မိုးကုတ် – ၂၀၂၃ ဇူလိုင် ၈ (မော်ကွန်း)
မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ ပြည်သူ့ဆေးရုံကြီးမှာ ဇွန်လကုန်အတွင်းအာဏာသိမ်းစစ်တပ်ရဲ့ဒဏ်ရာရစစ်သား ၃၀ ကျော် လာရောက်ဆေးကုတဲ့အချိန် သတင်းပေါက်ကြားမှာစိုးတာကြောင့် အခြားဆေးကုသမှုခံယူနေတဲ့ လူနာတွေကို ဆေးရုံဆင်းခိုင်းခဲ့တယ်လို့ အမည်မဖော်လိုသူဒေသခံတွေဆီကသိရပါတယ်။
“သူတို့ဒဏ်ရာရစစ်သားများတယ်၊ ဆေးရုံအပေါ်ထပ်မှာ လာကုတာ၊ နည်းနည်းကောင်းတဲ့ လူနာတွေဆို ဆေးရုံတန်းဆင်းခိုင်းလိုက်တာ၊ မကောင်းသေးတဲ့သူဆိုရင် မန္တလေးဘက်ကိုလွှဲလိုက်တယ်”လို့ အမည်မဖော်လိုတဲ့ ဆေးရုံဝန်ထမ်းတစ်ဦးကပြောပါတယ်။
မိုးကုတ်မြို့၊ အုံဒန်ကျေးရွာမှာရှိတဲ့ အာဏာသိမ်းတပ်စခန်းက စစ်သားတွေ ဇွန်လ ၂၀ရက်နေ့က မိုးကုတ်အခြေပြုတပ်ရင်း များအဖွဲ့က ဝင်ရောက်တိုက်ခိုက်တာကိုခံခဲ့ရပြီးနောက် စစ်သား ၃၀ ကျော်ထိခိုက်ဒဏ်ရာရခဲ့တာလို့ မိုးကုတ်အခြေပြုတပ်ရင်းများက သတင်းထုတ်ပြန်ထားပါတယ်။
“ခုက လူနာတော့လက်ခံတယ်၊ သူတို့ ကြည့်မပေးချင်တဲ့လူနာဆိုမကြည့်ပေးဘူးတဲ့၊ ကလေးပျက်ကျတဲ့ မိခင်တစ်ယောက်ကိုလည်း မကုပေးဘဲ ပစ်ထားလို့ပြသနာတက်ကြသေးတယ်၊ အဲ့ဒါ တခြား ခုနစ်မိုင်ဆေးရုံကိုလွှဲလိုက်တာပဲ”လို့ မိုးကုတ်မြို့တွင်း ဒေသခံအမျိုးသမီးတစ်ယောက်ကပြောပါတယ်။
မိုးကုတ်မြို့၊ လယ်ကြီးစစ်ဆေးရေးဂိတ်က စစ်သားတွေလည်း ၂၀၂၃ ဧပြီ ၇ရက်တုန်းက ပစ်ခတ်တိုက်ခတ်ခံခဲ့ရပြီး ထိခိုက်ဒဏ်ရာရတဲ့စစ်သားတွေရဲ့ သတင်းထွက်မှာစိုးရိမ်တာကြောင့် မြို့တွင်းဘုန်းကြီးကျောင်းတစ်ခုမှာ တိတ်တဆိတ်ဆေးကုသခဲ့တယ်လို့ အမည်မဖော်လိုတဲ့ဆေးရုံနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။
” အဲ့အချိန်တုန်းကလည်း သူတို့နေတဲ့နေရာကိုဆရာဝန်တွေကသွားပြီးကုပေးရတာ”လို့ သူကပြောပါတယ်။
မိုးကုတ်မြို့၊ ဗမွန်ကျေးရွာဘုန်းတော်ကြီးကျောင်းမှ ာတပ်စွဲထားတဲ့စစ်သားတွေကိုလည်း ဇူလိုင် ၇ရက်က မိုးမိတ်ခရိုင် KPDF တပ်ရင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ ထိခိုက်ဒဏ်ရာရသူတွေရှိတယ်လို့ သတင်းထုတ်ပြန်ထားပြီး ဘယ်နေရာမှာဆေးကုနေတယ်ဆိုတာကိုတော့မသိရသေးပါဘူး။
#Dailynews