မိုးကုတ် – ၂၀၂၂ ဩဂုတ် ၁၁ (မော်ကွန်း)
ဩဂုတ်လဆန်းက မိုးကုတ်မြို့၊ ပိန်းပြစ်ကျေးရွာသား ၈၀ ဝန်းကျင်ကို တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)က ဖမ်းဆီးသွားပြီး အမျိုးသားတချို့ကို တပ်သားအဖြစ်ခေါ်ယူထားကာ တချို့ကိုပြန်လွှတ်ပေးပေမယ့် အမျိုးသမီးတွေကိုတော့ ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ကြောင်း လွတ်မြောက်လာသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
သြဂုတ်လ ၃ရက်နေ့ညနေပိုင်းမှာ TNLA ကအင်အား တစ်ရာကျော်နဲ့ ပိန်းပြစ်ကျေးရွာက ရွာသူရွာသားတွေကို တပ်သားစုဆောင်းဖို့ သေနတ်ပြ ဖမ်းခေါ်သွားခဲ့တာလို့ သူကပြောပါတယ်။
အမျိုးသားဦးရေ ၆၀ ဝန်းကျင်၊ အမျိုးသမီး ၂၁ ဦး၊ ကလေးနှစ်ဦးနဲ့ အသက်၅၀ အထက်ရှိသူတွေအပြင် ကိုယ်ဝန်ဆောင်နှစ်ဦးလည်း ပါဝင်ပါတယ်။
အမျိုးသား ၂၈ ဦးကို TNLA တပ်သားအဖြစ်ခေါ်ဆောင်ထားကာ ၃၀ ကျော်ပြန်လွှတ်ပေးခဲ့တယ်လို့ သတင်းရင်းမြစ်ကပြောပါတယ်။
အမျိုးသမီးအားလုံးကို ပြန်လွှတ်မပေးဘဲ အမျိုးသမီးတွေ ထားတဲ့အခန်းထဲကို ညအိပ်ချိန် TNLA အရာရှိတစ်ဦးက ဝင်ရောက်အိပ်စက်ဖို့ ကြိုးစားခဲ့ကြောင်း သူကပြောပါတယ်။
ဒီကိစ္စတွေကို မေးမြန်းဖို့ TNLA ရဲ့ပြောဆိုခွင့်ရှိသူကို အခုသတင်းမတင်မီ နောက်ဆုံးအချိန်ထိ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။
အဖမ်းခံရသူတွေထဲမှာ ပလောင်၊ရှမ်း၊ဗမာ၊လီဆူစတဲ့ လူမျိုးတွေပါဝင်နေတယ်လို့ သူကပြောပါတယ်။
” အဲ့နေ့က အင်အားအများကြီးနဲ့ ရောက်လာပြီးရှိတဲ့သူအကုန် သေနတ်ပြ ဖမ်းသွားတာ၊ညနေ ၆:၀၀နာရီလောက်ကစပြီး ခေါ်သွားတာ မနက် ၁:၀၀နာရီမှ သူတို့နေရာကိုရောက်တယ်၊ရေလည်းမတိုက်ဘူး၊ လမ်းမှာမြင်လည်းမမြင်ရဘူး၊ကိုယ်ဝန်ဆောင်သည်တွေကိုလည်းပေးမနားဘူး “လို့ လွတ်လာသူကပြောပါတယ်။
ဖမ်းဆီးသွားပြီးနောက် ရေလည်းမတိုက်သလို နောက်တစ်ရက်နေ့ခင်းမှ ထမင်းတစ်နပ်ကျွေးခဲ့တယ်လို့ ပြောပါတယ်။
” ပြန်လွတ်လာတာတွေရှိတယ်၊ နည်းနည်းပေါ့၊ခု သူတို့က တစ်အိမ်မှာ သမီးရှိရင်သမီး၊သားရှိရင်သားတပ်သားစုဆောင်းဖို့ခေါ်တယ်၊ မပေးနိုင်ဘူးဆိုရင် လေးသိန်းတောင်းတယ်၊ တောင်းတဲ့သူတော့မတူဘူး၊ တချိို့ကျတော့လည်း နှစ်သိန်းတောင်းတယ်”လို့ ငွေ ၄သိန်းပေးခဲ့ရတဲ့ ရွာသားတစ်ဦးကပြောပါတယ်။
ပိန်းပြစ်ရွာအနီးက ရွာသားတစ်ဦးကလည်း “ခုချိန် အာဏာရှင်ကိုလက်နက်ကိုင်တော်လှန်နေပါတယ်ဆို သူတို့ကလက်နက်မရှိတဲ့ ပြည်သူတွေကိုငွေညှစ်နေတယ်၊ အရင်ကသူတို့ကို လေးစားခဲ့တဲ့စိတ်တွေပျောက်ကွယ်သွားပြီ”လို့ပြောပါတယ်။
TNLA တပ်သားတွေ ဖမ်းဆီးသွားတဲ့အထဲမှာ အမျိုးသမီးတွေပါတာကြောင့် မိသားစုဝင်တွေက စိုးရိမ်နေကြပါတယ်။
ပုံစာ – အဖမ်းခံထားရသူများ ငွေပေးကာ လူပြန်ရွေးနေရသည့်မြင်ကွင်း။
ဓာတ်ပုံ – Supplied
#Dailynews

