတဲ့ လမ်းဩန်ဆိုင်း ဘုတ်အတိုင်း ဘယ်ဘက်ကို ချိုးလိုက်ပါတယ်။ ညာဘက်ဘေးမှာ မေယုတောင်ကြောကြီးကို လှမ်းမြင်ရတယ်။ တောင်ကြောနဲ့ ကားလမ်းကြားမှာ မြက်ခင်းပြင်တွေ ရှိတယ်။ မောင်တောတောင် ပိုင်းထက် ချုံနွယ်ထူထပ်ပြီး အုံ့အုံ့ဆိုင်းဆိုင်းရှိတာကို သတိပြု မိတယ်။
မီးလောင်ထားတဲ့ ရွာပျက်၊ အိမ်ပျက်၊ ကားပျက်တွေကို လည်း တွေ့ရတယ်။ လမ်းပေါ်မှာ ခရီးသည်တွေကို တင်ဆောင် လာတဲ့ ဟိုင်းလတ်ကားတွေကိုလည်း တွေ့ရပါတယ်။ မိနစ် ၂၀ လောက်ကြာတော့ ကျီးကန်းပြင်က အမှတ် ၁ နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့ရုံးကို ရောက်ပါတယ်။ ပါလာတဲ့အဖွဲ့က အမှတ်တရ ဓာတ်ပုံတွေ ရိုက်ကြတယ်။ ကျွန်တော်လည်း လူရှင်းမှ နယ်ခြား စောင့်စခန်းကို ဓာတ်ပုံဝင်ရိုက်လိုက်တယ်။
သာမန် တစ်ယောက်တည်းသွားရင် ဓာတ်ပုံရိုက်ဖို့ မပြော နဲ့ ကင်မရာမြင်ရင်တောင် စစ်လားဆေးလားခံရတဲ့ နေရာမှာ ဒီ လို ခရီးစဉ်နဲ့ လုံလုံခြုံခြုံ လာရပြီး စခန်းကိုတောင် ဓာတ်ပုံရိုက်ခွင့် ရတာဟာ တော်ရုံကံကောင်းမှု မဟုတ်ပါဘူး။ ပြီးခဲ့တဲ့လပိုင်းက တင် ကျွန်တော်တို့ ရုံးက သတင်းထောက်တစ်ဦး ဒီဒေသကို လာခဲ့တာ လိုင်းကားစီးတဲ့အခါ ဒီစစ်ဆေးရေးစခန်းကိုဖြတ်တော့ ကားသမားတွေ အစစ်ဆေးခံရကြောင်း ပြောပြထားဖူးတယ်။
ကျီးကန်းပြင်ကနေ ထွက်လာပြီးတော့ ကြိမ်ချောင်းကျေး ရွာကို ရောက်ပါတယ်။ နယ်ခြားစောင့်ရဲကွပ်ကဲမှုရုံးရှိတဲ့ ရွာကြီး တစ်ရွာပါ။ ရွာအဝင်မှာ ကျောက်ခဲတွေ စီခင်းပြီး လမ်းပြုပြင်ရေး လုပ်ငန်းတွေ လုပ်နေကြတယ်။ ကျေးရွာအစမှာပဲ မွတ်ဆလင် နေအိမ်တွေ မီးလောင်ထားတာကို တွေ့ရပါတယ်။
ရွာက နေရောင်အောက်မှာ ဖုန်တထောင်းထောင်းနဲ့ လူ တွေ စည်ကားနေတာကို တွေ့ရတယ်။ ဟိန်္ဒူဘာသာဝင် တော် တော်များများကိုလည်း တွေ့ရတယ်။ ကလေးငယ်တချို့က ရွာထဲ က ကွင်းပြင်ကျယ်ထဲမှာ ဘောလုံးကစားနေကြတယ်။ ကုန်စုံဆိုင် သုံးလေးဆိုင်ကို တွေ့ရတယ်။ ငရုတ်သီးစိမ်းနဲ့ အသီးအရွက် အချို့ ကို ခင်းကျင်းရောင်းချနေတယ်။ လမ်းမပေါ်မှာလည်း ငရုတ်သီး ခြောက်တွေကို တာပေါ်လင်စနဲ့ ခင်းပြီး ရောင်းနေကြတယ်။
အမျိုးသမီးတွေက ကလေးငယ်တွေ ချီပြီး ကျွန်တော်တို့ အဖွဲ့ကို ကြည့်နေကြတယ်။ ကြိမ်ချောင်းမှာနေတဲ့ မွတ်ဆလင်တွေ ကတော့ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားတယ်လို့ ကလေးတစ် ယောက်မိခင် ဟိန်္ဒူအမျိုးသမီးတစ်ဦးက ရှင်းပြတယ်။
ပဋိပက်္ခဖြစ်ပြီးနောက်ပိုင်း တောထဲမှာ အကြမ်းဖက်သမား တွေ ခိုအောင်းနေတာကြောင့် အရင်ကလို တောထဲတောင်ထဲ ဟင်းရွက်ခူး၊ ထင်းခွေတောင် မလုပ်ရဲတော့ဘူးလို့ သူက ပြောပါ တယ်။ လွန်ခဲ့တဲ့ နှစ်ရက်ကတောင် သေနတ်သံတွေ ကြားရတယ် လို့ ဆိုပါတယ်။ အလုပ်အကိုင်တွေလည်း ယခင်ကထက် ရှားပါး လာတယ်လို့ သူက ပြောပြတယ်။
နံနက် ၁၁ နာရီကျော်ပြီမို့ ကြိမ်ချောင်းမှာပဲ ထမင်းစား ကြပါတယ်။ ထမင်းစားပြီး တောင်ပြိုလက်ဝဲကို ဆက်သွားဖို့ ရည် မှန်းထားပေမယ့် လုံခြုံရေးအခြေအနေကြောင့် မသွားဖြစ်တော့ ဘူးလို့ ပြောသံကြားရတယ်။ ငါးခူရကျေးရွာကို ထွက်လာခဲ့ကြ ပါတယ်။
သွားရတဲ့လမ်းက မြေသားလမ်း။ မိုးရွာထားပြီး ကားတွေ ဖြတ်ထားတာကြောင့် လမ်းတွေက တွန့်ခေါက်နေတယ်။ ကျွန် တော်တို့ကားက မြင့်တဲ့အတွက် တော်သေးတယ်။ ယာဉ်တန်းမှာ ပါတဲ့ ပရိုဘောက်စ်ကားကို လှမ်းကြည့်လိုက်တော့ မြေသားလှိုင်း တွန့်တွေပေါ် ကျော်ခွပြီး ခက်ခက်ခဲခဲ မောင်းနေရတာကို လှမ်း တွေ့ရတယ်။ ကျွန်တော်တို့ ကားလည်း ဘယ်ညာစောင်းပြီး အတော်လေး လူးလွန့်နေပါတယ်။
လမ်းဘေးဝဲယာမှာ မရိတ်သိမ်းရသေးတဲ့ စပါးခင်းတွေကို တွေ့ရတယ်။ စပါးနှံတွေက ခွေခေါက်ပြီး မြေပေါ်ကျနေတယ်။ တချို့စပါးပင်တွေဆို အနှံကနေ အပင်တောင် ပြန်ပေါက်နေပါ တယ်။ မွတ်ဆလင်တွေ စိုက်ပျိုးခဲ့တဲ့ စပါးခင်းတွေလို့ ကားဆရာ က ရှင်းပြတယ်။
လယ်ကွင်းတွေထဲမှာ စပါးပုံတွေကိုလည်း ဟိုတစ်စ ဒီ တစ်စ တွေ့ရတယ်။ အစိုးရအစီအစဉ်နဲ့ ရိတ်သိမ်းနေတာ ဖြစ် တယ်လို့ ကားဆရာက ရှင်းပြတယ်။ ရိတ်သိမ်းပြီးသား စပါးတွေ ကို ဆာလာအိတ်အဝါတွေနဲ့ ထည့်ပြီး စုပုံထားတာကိုလည်း တွေ့ ရပါတယ်။
ဘာသာဝင်ပေါင်းစုံ နေတဲ့ ငါးခူရ
မောင်တောမြို့ပေါ်က လွဲလို့ ဖြတ်သန်းလာတဲ့ တောင်ပိုင်း ကနေ မြောက်ပိုင်း တစ်လျှောက်က ကျေးရွာတွေမှာ မတွေ့ ခဲ့ရ တဲ့ မွတ်ဆလင်တွေကို ငါးခူရကျေးရွာမှာ တွေ့ရတယ်။ ကလေး ငယ်တွေက ဆော့ကစားနေကြတယ်။ အမျိုးသမီးတွေက နေပူ စာလှုံနေကြတယ်။
ရွာမှာ အထက်တန်းကျောင်း ရှိတယ်။ ဈေးတစ်ခု ရှိတယ်။ အကောက်ခွန် ကင်းစခန်းတစ်ခုလည်း တွေ့ရတယ်။ ငါးခူရက ပဋိပက်္ခ မဖြစ်ခင်တုန်းက မွတ်ဆလင်၊ ဟိန်္ဒူနဲ့ ရခိုင်တိုင်းရင်း သားတွေ စုစုပေါင်း လူဦးရေတစ်သောင်းနီးပါး နေထိုင်ခဲ့တဲ့ ရွာ ကြီးပါ။ မွတ်ဆလင်က ကိုးထောင်နီးပါးနဲ့ ရခိုင်နဲ့ ဟိန်္ဒူက လူဦးရေ တစ်ထောင်ကျော် ရှိပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်က ပဋိပက္ခဖစ်ပြီးတဲ့ နောက်မှာတော့ လူဦးရေ ၁,၅၀၀လောက်ပဲ ကျန်တော့တယ်လို့ ကျေးရွာအုပ်ချုပ် ရေးမှူးရုံးက စာရင်းတွေမှာ ဖော်ပြထားတယ်။ မွတ်ဆလင်က ငါးရာကျော်ပဲရှိပါတော့တယ်။ ပဋိပက်္ခဖြစ်တဲ့အချိန် ဘင်္ဂလား ဒေ့ရှ်နိုင်ငံကို ကြောက်လန့်ပြီး ထွက်ပြေးသွားကြတာလို့ ရွာခံ တွေက ပြောပါတယ်။
ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာ အုပ်ချုပ်ရေးမှူးနဲ့ မွတ် ဆလင်အယောက်နှစ်ဆယ်လောက်ကို ခုံတွေနဲ့ ထိုင်ခိုင်းထား တယ်။ အင်တာဗျူးလုပ်ဖို့အတွက် ခေါ်ထားတာဖြစ်ပါတယ်။ သတင်းသမားတွေမေးသမျှကို ခပ်ကျုံ့ကျုံ့လေး ထိုင်ပြီး ဖြေကြ ပါတယ်။
သူတို့က တိုင်းရင်းသားထက် နိုင်ငံသားပဲ ဖြစ်ချင် ကြောင်း၊ ဒါပေမဲ့ နိုင်ငံသားကတ် လျှောက်တဲ့အခါမှာ နှစ်ပေါက်အောင် စောင့်ဆိုင်းရကြောင်းနဲ့ အေးအေးချမ်းချမ်းသာ လုပ်ကိုင်စား သောက်ချင်ကြတယ်လို့ ဖြေကြတယ်။
သတင်းမီဒီယာကောင်စီက အသက်အကြီးဆုံး သတင်း စာဆရာကြီး ဟံသာဝတီဦးအုန်းကြိုင်က မွတ်ဆလင် ရွာသား တွေကို မေးမြန်းပါတယ်။
ဦးအုန်းကြိုင်။ ။ ခင်ဗျား ဘိုးဘွားဇာတိက ဘယ်ကလဲ။
မွတ်ဆလင်တစ်ဦး။ ။ ဒီရွာမှာနေတာ။
ဦးအုန်းကြိုင်။ ။ သူတို့လည်း ဒီမှာမွေးတာလား။
မွတ်ဆလင်တစ်ဦး။ ။ ဒီမှာမွေးတာ။
ဦးအုန်းကြိုင်။ ။ သူတို့ အဖေ၊ အမေကရော ဘယ်နိုင်ငံက လာတာလဲ။
မွတ်ဆလင်တစ်ဦး။ ။ ကျွန်တော်တို့ သိရသလောက်ကတော့ ကျွန်တော်တို့ ဘိုးဘွားမိဘတွေက ဒီနိုင်ငံမှာပါပဲ။
ဦးအုန်းကြိုင်။ ။ သူတို့အစတွေကို သိလား။ ဆိုလိုတဲ့ သဘော ကတော့ ခင်ဗျားကတော့ ဒီနိုင်ငံသား ဒီမှာ မွေးတယ်။ ကျွန်တော် တို့နဲ့တော့ မတူဘူးပေါ့ဗျာ။ အိန္ဒိယဖြစ်နေတယ်။ ရိုင်းရိုင်းပြော ရင်တော့ ကုလားဖြစ်နေတယ်ဗျာ။ ဒါစကားရိုင်းတယ် မကောင်း ဘူး။ ကျွန်တော်တို့နဲ့ မတူဘူးလို့ပြောချင်တာ။ အဲဒီဟာက ဇာတိရှိရမယ်။ လူမျိုးရှိရမယ်။ အမျိုးရှိလို့သာပေါ့။ အဲဒီတော့ ခင်ဗျားတို့ရဲ့ လူကြီးအဆက်အဆက်က ဘင်္ဂလားဒေ့ရှ်က လာ သလား။ အိန်္ဒိယက လာသလား စသဖြင့် နည်းနည်းပြောပြပါ။ ဒါလေးက ကွင်းဆက်ရတာပေါ့နော်။ ရေးလို့လည်း ကောင်းတယ်။
ခဏနေတော့ မေးမြန်းနေတဲ့ နေရာကနေ ကျွန်တော် ထွက်လာခဲ့ပြီး အုပ်ချုပ်ရေးမှူးနဲ့ စကားအနည်းငယ် ပြောဖြစ် တယ်။ ရွာထဲမှာ လူ့အဖွဲ့အစည်းတွေ အချင်းချင်း ပြဿနာ မဖြစ် ခဲ့ဘဲ ထွက်ပြေးတဲ့သူတွေက သူတို့ဘာသာ ကြောက်လန့်ပြီး ထွက်ပြေးကြတာဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ အလုပ်အကိုင် ရှားပါးနေတာ ကြောင့် စားဝတ်နေရေး အခက်အခဲဖြစ်နေတယ်လို့ဆိုပါတယ်။ လုံခြုံရေးအဖွဲ့အစည်းတွေက လုံခြုံရေး ယူပေးထားလို့ နေထိုင် ရတာတော့ အဆင်ပြေတယ်လို့ ဆိုပါတယ်။
သူနဲ့ စကားပြောပြီး ငါးခူရ အထက်တန်းကျောင်း အနောက်ဘက်မှာ တည်ဆောက်ထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့လူတွေ ပြန်လာရင် လက်ခံမယ့် စခန်း တည် ဆောက်နေတာကို သွားကြည့်ပါတယ်။ ပြန်လည်လက်ခံရေးစခန်းတွေကတော့ ကုန်းလမ်းခရီးမှ ဝင်ရောက်မယ့် သူတွေအတွက် တောင်ပြိုလက်ဝဲ လက်ခံရေး စခန်း၊ ရေလမ်းကြောင်းမှ ဝင်ရောက်မယ့်သူတွေအတွက် ငါးခူရ လက်ခံရေးစခန်းတို့ ဖြစ်ပြီး လှဖိုးခေါင်စခန်းမှတစ်ဆင့် ပြန်လည် နေရာချထားရေးကိစ်္စများ ဆောင်ရွက်မှာ ဖြစ်တယ်လို့ ရခိုင် ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီထောက်ပံ့ရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (Union Enterprise for Humanitarian Assistance, Resettlement and Development in Rakhine – UEHRD) ရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
ငါးခူရကနေ နေ့လယ် ၁ နာရီခွဲလောက်မှာ ထွက်လာခဲ့ပါ တယ်။ အပြန်လမ်းတစ်လျှောက် ပင်ပန်းမှုကြောင့် အိပ်ပျော်လာ ပါတယ်။ ကျီးကန်းပြင်ကျေးရွာနား ရောက်တဲ့အခါ ပြန်လည် နေရာချထားပေးတဲ့ မြိုတိုင်းရင်းသားရွာတစ်ရွာကို လှမ်းတွေ့ရပါ တယ်။ ပလိုင်းတွေ ကျောပိုးထားပြီး တောထဲက ထွက်လာတဲ့ မြို တိုင်းရင်းသားအချို့ကိုလည်း တွေ့ရပါတယ်။
မောင်တောမြို့ပေါ်ကိုပြန်ရောက်တော့ မနေ့က အိပ်တဲ့ အခန်းမှာပဲ နေရာရပါတယ်။ မနက်ဖြန်ဆိုရင် မောင်တောကနေ ဘူးသီးတောင်၊ အဲဒီကနေတစ်ဆင့် စပိဘုတ်တွေနဲ့ စစ်တွေကို ပြန်ကြမယ်လို့ အသိပေးထားတယ်။
ဘူးသီးတောင်
ကနေ
စပိဘုတ်နဲ့
စစ်တွေသို့
ဇန်နဝါရီ ၉ ရက် နံနက် ၇ နာရီမှာ
မောင်တောကနေ စထွက်လာပါတယ်။
မြို့အထွက်မှာတော့ မုခ်ဦးကြီးက နေရောင်
နုနုနဲ့ မြူတွေထဲမှာကျန်ခဲ့ပါပြီ။ နောက်တစ်ခေါက်
အသွင်သစ်နဲ့ ပြန်ဆုံချင်ပါသေးတယ်။
ယာဉ်တန်းက ဘူးသီးတောင်မြို့နယ်
ထဲကို ဝင်လာတာနဲ့ သိသိသာသာ
အအေးပိုလာတာကို
ခံစားရတယ်။ တောင်တန်းတွေ ကာရံထားတဲ့
မြို့မို့ ထင်ပါတယ်။ ကားလမ်းမနံဘေးမှာ တောင်တန်းတွေက အလျားလိုက်ပဲ။ ကားမှန်နဲ့ ဘေးပြတင်းပေါက်တွေက ဆီးနှင်းတွေ အငွေ့ရိုက်တာကြောင့် ဖြူဖွေးလာပါတယ်။
“ဘူးသီးတောင်မြို့နယ်မှ ကြိုဆိုပါ၏”ဆိုင်းဘုတ်မှာ ကားရပ်ပြီး အမှတ်တရ ဓာတ်ပုံတွေရိုက်ကြတယ်။ ကား အပြင်ဘက်ရောက်တော့ အအေးဒဏ်ကို ပိုခံစားရတယ်။ ခိုက်ခိုက်တုန်အောင် အေးတယ်ဆိုတာမျိုး။ အအေးဒဏ် ကြောင့် ခြေဖျား လက်ဖျားတွေ တုန်လာပြီး ပါးစပ်က အငွေ့ တွေတောင် ထွက်လာပါတယ်။
မြို့အဝင်ဆိုင်းဘုတ်နားမှာ စက်ဝိုင်းပုံသ္ဌာန် လိုဏ် ခေါင်းကြီးတစ်ခုကို တွေ့ရတယ်။ အင်္ဂလိပ်လက်ထက်က ဆောက်လုပ်ခဲ့တာဖြစ်ပြီး အခုအခါ အသုံးမပြုတော့ ကြောင်း ပါလာတဲ့ ကားဆရာတွေက ရှင်းပြတယ်။
ဘူးသီးတောင် စက်လှေဆိပ်ရောက်တော့ မနက် ၈ နာရီခွဲ ရှိပါပြီ။ အသင့်စောင့်နေတဲ့ စပိဘုတ်လေးစီးပေါ် လူစု ခွဲတက် လိုက်ကြတယ်။ စပိဘုတ်က တစ်စီးကို ငှားရမ်းခ ခုနစ်သိန်းပေးရတယ်လို့ စပိဘုတ်မှာလိုက်တဲ့ အလုပ်သမား ကောင်လေးက ဆိုပါတယ်။ အရှိန်က တော်တော်မြန်တယ်။ ခရီးသည်တွေ ပုံမှန်စီး ကြတဲ့ အမြန်ရေယာဉ် သုံးနာရီနီးပါး မောင်းရတဲ့ ရသေ့တောင်ကို တစ်နာရီခန့်သာ မောင်းရတယ်။
ရသေ့တောင်မှာ ထမင်းစားပြီး စစ်တွေနဲ့ ရသေ့ တောင်ကို ဆက်သွယ်မယ့် တံတားထိုးနေတဲ့ နေရာကို သွား ကြတယ်။ မြစ်ထဲမှာ တိုင်ကြီးတွေ အခိုင်အမာတည် ဆောက်ထားပြီး ပြီ။ တံတားပြီးခဲ့ရင် စစ်တွေနဲ့ရသေ့တောင် တိုးလျှိုပေါက် သွားနိုင်တော့မှာ ဖြစ်ပါတယ်။
တံတားကနေ ဆက်ထွက်လာပြီး နာရီဝက်ခန့် မောင်းလာ တဲ့အခါ မြစ်ကမ်းနံဘေးမှာရှိတဲ့ မူစဲကျွန်းပေါ်က ဗုဒ်္ဓခြေရာ တော်ကို ဝင်ဖူးကြပါတယ်။ သိပ်မကြာခင် အလိုတော်ပြည့် ဆရာတော်ကြီးလည်း ကြွလာပါတယ်။ ကောင်စီက လူကြီးတွေနဲ့ စကားပြောကြ၊ သိလိုတာတွေ မေးကြတယ်။
(ရန်ကုန်ပြန်ရောက်တဲ့အခါ ဇန်နဝါရီ ၁၂ ရက် မဇ္ဈိမ အွန် လိုင်းသတင်းစာကနေ “ရခိုင်တွင် အများပိုင်ပုဂ်္ဂလိကသတင်းစာတစ်စောင် ထုတ်ဝေနိုင်ရေး စီစဉ်နေ”ဆိုတဲ့ သတင်းတစ်ပုဒ် တက်လာပါတယ်။ ခရီးစဉ်အတွင်း အလိုတော်ပြည့်ဆရာတော် ကြီးက မတည်ငွေကြေး စိုက်ထုတ်ဖို့သဘောတူညီမှု ရရှိခဲ့တယ်လို့ သတင်းမီဒီယာ ကောင်စီ ဒုတိယ ဥက်္ကဌ ၂ ဒေါက်တာမျိုးသန့်တင် က ပြော ကြားထားပါတယ်။ အဆိုပါ သတင်းစာကို ကောင်စီက ဦးဆောင်ပြီး အများပိုင်ဖြစ်ဖို့ ကုမ်္ပဏီတစ်ခုကို တည်ထောင် သွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။)
ခြေရာတော်ကနေ နာရီဝက်ခန့် မောင်းလာပြီး စစ်တွေကို နေ့လယ် ၂ နာရီထိုးခါနီး ရောက်ပါတယ်။ စပိဘုတ်ဂိတ်မှာ ကား တွေ လာစောင့်နေပါတယ်။ စစ်တွေဟိုတယ်မှာပဲ ညအိပ်လိုက် တယ်။ ရောက်ခါစလောက် မအေးတော့ဘူး။ စစ်တွေထက် ပို အေးတဲ့ မောင်တောမြို့ကနေ ပြန်လာတဲ့အခါ အအေးဒဏ်ကို ခံနိုင်ရည်ရှိသွားပုံပါပဲ။
စစ်တွေမြို့ပြင်က ဒုက္ခသည်စခန်း
ဟိုတယ်ကနေ မနက် ၇ နာရီမှာ ထွက်လာခဲ့ကြတယ်။ ထုံးစံအတိုင်း လုံခြုံရေးယာဉ်တစ်စီးက ရှေ့မှာ ပါပါတယ်။ စစ်တွေ မြို့ပေါ်က စီမံကိန်းနှစ်ခုကိုဝင်ပြီး လေ့လာကြတယ်။ ပြီးတော့ အနောက်ဘက်ဒေသ ရခိုင်အမျိုးသားနယ်မြေ ပြန်လည် တည် ဆောက်ရေး အထောက်အကူပြုကော်မတီကို ဆက်သွားပါ တယ်။ ကော်မတီရဲ့ ဥက်္ကဋ္ဌ ဦးခင်မောင်ကြီးက ဦးဆောင်ပြီး သူတို့ လုပ်ဆောင်နေတဲ့ အခြေအနေတွေကို ရှင်းပြပါတယ်။
ခရီးစဉ်အစတုန်းက တွေ့ခဲ့ရတဲ့ ကိုးတန်ကောက် ရွာ အဝင်နားက သံတွဲမြို့နယ်က လူတွေကို မြေနေရာပေး၊ အိမ်တွေ တည်ဆောက်ပေး၊ အသက်မွေးဝမ်းကျောင်းအတွက် အကူ အညီပေးနေတဲ့ ကော်မတီ ဖြစ်ပါတယ်။
တစ်နာရီလောက် တွေ့ဆုံမေးမြန်းပြီး မွတ်ဆလင် တွေကို နေရာချထားပေးတဲ့ စစ်တွေမြို့ပြင်က သက်ကယ် ပြင်ဒုက်္ခသည် စခန်းကို ရောက်ပါတယ်။ ဒီစခန်းက ၂၀၁၂ တည်းက ဒီနေရာ မှာရှိလာခဲ့တာ ငါးနှစ်ကျော်ပါပြီ။ ရွာကြီး တစ်ရွာအသွင် ဖြစ်နေ ပါပြီ။ လူဦးရေက ခြောက်ထောင်နီးပါး ရှိပါတယ်။
ဆိုင်ကယ်တွေ၊ ဆိုက်ကားတွေနဲ့ ဈေးဆိုင်တွေကို တွေ့ရ တယ်။ ကလေးငယ်တွေက ဘောလုံးကစားနေကြတယ်။ သုံးထပ် သားကို ဆေးဖြူသုတ်ထားတဲ့ ခပ်မြင့်မြင့် အဆောက်အအုံ နှစ် လုံးလောက် တွေ့ရပါတယ်။ အထက်တန်းကျောင်းတစ်ခုလည်း ရှိပါတယ်။
လက်ရှိအချိန်အထိ သွားလာနေထိုင်ရေးနဲ့ စားဝတ်နေရေး ကျပ်တည်းနေကြတယ်လို့ ဒုက်္ခသည်တွေကို အကူအညီပေးနေတဲ့ (Norwegian Refugee Council – NRC) အဖွဲ့မှာ လုပ်ကိုင် နေတဲ့ ကိုတင်ဇော်ထွေးက ဆိုပါတယ်။ အလုပ်အကိုင်တွေက များသောအားဖြင့် ဈေးရောင်းဈေးဝယ်အပြင် အသီးအနှံနဲ့ စပါး စိုက်ကြတယ်လို့ ရှင်းပြတယ်။
ကျန်းမာရေးအတွက် လူမှုအဖွဲ့အစည်းတွေက လာရောက် ကုသပေးတယ်။ ဒါပေမဲ့ ဆေးရုံတက်ရမယ်ဆိုရင်တော့ စစ်တွေ မြို့ပေါ်ကို လုံခြုံရေးအစောင့်အရှောက်နဲ့ သွားရပါတယ်။ သွားတဲ့ အခါ ရဲတွေကို ပိုက်ဆံပေးရတယ်လို့ ကိုတင်ဇော်ထွေးက ဆို ပါတယ်။
ဝန်ကြီးချုပ်နဲ့ တွေ့ ခွင့်ရ
ဒုက္ခသည်စခန်းမှာ နာရီဝက်လောက် လှည့်လည်မေးမြန်း ပြီး စစ်တွေမြို့ထဲကို ပြန်လာခဲ့ကြပါတယ်။ ရခိုင်အမျိုးသားပါတီ (ANP) ရုံးချုပ်ကို သွားကြတယ်။ ပါတီရဲ့ ဆောင်ရွက်ချက်နဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေက ရှင်းပြကြတယ်။
ပါတီရုံးချုပ်မှာ နာရီဝက်လောက် မေးမြန်းပြီး ထွက်လာခဲ့ ပါတယ်။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးကို သွားကြပါတယ်။ ဝန်ကြီး ချုပ်နဲ့ တွေ့ ခွင့်ရမယ်လို့ ပြောပါတယ်။ နေ့လယ် ၂ နာရီ စွန်းစွန်း မှာ အစိုးရအဖွဲ့ရုံးက ဧည့်သည်တွေကို တွေ့ဆုံတဲ့ အခန်းကျယ် တစ်ခုမှာ ဝန်ကြီးချုပ် ဦးညီပုနဲ့ တွေ့ ခွင့်ရပါတယ်။
၂၀၁၅ တုန်းကလည်း ဒီအစိုးရအဖွဲ့ရုံးမှာ ယခင်က ရခိုင် ပြည်နယ် နယ်စပ်ရေးရာလုံခြုံရေးဝန်ကြီး ဦးထိန်လင်း၊ စီမံကိန်း နှင့် စီးပွားရေးဝန်ကြီးဌာန ပြည်နယ်ဝန်ကြီး ဦးမြအောင်၊ လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနက ဩန် ကြားရေးမှူးဦးခင်စိုးနဲ့ ရဲမှူးကြီးနေမျိုးတို့ လေးဦးကို တစ်ပြိုင် တည်း အင်တာဗျူးခွင့် ရခဲ့တယ်။
နောက်တစ်နေ့မှာ လုံခြုံရေးဝန်ကြီးဦးထိန်လင်းချိတ်ဆက် ပေးမှုကြောင့် အဲဒီအချိန်က ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင် မောင်အုန်းနဲ့ တစ်နာရီကျော်လောက် အင်တာဗျူးခဲ့ရပါတယ်။ သူပြောတဲ့ စကားတစ်ခွန်းတောင် မှတ်မိပါသေးတယ်။ ရခိုင် ပြည်နယ်ကို တာဝန်ယူရပုံကို အရွှန်းဖောက် ပြောထားတာပါ။ သူ ပြောတာကတော့ ဒီလိုပါ။
““ရယ်စရာပြောရရင်တော့ ငယ်ငယ်တုန်းက ပါဆယ်ဂိမ်း ကစားတယ်မလား။ ကက်ဆက်ဖွင့်ထားတယ်။ အထုပ်ကြီးေ၀ တယ်။ ကက်ဆက်သံရပ်တဲ့ အချိန်မှာ အထုပ်ကြီးကိုင်တဲ့လူက တစ်ခုခုလုပ်ရတယ်။ အခုလည်း ကိုယ်လည်း ဒီလိုဖြစ်နေတယ်။ ဒီအထုပ်ကြီးက သွားနေတာ၊ ကိုယ့်လက်ထဲလည်းရောက်ရော ကက်ဆက်သံက ရပ်သွားတယ်။ အောက်ကို ပစ်ချလို့လည်း မရ ဘူး။ သူများပေးလို့လည်း မယူဘူး။ ကိုင်ကြည့်တော့လည်း ပျော့စိ ပျော့စိနဲ့ နည်းနည်း ခပ်တင်းတင်းကိုင်ရင်လည်း ပေါက်သွားမှာ စိုးရသေးတယ်””
လက်ရှိဝန်ကြီးချုပ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေး သွားတဲ့သူတွေကို နှစ်နိုင်ငံ သဘောတူညီချက်တွေနဲ့ ပြန်လည် လက်ခံရေးကိစ်္စတွေ၊ ပြန်လာမယ့်သူတွေ နေထိုင်ဖို့ အဆောက် အအုံ ဆောက်လုပ်နေမှုတွေ၊ ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက် နေတဲ့ ဖွံ့ဖြိုးရေးကိစ်္စတွေကို ရှင်းလင်းပြောကြားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က အကြမ်းဖက်သမားတွေ ဝင် လာမယ်လို့လည်း သတင်းတွေ ရထားကြောင်း ပြောပြတယ်။ ဒီ အတွက်လည်း လုံခြုံရေး စီစဉ်ဆောင်ရွက်ထားမှုတွေကိုလည်း ရှင်းပြပါတယ်။ ဝန်ကြီးချုပ်က မိနစ်နှစ်ဆယ်လောက် ဖြေကြားပြီး အခြားဝန်ကြီးတွေက ဆယ်မိနစ်ခန့် ရှင်းလင်းပြောကြားကြတယ်။
နာရီဝက်လောက်တွေ့ဆုံမေးမြန်းပြီး စစ်တွေဟိုတယ်ကို ပြန်လာကြပါတယ်။ ညနေ ၅ နာရီခွဲလေယာဉ်နဲ့ ရန်ကုန်ကို ပြန် ကြမှာဖြစ်ပါတယ်။ ဟိုတယ်မှာ ရေချိုးပြီး ညနေလေးနာရီမှာ လေယာဉ်ကွင်းကို ထွက်လာခဲ့ကြပါတယ်။
လေဆိပ်မှာ လေယာဉ်စောင့်နေရင်း ခရီးစဉ်အတွင်း သွား လာခဲ့ရတာတွေကိုလည်း ပြန်ပြောင်း စဉ်းစားနေမိတယ်။ အရင် တစ်ခေါက် လာတုန်းကလောက် ရွာသားတွေ၊ ဒုက်္ခသည်တွေနဲ့ တာဝန်ရှိသူတွေကို အချိန်ယူပြီး လွတ်လွတ်လပ်လပ် မေးမြန်းခဲ့ရ တာ နည်းပေမယ့် ရခိုင်ပြည်နယ်ရဲ့ အခင်းအကျင်းကို တစေ့ တစောင်း လေ့လာခွင့် ရခဲ့ပါတယ်။
အခွင့်သာရင်လည်း ရခိုင်ပြည်နယ်ကို နောက်တစ်ကြိမ် လာခွင့်ရချင်ပါသေးတယ်။ သတင်းယူရတဲ့ကိစ္စနဲ့ မဟုတ်ဘဲ ပဋိ ပက္ခတွေ ချုပ်ငြိမ်းပြီး ဖွံ့ဖြိုးတိုးတက်တဲ့ ပြည်နယ်မှာ လာရောက် အနားယူ လည်ပတ်ချင်သေးတာပါ။
- #Thet_Oo_Mon
- #mawkun
- #magazine
- #chronicle