ရေစကြို – ၂၀၂၃ မတ် ၂၁ (မော်ကွန်း)
မကွေးတ်ိုင်း၊ ရေစကြိုမြို့နယ်၊ မီးလောင်ကျွန်းရွာသစ်ကို အာဏာသိမ်းစစ်တပ်ဝင်ရောက်လာပြီးနောက် ရွာထဲတပ်စွဲထားချိန်မှာ ပြည်သူနှစ်ဦးကို သတ်ဖြတ်ထားခဲ့တယ်လို့ မီးလောင်ကျွန်းရွာဒေသခံတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
အာဏာသိမ်းစစ်တပ်ကို ကြောက်ရွံ့လို့ ဘုန်ကြီးကျောင်းကို လာရောက်ကြတဲ့ စစ်ရှောင်တွေအတွက် ထမင်းချက်တာဝန်ယူရတဲ့ အသက် ၅၀ ကျော်အမျိုးသားတစ်ဦးနဲ့ ရွာထဲက စိတ်ကျန်းမာရေးမကောင်းသူ ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦးကို သတ်ဖြတ်သွားခဲ့တာပါ။
“စိတ်ကျန်းမာရေးမကောင်းတဲ့သူကို စစ်ဆေးပြီးတော့ဓားတွေနဲ့လည်ပင်းတွေခုတ်တယ်၊ ခေါင်းတွေလည်းထိုးတယ်၊ ရင်ဘတ်တွေကောဗျ၊ တစ်ကိုယ်လုံးပေါင်တွေကောခြေထောက်တွေကော
ညှင်းပန်းနှိပ်စက်ပြီးသတ်သွားခဲ့တာ၊ သတ်ပြီးတော့သူ့ကို PDF ဝတ်စုံဝတ်ပေးခဲ့တာ”လို့ ဒေသခံကပြောပါတယ်။
ထမင်းချက်တာဝန်ယူရသူကိုတော့ သေနတ်နဲ့ ပစ်သတ်သွားခဲ့ပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ အာဏာသိမ်းစစ်တပ်လက်ချက်ကြောင့် နွေဦးတော်လှန်ရေးမှာ သေဆုံးခဲ့ရသူ အနည်းဆုံး ၃,၁၅၀ နီးပါးရှိလာပါပြီ။
အာဏာသိမ်းစစ်တပ်က မီးလောင်ကျွန်းရွာထဲကို စစ်ကြောင်းထိုးဝင်လာချိန်မှာ ရွာထဲမှာ မြောင်နယ်ကစစ်ရှောင်တွေရှိနေပြီး မြောင်နယ်၊ ဇလပ်နီရွာက အသက် ၁၆နှစ်အရွယ်အမျိုးသားတစ်ဦးကိုပစ်ခတ်ခဲ့တာကြောင့် ကျည်ထိမှန်ပြီး အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံကပြောပါတယ်။
မီးလောင်ကျွန်းရွာသစ်ထဲက နေအိမ်နှစ်လုံးကိုမီးရှို့သွားခဲ့ပြီးအခြားနေအိမ်တွေက ပစ္စည်းတွေ သယ်ဆောင်ကာအိမ်တွေကိုရိုက်ဖျက်ဆီးသွားခဲ့ပါတယ်။
ကျေးရွာအတွင်းက စစ်ရှောင်တွေနဲ့ဒေသခံတွေရဲ့ ဆိုင်ကယ်အစီး ၂၅စီးဝန်းကျင်ကို လည်း မီးရှို့ခဲ့ပြီး ဖျက်ဆီးခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်က အင်အား ၁၀၀ ဝန်းကျင်ရှိတဲ့ စစ်ကြောင်းဟာ မတ်လ ၁၉ရက်က မီးလောင်ကျွန်းရွာသစ်ထဲကိုသေနတ်ပစ်ခတ်ဝင်ရောက်လာခဲ့ပြီး ဒီနေ့ နံနက် ၃း၀၀ နာရီဝန်းကျင်မှာ ပန်းညိုရွာဘက်ကို စစ်ကြောင်းထွက်သွားတယ်လို့ ဒေသခံကပြောပါတယ်။
ပုံစာ – အာဏာသိမ်းစစ်တပ်သတ်ဖြတ်သဖြင့် သေဆုံးသွားရသူများ
ဓါတ်ပုံ – Supplied
#Dailynews

