ရန်ကုန် – ၂၀၂၃ ဒီဇင်ဘာ ၁၁
မီးဖိုချောင်သုံးဓာတ်ငွေ့ရည် LPG ဂတ်စ်တွေ ယခုသီတင်းပတ်အတွင်း တစ်နိုင်ငံလုံးအတိုင်းတာနဲ့ ပြတ်လပ်နေပြီး ဂတ်စ်အရောင်းဆိုင်အချို့လည်း ပိတ်ထားရတယ်လို့ ၎င်းအရောင်းဆိုင်တွေနဲ့ နေ့စဉ်အသုံးပြုနေသူတွေဆီက သိရပါတယ်။
“ ဆိုင်ကြီးတွေမှာကို မပေးနိုင်တော့တာ။ အရင်ရက်က နည်းနည်းပြန်ရပေမယ့် မလောက်ဘူးပေါ့။ Customer အားလုံးကို လိုသလောက်မရောင်းနိုင်ဘူး။ အရေးကြီးတဲ့ ဆိုင်တွေ၊ ကြိုမှာထားတဲ့ အော်ဒါတွေလောက်ပဲ ရောင်းပြီး ကုန်သွားတော့ ဆိုင်ပြန်ပိတ်ထားရတယ်” လို့ သာကေတမြို့နယ်မှာ ဂတ်စ်အရောင်းဆိုင် ဖွင့်လှစ်ထားသူတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် မီးဖိုချောင်သုံးဂတ်စ်ဈေးနှုန်းဟာ ယခုလဆန်းပိုင်းမှာ တစ်ပိဿာကို ကျပ် ၆,၀၀၀ ဝန်းကျင်မှာ ရှိနေရာက လက်ရှိမှာတော့ တစ်ပိဿာကို ကျပ် ၁၀,၀၀၀ နီးပါးထိ ဈေးမြင့်တက်နေတယ်လို့ ဂတ်စ်အရောင်းဆိုင်တွေဆီက သိရပါတယ်။
ပြည်တွင်းမှာ သုံးစွဲနေတဲ့အိမ်သုံးဂတ်စ်ကို ထိုင်းနိုင်ငံကနေ တင်သွင်းရောင်းချနေတာဖြစ်ပြီး လက်ရှိဖြစ်ပွားနေတဲ့ ငွေလဲလှယ်နှုန်းမြင့်တက်မှုတွေ၊ ဒေသတွင်း သယ်ယူပို့ဆောင်ရေးလမ်းကြောင်းမတည်ငြိမ်မှုတွေကြောင့် အခုလို ဂတ်စ်တင်သွင်းရောင်းချမှု ကျဆင်းလာပြီး စျေးလည်းတက်သွားတယ်လို့ ဂတ်စ်လက်လီလက်ကား ရောင်းချသူတွေက ပြောပါတယ်။
“အဓိကတော့ ထိုင်းဘတ်ဈေးကမငြိမ်တော့ ကုမ္ပဏီအကြီးတွေက တင်သွင်းတာ လျှော့လိုက်ပုံရတယ်။ အခုကျွန်တော်တို့ ဆိုင်တွေကို ပြန်ရောင်းပေးတဲ့ ခွဲတမ်းက အရင်လိုမရတော့ဘူး။ ပြောရရင် ရှေ့လကုန်ပိုင်းတည်းက (နိုဝင်ဘာလ) စပြီး ခွဲတမ်းတွေလျော့လာတာ” လို့ အိမ်သုံးဂတ်စ်လက်လီရောင်းချသူတစ်ဦးက ရှင်းပြပါတယ်။
ရန်ကုန်မြို့မှာ ယခုရက်ပိုင်းအတွင်း လျှပ်စစ်မီးပြတ်တဲ့ အချိန်က များလာတာကြောင့် မီးဖိုချောင်သုံးဂတ်စ်ကို ပိုမိုအသုံးပြုပြီး ချက်ပြုတ်လာရတယ်လို့ တောင်ဒဂုံမြို့နယ်က လက်ဖက်ရည်ဆိုင်ဖွင့်လှစ်ထားသူတစ်ဦးက ပြောပါတယ်။
“ အခုက ဂတ်စ်မရှိလို့မဖြစ်ဘူး။ မီးက လာကို မလာတော့ဘူး။ ဂတ်စ်နဲ့ပဲ ချက်နေတာလေ။ ဈေးကတက်သွားတာတော့ နှစ်ခါလောက်ရှိပြီ။ အခုရက်ပိုင်းလည်း ဝယ်မရဘူးဖြစ်နေလို့ ဂတ်စ်ဆိုင်မှာ ကြိုပြီး မှာထားရတယ်” လို့ ၎င်းက ပြောပါတယ်။
တောင်ဒဂုံမြို့နယ်က အိမ်ရှင်မတစ်ဦးဖြစ်တဲ့ မယွန်းယွန်းကတော့ သူတို့မြို့နယ်အတွင်းမှာ လျှပ်စစ်မီးဟာ အရင်ရက်တွေထက် ပိုမိုပြတ်တောက်နေတာကြောင့် ထမင်းဟင်း ချက်ပြုတ်ရာမှာ ဂတ်စ်ကိုပဲ အဓိကထားအသုံးပြုနေရတယ်လို့ ပြောပါတယ်။
“ဂတ်စ်က ပုံမှန်ဆောင်ထားရတယ်။ မီးက အခုနောက်ပိုင်းပိုပြတ်လာတယ်။ လာရင်လည်း လူအိပ်ချိန်မှ လာတယ်” လို့ ၎င်းက ပြောပါတယ်။
ရန်ကုန်မြို့မှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လျှပ်စစ်မီးပြတ်တောက်မှု၊ စက်သုံးဆီပြတ်လပ်မှုတွေ အဆိုးဝါးဆုံးအခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။
ပုံစာ – LPG ဓာတ်ငွေ့အရောင်းဆိုင်မှ ဂတ်စ်အိုးများ
ဓာတ်ပုံ – The Best ဂတ်စ်ရောင်းဝယ်ရေး

