ရန်ကုန် – ၂၀၂၅ မတ် ၅ (မော်ကွန်း)
ကရင်နီဒေသ မိုးဗြဲ-လွိုင်ကော်လမ်းပိုင်းမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲတွေနေ့စဉ်ဖြစ်နေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MB-PDF) က မနေ့ကညပိုင်းမှာ ထုတ်ပြန်လာပါတယ်။
စစ်ကောင်စီတပ်ဟာ ဒီနှစ်ဆန်းပိုင်းကစပြီး မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်ဖို့ မိုးဗြဲ-လွိုင်ကော်လမ်းအတိုင်း အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာပါ။
ဒီတိုက်ပွဲမှာ စစ်ကောင်စီဟာ လက်နက်ကြီးပစ်ကူ၊ ဒရုန်းနဲ့ လေကြောင်းပစ်ကူတွေကို ပြင်းပြင်းထန်ထန် အသုံးပြုနေတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေထဲက ထိခိုက်ကျဆုံးမှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့လကုန်ပိုင်းက မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်အပါအဝင် မဟာမိတ်ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ကာ မိုးဗြဲ PDF တပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးအပါအဝင် တော်လှန်တပ်ဖွဲ့ဝင်တချို့ ထိခိုက်ကျဆုံးခဲ့တယ်လို့ MB-PDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်ကလည်း အကျအဆုံးများခဲ့ပြီး စစ်ကောင်စီတပ်သား အလောင်း ၁၂ လောင်းနဲ့ လက်နက်ခဲယမ်းတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်ထိတော့ မိုးဗြဲမြို့အပါအဝင် ဒီလမ်းပိုင်းတချို့ကို တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်ထားဆဲဖြစ်တယ်လို့ ကရင်နီမြေပြင်သတင်းရင်းမြစ်တချို့က ပြောပါတယ်။
ဒါ့အပြင် မိုးဗြဲတိုက်ပွဲမှာ စစ်ကောင်စီတပ်ဟာ အင်အားအလုံးအရင်းအသုံးပြုပြီး ထိုးစစ်နေတာကြောင့် တော်လှန်ရေးအင်အားစုတွေအတွက် လက်နက်ခဲယမ်းနဲ့ စစ်ရေးလိုအပ်ချက်တချို့ရှိနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“စစ်ကောင်စီဘက်ကလည်း မြေပြင်တပ်တွေ အကျအဆုံးတွေရှိတယ်။ သူတို့အထိနာရင် လေကြောင်းတွေ၊ လက်နက်ကြီးတွေ ပိုသုံးပြီးဝင်လာတယ်။ ဒီဘက်ကတော့ ပစ်အားက အကန့်အသတ်ရှိနေသေးတယ်လေ။ အဓိကတော့ လက်နက်ခဲယမ်းတွေလိုတယ်” လို့ ၎င်းသတင်းရင်းမြစ်က ပြောပါတယ်။
ရှမ်းတောင်ပိုင်းနဲ့ ကရင်နီအစပ်မှာတည်ရှိပြီး တော်လှန်ရေးတပ်တွေစိုးမိုးထားတဲ့ မိုးဗြဲမြို့ကို စစ်ကောင်စီဟာ ဒီနှစ်ဆန်းပိုင်းမှာ အပြင်းအထန် စစ်ကြောင်းတိုက်ခိုက်လာတာပါ။
ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေအရ ခေါ်ယူထားတဲ့ စစ်သင်တန်းဆင်း တပ်သားသစ်ကို ပို့လွှတ်နေတာဖြစ်ပြီး လက်ရှိမှာ ၎င်းတပ်သားသစ်တွေထဲက ဘက်ပြောင်းခိုလှုံလာသူတွေ၊ လက်နက်မဲ့ ထွက်ပြေးတွေ အများအပြားရှိလာတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ပြီးခဲ့တဲ့လ ၁၈ ရက်က ထုတ်ပြန်ထားပါတယ်။
ပုံစာ – ကရင်နီဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ဦး
ဓါတ်ပုံ – MB-PDF

